အညာဒေသရဲ့ အရပ်ဇာတ်(၉)
မောင်ဧက
(မျက်မှောက်ခေတ်)
“ငါ့ကောင်ကြီးရေ ငါတို့အခြေနေကတော့အဲ့လိုပဲကွာ၊ဘာမှ ဧည့်ခံစရာ၊ကျွေးမွေးစရာ မရှိတော့ဘူး၊ဒါပေမယ့်အားမငယ်နဲ့ငါဘာမှ မကျွေးနိုင်ပေမယ့် ဒီအထိ ရောက်အောင်လာရတော့ မင်းလည်းညောင်းနေမှာပဲ “မှောက်ကွာ” “ငါ နင်းပေးမယ်”
အညာကျေးလက်ဘုရားပွဲရဲ့ အရပ်ဇာတ်ပွဲမှာအပျို တော်၊မြန်မာသံစဉ်၊အော်ပရာ၊စတိတ်ရှိုး၊ပြဇာတ် နဲ့ နောက်ပိုင်း ဆိုပြီး ကပြဖျော်ဖြေကြတတ်ကြပါတယ်။
တခါတလေမှာတော့ တခန်းရပ် ပြဇာတ်ဆိုပြီးရယ် စရာ၊တွေးစရာ ဇာတ်လမ်းတိုလေးနဲ့ ကပြဖျော်ဖြေကြပါတယ်။
တခန်းရပ် ပြဇာတ်ကို အရပ်ဇာတ်ပွဲ မကြည့်ဖူးတဲ့ အခုခေတ်လူငယ်တွေ သဘောပေါက်ဖို့ အတွက် ဉပမာပြောရရင်တစ်တော့ဇာတ်လမ်းတိုသဘောပါပဲ။
အညာဒေသ အရပ်ဇာတ်ပွဲရဲ့ တခန်းရပ်ပြဇာတ်က ဒီလိုပါ။
ဇာတ်ခုံကားလိပ် ဖွင့်လိုက်တဲ့အချိန်မှာ အညာကလင်မယားနှစ်ယောက် နှိပ်နယ်ပေးရင်း စကားပြောနေကြပါတယ်။
“ခါးရိုး နှိပ်ပါဟ မိန်းမရ ၊ ပျိုးနှုတ်ရတာ ညော
င်းလို့ပါ”
မိန်းမဖြစ်သူကလည်း “အမလေးတော် ကျုပ်လည်း အိမ်မှာနေရလို့ အားတယ်ထင်မနေပါနဲ့၊တော့်သားသမီးတွေ ထမင်းကျွေးရတယ်၊အ၀တ်လျှော်ရတယ်၊တော်ပြန်လာတာနဲ့ စားလို့ရအောင် ချက်ရပြုတ်ရတယ်”
တခန်းရပ်ပြဇာတ်ဖြစ်တာမို့ ကားလိပ်ဖွင့်တာနဲ့ဇာတ် လမ်းကပေးချင်တဲ့ အတွေးကို သိရဖို့ တိုတိုရှင်းရှင်းပဲ ကပြဖျော်ဖြေကြတာဖြစ်ပါတယ်။
နောက်ခံပန်းချီ ကားလိပ်က တဲအိမ်လေးရဲ့ရှေ့မှာ လင်မယားနှစ်ယောက် အပြန်အလှန်စကားပြောနေချိန်မှာလူတစ်ယောက်၀င်လာပါတယ်။
မိန်းမဖြစ်သူရဲ့နှိပ်နယ်ပေးမှုကို ခံယူနေတဲ့ အိမ်ရှင်ယောက်ျားဖြစ်တဲ့သူက ၀င်လာတဲ့ လူကိုမြင်လိုက်တဲ့အချိန်မှာ အနှိပ်ခံနေရာကနေ ထပြီး”မိန်းမ လက္ဘက် သုပ်ဟ၊ ဒါ ငါ့ကောင်ကြီး”အိမ်ရှင် ယောက်ျား ဖြစ်သူပြောလိုက်တဲ့ “ဒါငါ့ကောင်ကြီးဆိုတာ ဘယ်သူလည်း၊ ဘာကောင်ကြီးလည်းဆိုတာ မသိပါဘူး။
မိန်းမဖြစ်တဲ့သူက “လက္ဘက်က တော်ထမင်းစားဖို့ ဟင်းမရှိလို့ သုပ်ပေးလိုက်တာလေ၊ ကုန်ပြီတော့”လို့ ပြန်ပြောတယ်။
“ဒါဆို ထမင်းခူးဟာ ငါ့ကောင်ကြီး ဒီအထိလာရတာ ဗိုက်ဆာနေမှာ”
မိန်းမဖြစ်တဲ့သူက “တော် ပျိုးနုတ်ပြီးပြန်လာလို့ စားလိုက်တာ ကုန်ပြီတော့” လို့ ပြောတော့အိမ်ရောက်လာတဲ့”ငါ့ကောင်ကြီး”ကို အိမ်ရှင်ယောက်ျားက ” ငါ့ကောင်ကြီးရေ ငါတို့အခြေနေကတော့အဲ့လိုပဲကွာ၊ဘာမှ ဧည့်ခံစရာ၊ကျွေးမွေးစရာ မရှိတော့ဘူး၊ဒါပေမယ့်အား မငယ်နဲ့ငါဘာမှ မကျွေးနိုင်ပေမယ့် ဒီအထိ ရောက်အောင်လာရတော့ မင်းလည်းညောင်းနေမှာပဲ “မှောက်ကွာ” “ငါ နင်းပေးမယ်” ဇာတ်ခုံပေါ်က အနီရောင်ကားလိပ်ကြီးချလိုက်ပါတယ်။
ဒါက အညာဒေသရဲ့တခန်းရပ်ပြဇာတ် ဖြစ်ပါတယ်။
#မောင်ဧက