Home > Uncategorized > အစိမ်းရောင်စစ်ကားတွေ

အစိမ်းရောင်စစ်ကားတွေ

အစိမ်းရောင်စစ်ကားတွေ

လွှားအောင်(စစ်ကိုင်း)

(မျက်မှောက်ခေတ် ဆောင်းပါး)

သိမ်းချင်ရင် အမှိုက်သိမ်းဆိုတာ နားမထောင်ဘဲ စစ်တပ်က အာဏာသိမ်းသွားတော့ ငါးပါးပါမက တနိုင်ငံလုံး မှောက်ကုန်တော့တယ်။

ကဗျာဆရာ အောင်ခင်မြင့်ရဲ့ တကယ်မရှိသောနှစ်တွေ ပြန်လို့ရောက်ရှိလာတယ် ပိတ်ပိတ်ပိန်းသော အမှောင်ဟာ သည်လောက်မှောင်မယ်လို့ ဘယ်ထင်ခဲ့မိမှာလဲ။

အလင်းတစတောင် မမြင်နိုင်သေးပဲ ရှေ့ဆက်တိုးခဲ့ကြရတယ် အမြင့်မားဆုံး မီးတောက်တွေကတော့ တရွာလုံးပြာချနေတဲ့ စစ်ကောင်စီရဲ့ လက်ချက် မြို့ရွာအနှံ့ရှို့မီးတွေ။

ရက်စက်ယုတ်မာမှုတွေ ဆက်တိုက်ရောက်လာတယ်။ ရပ်ကွက်တွေထဲ လမ်းမတွေထက်မှာ စစ်ကားတွေရောက်လာတယ်။ အဲ့ဒီမှာ အစိမ်းရောင်စစ်ကားတွေကို မြင်ရင် အသည်းခိုက်အောင်နာတဲ့ဝေဒနာဟာ စွဲကပ်လာတော့တယ်။

အမှောင်ညတွေပိုရှည်လာခဲ့တယ်။ အိပ်မပျော်ညတွေ။ သေသွားတဲ့ နွေဦးရဲဘော်တွေရဲ့ ဝိဉာဉ်တွေ။ အရှင်လတ်လတ် မီးရှို့ခံလိုက်ရတဲ့ကလေးတွေ။ လက်ပြန်ကြိုးတုပ်ပြီး အသေပစ်သတ်ခံခဲ့ရတဲ့ပြည်သူတွေ။ အလွတ်ကြီးခုန်ချပြီး လွတ်မြောက်ရာပြေးထွက်သွားကြသူတွေ။

သူတို့ဟာ အိပ်မပျော်ညတွေနဲ့အတူရှိနေခဲ့တယ်။ သူတို့နဲ့မရင်းနှီးခဲ့ပေမဲ့ စိတ်ထဲလစ်ဟာနေမှုဟာ ဘာနဲ့မှဖြည့်လို့မရခဲ့ ရှင်သန်နေရခြင်းက လိပ်ပြာလုံခြင်းကိုနှောက်ယှက်နေခဲ့တယ်။

အသက်တွေ၊ ချွေးတွေ ကိုယ်ခန္ဓာတွေ၊ နုပျိုခြင်းတွေ၊ အနာဂါတ်တွေ၊ အိမ်မက်တွေ၊ အရာအားလုံးစွန့်လွှတ်ပြီး တော်လှန်ရေးမှာပါဝင်ခဲ့ကြသူတွေ၊ ထိုသူတွေကိုကြည့်ပြီး စိတ်အားငယ်နေမိခဲ့တယ် သူတို့လောက် မစွမ်းနိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရသလို စစ်စိမ်းရောင်ကားတွေ ပတ်မောင်းနေတဲ့ ၀န်းကျင်မှာပဲ ကုတ်ကပ်ပြီးရှင်သန်ဖို့ကြိုးစားနေမိတဲ့အဖြစ်ကို အားမလိုအားမရ ဖြစ်နေမိတယ်။

မနက်မိုးလင်းတာနဲ့ မြို့ပြမှာတွေ့ရတာက သေနတ်ကြီးတွေ ချိန်ပြီး မြို့ပတ်နေတဲ့စစ်ကားတွေ။ အကြိမ်ကြိမ်အခါခါ စိတ်ထဲကနေ လက်ပစ်ဗုံးနဲ့ထုတယ်။ စက်တင်းဂန်းနဲ့ဆွဲတယ်။ အပြင်လက်တွေ့ဘ၀မှာတော့ သူတို့မသေဘူးပေါ့လေ တကယ်က သူတို့အကြိမ်အခါခါသေးပြီးသား။

ဇွန်ဘီတွေလိုမသေနိုင်တော့တာလား ပြဇာတ်ထဲကလိုသေပြီးသားသူတွေပြန်ထလာကြတာလား စစ်သားတွေဟာ မကုန်နိုင်ဘူး သူတို့ရုပ်ကြည့်တော့ သေပြီးသားမျက်နှာတွေ စစ်စိမ်းရောင်ကားတွေထက်မှာ မျက်နှာသေတွေနဲ့။

လူသားတယောက်ဂာ ဘယ်လောက်ထိ ရက်စက်ယုတ်မာနိုင်လဲဆိုတာ မျက်ဝါးထင်ထင်မြင်ရတဲ့နေ့ရကိတွေ။ အသိဉာဏ်မဲ့ လူအုပ်ကြီးဟာ သိပ်ကြောက်စရာကောင်းပါလားဆိုတာလက်တွေ့ကြုံခဲ့ရတဲ့နေ့ရက်တွေ။အသက်တွေပြန်လျော်ပေးဖို့ ဘ၀တွေပြန်လျော်ပေးဖို့ စစ်စိမ်းရောင်ကားတွေ လမ်းမထက်မှာ မရှိမှဖြစ်မယ်ထင်တယ်။ လျော်လို့လည်း ပြန်မပြည့်နိုင်တော့တဲ့ဘ၀တွေ။

#လွှားအောင်(စစ်ကိုင်း)
ဓာတ်ပုံ-ပုံဟောင်း(ရန်ကုန် လှည်းတန်းစင်တာရှေ့ရပ်ထားတဲ့ စစ်ကားများ)

error: Content is protected !!