မြန်မာ့ပညာရေး လိုအပ်ချက်များစွာထဲက အရေးအကြီးဆုံးအရာတခု
တက်နေထွန်း
(မျက်မှောက်ခေတ် ဆောင်းပါး)
လွတ်မြောက်နယ်မြေတွေ၊ စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားကြတဲ့ စာသင်ကျောင်းတွေမှာ လိုအပ်ချက်တွေများစွာရှိကြပါတယ်။ ပထမဦးဆုံးအနေနဲ့ အဆောက်အဦးတွေဟာ ကျောင်းတစ်ကျောင်းရဲ့ အဆောက်အဦးမျိုးဖြစ်ဖို့ဝေးစွ၊ တဲတန်းရှည်ကြီးတွေ ဆောက်ပြီးသင်ကြရတယ်။ တချို့ကျောင်းတွေဆို မိုးကာမိုး၊ ပိတ်စကာ အဆောက်အဦးတွေပါ။ နေပူရင် အပူဒဏ်ကိုခံစားရပြီး ၊ မိုးရွာရင် မိုးကာအပေါက်တွေကနေ မိုးယိုပါတယ်။
နောက်တစ်ခုက သင်ထောက်ကူပစ္စည်းလိုအပ်ချက်ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေက ကျေးရွာတွေမှာ စာသင်ကျောင်းမှာရှိတဲ့ သင်ပုန်း၊ဝှိုက်ဘုတ်တို့ကို အလွယ်တကူယူသုံးလို့ရပေမယ့် စစ်ရှောင်စခန်းတွေမှာကြတော့ ရရာ သင်ပုန်းကိုသုံးကြရတာပါ။ တချို့သင်ပုန်းတွေက အရွယ်အစားသေးလွန်းတာ၊ တချို့က ပေါက်ပြဲနေတာ၊ ဖြေဖြူတွေက စိုထိုင်းပြီးရေးမကောင်းတာ၊ မာကာလုပ်လောက်မှုမရှိတာ စတာတွေကို သင်ကြားတဲ့ဆရာ၊ဆရာမတွေရင်ဆိုင်နေကြရတာပါ။
ကလေးတွေအတွက် ဗလာစာအုပ်၊ခဲတံ၊ဘောပင် လိုအပ်ချက်တွေကို အဓိကရင်ဆိုင်နေကြရတာက စစ်ရှောင်စခန်းတွေမှာဖြစ်ပါတယ်။ တချို့နေရာတွေဆို Grade 12 ပုံနိုပ်စာအုပ်တွေတောင် ရရှိတာမျိုးမရှိသေးပါဘူး။ Grade 11 အထိ စစ်ကောင်စီကျောင်းတွေနဲ့ သင်ရိုးပြဌာန်းစာအုပ်တူပေမယ့် Grade 12 ကျတော့ NUG ပညာရေးဌာကန ပြဌာန်းတဲ့စာအုပ်တွေကိုသုံးကြရတာပါ။ ဒီတော့ Grade 12 စာအုပ်တွေဟာ လမ်းခရီးခက်ခဲတာကစ အခက်အခဲအမျိုးမျိုးကြောင့် ကြံ့ကြာနေကြတာဖြစ်မှာပါ။
လွတ်မြောက်နယ်မြေနေရာတချို့နှင့် စစ်ရှောင်စခန်းတွေမှာ ပညာသင်ကြားနေကြတဲ့ KG တန်းကလေးငယ်တွေအတွက်ကတော့ စာသင်ခန်းအကျယ်အဝန်း၊ သူတို့အတွက် သင်ထောက်ကူပစ္စည်းတွေဟာ ဘယ်လိုမှ လုံလောက်ခြင်းမရှိသလို လိုအပ်ချက်ကြီးမားလှပါတယ်။
အထက်မှာဖော်ပြခဲ့တာတွေက ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ၊ စစ်ရှောင်စခန်းက ကျောင်းတွေကို သွားရင် ဒီလိုအပ်ချက်တွေဟာ ထင်သာမြင်သာရှိပြီး ဒီလိုအပ်ချက်တွေ တတ်နိုင်သမျှပြည့်စုံဖို့ တောင်းဆိုကြ၊ အားထုတ်ကြတာကိုတွေ့မြင်ရပါတယ်။ ဒီလိုရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံအောင်ကြိုးစားနေရင်းနဲ့ လုံးဝဂရုမစိုက်နိုင်တဲ့ အရာတစ်ခုက ကျန်နေခဲ့ပါတော့တယ်။ အဲ့ဒီကျန်နေခဲ့တဲ့အရာက အရေးအကြီးဆုံးဖြစ်နေတယ်ဆိုတာ ဆရာ၊ဆရာမတိုင်းသတိထားမိမယ် မထင်ပါဘူး။ အဲ့ဒါကတော့ ဆရာ၊ဆရာမတွေ အရည်အသွေးတိုးတက်လာအောင် ဘယ်လိုလုပ်ပေးမလဲ။ သင်ကြားနည်းစနစ်တွေ တတ်မြောက်အောင် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေနှင့် စစ်ရှောင်စခန်းက ကျောင်းတွေမှာ CDM ဆရာ၊ဆရာမ တွေက ဦးဆောင်ပြီး ဘော်လန်တီယာဆရာ၊ဆရာမတွေနဲ့ သင်ကြားနေကြရတာဖြစ်ပါတယ်။ ဘော်လန်တီယာ ဆရာ၊ဆရာမတွေကို ထားဦး၊ အရင်ကတည်းက ဆရာလုပ်သက်ရှိပြီးသားသူတွေအဖို့တောင် လက်ရှိအနေအထားတော်လှန်ရေးကာလမှာ ပညာသင်ကြားမှုက စိန်ခေါ်မှုကြီးမားပါတယ်။ သင်ကြားရေးလုပ်ငန်းမှာ ပုံမှန်အခြေအနေက နည်းစနစ်တွေ၊ ဆုံးမစကားတွေ၊ အပြုအမူတွေနဲ့သွားလို့ အဆင်မပြေနိုင်ပါဘူး။ ကလေးတစ်ယောက်ချင်းရဲ့ စိတ်အခြေအနေကို ဆရာ၊ဆရာမတွေအနေနဲ့ အထူးဂရုစိုက်သင့်တဲ့ကာလဖြစ်ပါတယ်။
ဒါကြောင့် ဆရာ၊ဆရာမတွေရဲ့ အရည်အသွေးတိုးတက်ဖို့ကို စီမံကိန်းတစ်ခုအနေနဲ့ သီးသန့်ရေးဆွဲပြီး NUG အနေနဲ့ အကောင်အထည်ဖော်သင့်ပါတယ်။ တစ်နှစ်တစ်ခါ ရက်တိုသင်တန်းပေးတာလောက်နဲ့တော့ ထိရောက်မှုရှိမှာမဟုတ်ပါဘူး။ တကယ်တော့ ပညာရေးမှာ ဆရာ၊ဆရာမတွေရဲ့ အရည်အသွေး၊ စိတ်နေသဘောထားက အရေးအကြီးဆုံးပါ။ ဒီတော့ ဆရာ၊ဆရာမတွေအနေနဲ့ ကိုယ့်အရည်အသွေးတိုးတက်အောင် အတတ်နိုင်ဆုံး ကြိုးစားသင့်သလို သင်ကြားနည်းစနစ် တွေကျွမ်းကျင်တတ်မြောက်ဖို့အတွက် သင်တန်းတွေကိုလည်းတောင်းဆိုသင့်ပါတယ်။
ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်ဟာလည်း အရေးကြီးတာမှန်ပေမယ့် ဆရာ၊ဆရာမတွေရဲ့ အရည်အသွေးကပိုအရေးကြီးတယ်လို့ပဲ စာရေးသူကယုံကြည်ပါတယ်။ ဆရာ၊ဆရာမတချို့နဲ့စကားပြောကြည့်တဲ့အခါမှာလည်း ရုပ်ဝတ္ထုလိုအပ်ချက်တွေအကြောင်းသာကြားရတာများပြီး သင်ကြားနည်းစနစ်အကြောင်းဆွေးနွေးတာက တကယ့်အနည်းစုလေးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အဲ့ဒီတော့ ပညာရေးကိုတကယ်နားလည်တဲ့ တာဝန်ရှိသူတွေက ဒီကိစ္စကို လေးလေးနက်နက်သဘောထားပြီး ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ ကလေးတွေရဲ့ အနာဂတ်ကို လမ်းကြောင်းပေးမယ့် သူတွေဟာ အရည်အသွေးတောက်ပြောင်အောင် ကိုယ်တိုင်လည်းကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
#တက်နေထွန်း