Home > Uncategorized > တော်လှန်ရေးတပ်ဖွဲ့၀င်တွေ ပြည်သူလူထုရဲ့လုံခြုံ ရေးကို အထူးဂရုပြုစေချင်

တော်လှန်ရေးတပ်ဖွဲ့၀င်တွေ ပြည်သူလူထုရဲ့လုံခြုံ ရေးကို အထူးဂရုပြုစေချင်

တော်လှန်ရေးတပ်ဖွဲ့၀င်တွေ ပြည်သူလူထုရဲ့လုံခြုံ ရေးကို အထူးဂရုပြုစေချင်

မျက်မှောက်ခေတ်

ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေအနေ နဲပြည်သူ လူထုထိခိုက်မှု နည်းနိုင်သမျှနည်းဖို့အတွက် ပိုမို သတိထားဆောင်ရွက်ကြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

ပြည်သူ့တော်လှန်ရေး၊ပြည်သူလူထု ထောက်ခံမှု၊ ပြည်သူထောက်ပံ့လှူဒါန်းမှုနဲ့ အာဏာသိမ်းစစ်တပ်ကို အသက်၊ခန္ဓာပေးဆပ်ပြီး တော်လှန်နေကြတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဟာကိုယ့်ရဲ့ လုံခြုံရေးနဲ့ထပ်တူ ပြည်သူလူထုရဲ့လုံခြုံရေးကိုလည်းအထူးဂရုစိုက်ကြဖို့ လိုအပ်ပါတယ်။

မုံရွာဒေသတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တာထက် လက်နက်ကြီး၊ဒရုန်းစတာတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်လာတဲ့အတွက် အပြစ်မဲ့ ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိလာပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုထိခိုက်မှု အနည်းဆုံးဖြစ်ဖို့အတွက် ရှေးရှုပြီးဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်က ကိုစိုး၀င်းဆွေ ကထောက်ပြပါတယ်။

“ရန်သူ(စကစ)စခန်းတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေ၊လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါ သူတို့ဘက်က တည်နေရာထောက်ပြီးတန်ပြန် ပြန်ပစ်တာတွေရှိတယ်။အဲ့ဒါနဲပတ်သက်ပြီး (၂)ချက် အကြံပြုချင်တယ်။ ကိုယ်ပစ်တဲ့နေရာက ပြည်သူလူထုရှိတဲ့ ရပ်ရွာတွေထဲကနေ မပစ်ဖို့ လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ လူသူမရှိတဲ့နေရာက ပစ်ရင်လည်းပစ်ပြီးတာနဲ့နေရာချက်ချင်ရွေ့ဖို့ လိုတယ်။မရွေ့နိုင်ရင်တောင် သူတို့ဘက်ကပြန်ပစ်လာနိုင်တဲ့လက်နက် ကြီး ဒဏ်ကိုခံနိုင်မယ့် ကတုတ်ကျင်းလိုဘန်ကာလိုနေရာမျိုးတွေ ရှိဖို့လိုပါလိမ့်မယ်၊ဒါမှသာ ကိုယ့်အတွက် အန္တရာယ်ကင်းမှာ”လို့ ကိုစိုး၀င်းဆွေက ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ပစ်ခတ်လာတဲ့ အရပ်မျက်နှာဘက်ကို တန်ပြန်ပစ်ခတ်မှုတွေပြုလုပ်လာသလို တော်လှန်ရေးတပ်ဖွဲ့တွေ စုဖွဲ့နေလေ့ရှိတဲ့နေရာတွေကို လက်နက် ကြီး၊ဒရုန်း စတာတွေအသုံးပြုတိုက်ခိုက်လာတာကို မြေပြင်မှာ တွေ့ကြုံခံစားနေကြရတာပါ။

မတရားအာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  အပြန်အလှန် ပစ်ခတ်မှုကြောင့်ပြည်သူလူထုထိခိုက်သေဆုံးမှုတွေရှိတတ်တာမှန်ပေမယ့် လက်နက်မဲ့ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် သတိထားဆောင်ရွက်ကြဖို့လိုအပ်တယ်လို့လည်း ကိုစိုး၀င်းဆွေ က ပြောပါတယ်။

“စစ်ဖြစ်နေတာဆိုတော့ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အနည်းနဲ့အများ ရှိမှာပါပဲ။တစ်ရာ ရာခိုင်နှုန်း မထိခိုက်၊ မနစ်နာ အောင်ဆိုရင်တော့ မတိုက်ဘဲနေကြရုံရှိတာပေါ့။သို့ပေမယ့်ပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ စဉ်းစားချက်၊ပြည်သူ့လုံခြုံရေးကို ရှေးရှုပြီး တိုက်ပွဲတွေဖော်ဆောင်ကြမယ်ဆိုရင် ကောင်းပါတယ်။အဲ့လိုပဲအမြဲစဉ်းစားသင့်တယ်”လို့ စစ်ကိုင်း ပြည်သူဖေးမကူကွန်ယက်က ကိုစိုး၀င်းဆွေ က ပြော
ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကိုင်ပြီးတော်လှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ပြည်သူလူထုရှိတဲ့ ရွာတွေ၊ရပ်ကွက်တွေထဲကနေ လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာဟာ အပြစ်မဲ့ဒေသခံပြည်သူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့၀င်တွေအနေနဲ့ ယူနီ ဖောင်းအပြည့်အစုံနဲ့လက်နက်ကိုင်ဆောင်ပြီး အများပြည်သူရှိတဲ့နေရာတွေ၊လက်ဖက်ရည်ဆိုင်တွေမှာ ၀င်၊ထွက်သွားလာနေတာဟာလည်း စစ်ကောင်စီအတွက် ပစ်မှတ်တည်နေရာဖော်ပြပေးနေသလိုဖြစ်နေတယ်လို့ ကိုစိုး၀င်းဆွေက ထောက်ပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာဒေသတွင်းမှာတိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက် ခိုက်နေတာကြောင့် အခုရက်ပိုင်းအတွင်းအပြစ်မဲ့ဒေသခံပြည်သူ ထိခိုက်သေဆုံးသူအများအပြားရှိနေပြီဖြစ်ပါတယ်။
error: Content is protected !!