Home > သတင်း > တောင်သူလယ်သမား/အလုပ်သမားရေးရာ > ကနီမြို့နယ်တွင် ရေပြတ်လပ်မှုနဲ့ စတင်ကြုံ တွေ့နေ

စစ်ကိုင်းတိုင်းဒေသကြီးကနီမြို့နယ်က ကျေးရွာနှင့် တောတိုက်တစ်ချို့မှာ သောက်သုံးရေပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရပြီဖြစ်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၀င်း ကပြောပါတယ်။ ကနီမြို့နယ်အတွင်းက ယင်းသွင်၊ ချောင်းမ စတဲ့ကျေးရွာတွေနဲ့ ကန်ရေကိုအဓိကအားထားရတဲ့ သမင်ခြံအုပ်စု၊ မြချမ်းသာ တောတိုက်၊ ပေါက်အင်းတောင်တောတိုက်၊ မုဌောအနောက်တောတိုက် စတဲ့နေရာတွေမှာ သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

“ရေပြတ်တာ (၃) လလောက်ရှိပြီ။ လက်ယက် တွင်းလေးတွေတူးပြီး ခပ်နေရတာ။ တော်တော်ခက်ခဲတယ်။ မိုးခေါင်တော့ လူစာလည်းမရှိဘူး၊ ကျွဲနွားစာလည်း မရှိဘူးလို့။” ကနီမြို့န ယ် ယင်းသွင်ရွာက ဒေါ်ကြည်၀င်း ကပြောပါတယ်။

ကနီမြို့နယ်အတွင်းမှာ အခုလို သောက်သုံး ရေပြတ်လပ်မှုနဲ့ကြုံတွေ့ရတာဟာ (၃) နှစ်ဆက်တိုက် မိုးခေါင်ခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ မိုးခေါင်မှုကြောင့် ရေတွင်း၊ ရေ ကန်တွေ ခမ်းခြောက်လာမှုနဲ့ ကြုံတွေ့ရတဲ့အပြင် လယ်ယာထွက်သီးနှံလည်း မရကြတဲ့အတွက် စား၀တ်နေရေးအခက်အခဲလည်း ရှိနေတယ်လို့ သိရပါတယ်။

“မိုးခေါင်တော့ စပါးလည်းမရကြဘူး။ ပြောင်းလည်း မစိုက်ရဘူး။ ရေအခက်အခက်ရော လူစာ၊ နွားစာပါ အဆင်မပြေဖြစ်နေကြတာ။ လာမယ့် မိုးဦးမှာလည်း ဒီအတိုင်းဆက်ဖြစ်နေရင် ပိုပြီး အကျပ်တွေ့မှာ။”လို့ ကနီမြို့နယ်က တိုင်း (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၀င်း ကပြောပါတယ်။

ရေပြတ်လပ်မှုနဲ့ကြုံတွေ့နေရတဲ့ ကနီမြို့နယ်အတွင်းက ကျေးရွာ၊ တောတိုက်တွေကို အ‌ရေးပေါ်ရန်ပုံငွေထဲကနေ အသုံးပြုပြီး ရေရှိရေး ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အဆင်ပြေနိုင် တယ်လို့ ဦးထွန်းထွန်း၀င်းက ပြောပါတယ်။ လက်ရှိမှာတော့ ရေအခက်အခဲဖြစ်နေတဲ့ နေရာတစ်ချို့ကို ကနီမြို့နယ် မီးသတ်တပ်ဖွဲ့က ရေပေးဝေတာတွေရှိသလို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့လည်း ကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်က ကျေးရွာ ၃၀ မှာ လာမယ့်နွေရာသီအတွင်း ရေပြတ်လပ်မှု ကြုံတွေ့နိုင်ပြီး ရေအခက်အခဲရှိတဲ့ကျေးရွာတွေအနေနဲ့ ကျေးလက်ဦးစီးဌာနကို ဆက်သွယ်ကြဖို့လည်း အသိပေးတာတွေ ပြုလုပ်ထားပါတယ်။

ကျော်ဇေယျ

error: Content is protected !!