Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာနအတွင်း ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့လို့ ရုံးကိုဧည့်သည်လာခွင့် ယာယီပိတ်ထား

စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာနအတွင်း ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့လို့ ရုံးကိုဧည့်သည်လာခွင့် ယာယီပိတ်ထား

စစ်ကိုင်းတိုင်းသတ္တုတွင်းဦးစီးဌာနရုံးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ဝန်ထမ်းအမျိုးသားတစ်ဦးဆီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ရုံးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ပြင်ပဧည့်သည် လာရောက်တွေ့တာတွေကို ‌ယာယီပိတ်ထားပါတယ်။ ပိုးတွေ့ရုံးဝန်ထမ်းဟာ ကသာမြို့နှင့် ကောလင်းမြို့ကိုသွားရောက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရုံးကို ပြန်ရောက်လာပြီးနောက် ကျန်းမာရေးမကောင်းတဲ့အတွက် သီးခြားနေထိုင်ရာက ဆေးရုံသွားရောက် စစ်ဆေးရာမှာတော့ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“အဲဒီဝန်ထမ်းက ခရီးကပြန်ရောက်တော့လဲ ကျန်းမာရေး သိပ်မကောင်းလို့ ထင်ပါရဲ့။ သူဟာနဲ့သူ သီးသန့်နေထိုင်တယ်။ နောက်တော့ ကျနော်က သူ့ကို အလုပ်နားခိုင်းလိုက်ပြီး အိမ်မှာပဲနေခိုင်းလိုက်တယ်။ နောက်ပြီး ကျန်းမာရေးစစ်ကြည့်ဖို့ ကျနော်က ဖုန်းနဲ့လှန်းပြီး အကြံပေးတော့ ဆေးရုံကို သွားစစ်ရာမှာ ကိုဗစ်ပိုးရှိတယ်ဆိုတာ သိရတာ။ သူနဲ့ ရုံးမှာ ထိတွေ့မှုရှိခဲ့တဲ့ ဒုညွှန်မှုး၊ ပိုးတွေ့လူနာရဲ့ မိသားစုဝင် နှစ်ယောက်၊ နောက်ပြီး ကားမောင်းတဲ့ ဝန်ထမ်းတစ်ယောက်ရောပါ Quarantine ဝင်ခိုင်းလိုက်တယ်။ အဲ့ဒီထဲမှာမှ ထပ်တွေ့ရင်တော့ နောက်ထပ် စပ်ဆက်သူကို Quarantine ထပ်ထားရမှာပေါ့။ ကျနော်ကတော့ ရုံးခန်းမှာ သီးခြားနေတဲ့အတွက် ထိတွေ့မှုကတော့ မရှိခဲ့ဘူး။ အခု ကျနော်တို့ရုံးမှာ အဲ့လိုဖြစ်နေတော့ အရေးကြီးတဲ့ အစည်းဝေးကလွဲလို့ အပြင်က ဧည့်တွေ့ခွင့်ကို မေတ္တာရပ်ခံပြီး ယာယီရပ်နားထားတယ်။ လုပ်ငန်းယန္တရားတွေကတော့ ရပ်နားသွားမှာတော့ မဟုတ်ပါဘူး။” လို့ စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးအုံးလွင်က ပြောပါတယ်။

ပြင်ပဧည့်တွေ့ရပ်နားမှုတွေကို တစ်ပတ်ခန့် သတ်မှတ်ထားပြီး လုပ်ငန်းတွေနဲ့ပတ်သတ်လို့ အရေးကြီးအစည်းဝေးတွေကလွဲရင် တခြားကိစ္စ‌တွေကိုတော့ အမြန်ချောကနေ ပို့ဆောင်ပေးဖို့ကိုလဲ ဦးစီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် မေတ္တာရပ်ခံအသိပေးထားတယ်လို့ သိရပါတယ်။ ကိုဗစ်ပိုးတွေ့ဝန်ထမ်းကို မုံရွာမြို့မှာရှိတဲ့ တိုင်းရင်းဆေးရုံမှာ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းသတ္တုတွင်းဦးစီးဌာနမှာ လစားဝန်ထမ်း ၁၂ ဦးနှင့် နေ့စားဝန်ထမ်း ၂ ဦးရှိကြောင်း သိရပါတယ်။ မုံရွာမြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းအထိ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း ၁၈၉ ဦးရှိနေပြီဖြစ်ပြီး သေဆုံးလူနာ ၅ ဦးရှိပါတယ်။

ချင်းတွင်းဧရာ

error: Content is protected !!