Home > သတင်း > တရားဉပဒေစိုးမိုးရေး > NLD ပါတီမှ အနိုင်ရ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းခံရ

NLD ပါတီမှ အနိုင်ရ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းခံရ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးနိုင်နိုင်ဝင်းကို ရွေးကောက်ပွဲမှာ တရားမဲ့ ပြုကျင့်မှုတွေကြောင့် အနိုင်ရရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းခံထားရပါတယ်။ အဲဒီကိစ္စနဲ့ ပက်သက်လို့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ့ရွေးကောက်ပွဲကော်မရှင်ရုံးကို သွားရောက်ပြီး ချေပလွှာ တင်သွားမယ်လို့ အတိုင်ခံရသူ ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။

“တစ်ဖက်က ကန့်ကွက်တာပါ။ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေနဲ့ နိုင်တယ်ပေါ့ဗျာ။ အဲဒီလိုပါ။ မဲဆန္ဒရှင်တစ်ဦးဆိုပြီးမှ တိုင်တာပေါ့။ ဘယ်ပါတီလည်းဆိုတာတော့ ကျနော်တို့လည်း မသိဘူးပေါ့နော်။ သို့ပေမယ့် ကျနော်သိတာတော့ အရပ်သားမဟုတ်ဘူးဆိုတာတော့ အကြမ်းဖျင်းတော့ သိထားတယ်။ တိုင်တဲ့လူရဲ့ အကြောင်းအရာကတော့ တိတိကျကျ မသိရသေးဘူး။ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်တာ။ ကျနော်အနေနဲ့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သွားပြီးတော့ ချေပလွှာတင်သွားမှာပါ။ အမှန်တော့ အဲဒီတိုင်ကြားထားတွေဟာ ကျနော်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။”လို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။

ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းခဲ့တဲ့သူက အရပ်သားမဟုတ်ပဲ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မသိရှိရသေးပါဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတဲ့အထဲမှာ ကြိုတင်မဲပေးတဲ့ကိစ္စ၊ မဲရုံမှာ မဲစာရင်းမရှိတဲ့သူတွေဟာ မဲရုံအတွင်းမှာရှိနေတယ်ဆိုတဲ့ကိစ္စ၊ တပ်မတော်က ထုတ်ပြန်တဲ့ မှတ်ပုံတင်နံပါတ်တူပြီး အဖေမတူတာတွေ၊ အမေနာမည်လွဲတာတွေ စတဲ့ အချက်တွေဖြစ်တယ်လို့လည်း ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။ အခုလိုဖြစ်စဉ်နဲ့ ပက်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ချေပလွှာ လာရောက် တင်သွင်းပေးဖို့ရာအတွက် သူ့ဆီကို အကြောင်းစာပေးပို့လာတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက်လွှာတင်သွင်းခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကသာ၊ ဝန်းသို၊ မော်လိုက်၊ ကလေး၊ မင်းကင်း၊ ကန့်ဘလူ၊ တမူးနှင့် လေရှီး စတဲ့မြို့နယ်တို့က အနိုင်ရကိုယ်စားလှယ် စုစုပေါင်း ၉ ဦးထိ ရှိတယ်လို့ သိရပါတယ်။

ကောင်းကျော်

error: Content is protected !!