Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းက ကျေးရွာ ၃၀ နွေရာသီမှာ ရေရှားမှုကြုံတွေ့နိုင်

စစ်ကိုင်းတိုင်းက ကျေးရွာ ၃၀ နွေရာသီမှာ ရေရှားမှုကြုံတွေ့နိုင်

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၁၂ မြို့နယ်က ကျေးရွာ ၃၀ ရွာမှာ လာမယ့် နွေရာသီကာလအတွင်း ရေရှားပါးနိုင်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ်က ကျေးရွာ ၁၁ ရွာ၊၂၀၁၇ ခုနှစ်က ကျေးရွာ ၅၃ ရွာ၊၂၀၁၉ ခုနှစ်က ကျေးရွာ ၁၆ ရွာနှင့် ၂၀၂၀ ခုနှစ်မှာ ကျေးရွာ ၁၆ ရွာ ရေရှားပါးခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ရေရှားတဲ့ကျေးရွာမရှိခဲ့ပါဘူး။ ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေနဲ့ ဌာနပေါင်းစုံ အလှူရှင်တွေနဲ့ပူးပေါင်းပြီး ရေဖြန့်ဝေမှုတွေလုပ်ဆောင်ပေးခဲ့တာပါ။

“ဒီနှစ်မှာ စစ်ကိုင်းတိုင်းက မြိုနယ်ပေါင်း ၁၂ မြို့နယ်မှာ ကျေးရွာပေါင်း ၃၀ ရေရှားနိုင်တယ်လို့ ခန့်မှန်းထားတယ်။ အဓိကတော့ တွင်းနက်တူးမရဘူး။ လက်တူးတွင်းတွေမှာ မှီခိုတဲ့ရွာ။ မိုးရေလှောင်ကန်တွေမှာ အားကိုးပြီးနေတဲ့ရွာတွေက အဓိကရေရှားနိုင်တာပေါ့။ အဓိကပြသနာကတော့ အပေါ်ယံမြေကြော၊ ရေကြောကိုယူပြီး အပေါ်ယံ မြေကြော၊ ရေကြာသုံးတဲ့ ဒေသတွေပေါ့။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး ကပြောပါတယ်။

အခုနှစ် နွေရာရာသီကာလ ရေရှားပါးနိုင်တဲ့မြို့နယ် ၁၂ မြို့နယ်က ကျေးရွာ ၃၀ မှာ မုံရွာမြို့နယ်က ၂ ရွာ၊ စစ်ကိုင်းမြို့နယ် ၄ ရွာ၊ ချောင်းဦးမြို့နယ် ၁ ရွာ၊ ဆားလင်းကြီးမြို့နယ် ၄ ရွာ၊ ယင်းမာပင်မြို့နယ် ၁ ရွာ၊ ပုလဲမြို့နယ် ၁ ရွာ၊ ကနီမြို့နယ် ၂ ရွာ၊ ကသာမြို့နယ် ၂ ရွာ၊ အင်းတော်မြို့နယ် ၃ ရွာ၊ ကန့်ဘလူမြို့နယ် ၆ ရွာ၊ ကလေးမြို့နယ် ၂ ရွာနှင့် ကျွန်းလှမြို့နယ် ၂ ရွာတို့ဖြစ်ပါတယ်။ အခုနှစ်နွေရာသီကာလ ရေရှားပါးတဲ့ကျေးရွာတွေကို ရေတိုလုပ်ငန်းအနေနဲ့ ကျေးလက်ဌာနအနေနဲ့ ဌာနဆိုင်ပေါင်းစုံ၊ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ရေပေးဝေမှုများဆောင်ရွက်သွားမှာဖြစ်ကာ ရေရှည်လုပ်ငန်းအနေနဲ့ ဘာလုပ်ရမယ်ဆိုတာကို ကွင်းဆင်းစစ်ဆေးသွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူတွေအနေနဲ့ နွေရာသီကာလရေရှားမှုနဲ့ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ် ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ရှိတွေကို အချိန်မရွေး ဖုန်းနဲ့ ဆက်အကြောင်းကြား နိုင်တယ်လို့လည်းသိရပါတယ်။ အခုနှစ်၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၃၇ မြို့နယ်က ကျေးရွာ ၁၈၁ ရွာမှာ ကျေးလက်ရေရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်းပေါင်း ၃၃၂၇ သန်း ကျော်အသုံးပြုပြီး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရပါတယ်။

ပိုတေး

error: Content is protected !!