Home > သတင်း > တရားဉပဒေစိုးမိုးရေး > လူနှစ်ဦးသေဆုံးတဲ့အထိဖြစ်ခဲ့ရတဲ့ မုံရွာမြို့က မြေယာအငြင်းပွားမှုကို အစိုးရက ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ

လူနှစ်ဦးသေဆုံးတဲ့အထိဖြစ်ခဲ့ရတဲ့ မုံရွာမြို့က မြေယာအငြင်းပွားမှုကို အစိုးရက ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ ရွှေဇလုပ်ရပ်ကွက် (အရင် ဇလုပ်ကျေးရွာ) က ဒေသခံပြည်သူတွေနှင့် ခြံစည်းရိုးလာခတ်တဲ့အဖွဲ့က လူ ၂၀ ဝန်းကျင်က တုတ်ဓားလေးခွစတဲ့ လူတွေသေစေနိုင်တဲ့ လက်နက်ကိရိယာတွေ အသုံးပြုကာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် လူ ၅ ဦးထိခိုက်ဒဏ်ရာရကာ အဲဒီထဲက သေဆုံးသူ နှစ်ဦးရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အဓိကရုန်းမှာ ပါဝင်ခဲ့သူတချို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး နှစ်ဖက်စလုံးက လူသတ်မှု၊ နာကျင်စေမှု၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်မှု စတဲ့ပုဒ်မတွေနဲ့ မုံရွာနယ်မြေရဲစခန်းမှာ ပြစ်မှုဆိုင်ရာဥပဒေအမှတ် ၈၊ ၉ တို့နဲ့ နှစ်ဖက်အပြန်အလှန်အမှု အမှုဖွင့် တရားစွဲဆိုထားတာတွေလည်း ရှိနေတာပါ။ ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်အပေါ် ဇန်နဝါရီလ ၁၅ ရက်နေ့ကနေစတင်ကာ တစ်လအတွင်း အပြီးသတ် ဆောင်ရွက်သွားမယ်လို့ ရဲအရာရှိတစ်ဦးက ပြောဆိုထားပါတယ်။

မြေယာအရှုပ်အရှင်းနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ဝင်းတင်စိုး၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူတို့ ဦးဆောင်ကာ ဌာနတွင်း စစ်ဆေးမှုတွေကိုလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စစ်ဆေးမှုက ၂ ရက်ဝန်းကျင်ရှိနေပြီဖြစ်ပြီး ဒီတပတ်အတွင်းမှာအပြီးသတ် စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။ စစ်ဆေးနေဆဲဖြစ်တဲ့အတွက် ဘယ်သူတွေကို စစ်တယ်၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတဲ့ အသေးစိပ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အခုစစ်ဆေးမှုကတော့ ရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှုကိစ္စတွေနဲ့ မဆိုင်ဘဲ သီးသန့်စစ်ဆေးမှုလည်း ဖြစ်ပါတယ်။

“မြေယာပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့မှ မြေရာဇဝင်၊ မြေယာချထားမှု၊ ပိုင်ဆိုင်မှုအထောက်အထား ဒါတွေကို အဖွဲ့နဲ့ စုံစမ်းစစ်ဆေးမှုလုပ်တာပါ။”လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဒုဥက္ကဌ ဦးမိုးကျော်သူက ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အခြေအနေနဲ့ပတ်သက်လို့ အဖွဲ့ခေါင်းဆောင် ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးကို မျက်မှောက်ခေတ်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

မှုခင်းဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့အတွက် အသေးစိပ်ကို မဖြေကြားပေးနိုင်သေးဘူးလို့ ပြောဆိုထားပါတယ်။

အငြင်းပွားမြေကို ဗိုလ်မှူးတစ်ဦးဆိုသူက ရောင်းခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာ ရွာက အားကစားကွင်းအဖြစ် အသုံးပြုနေတာဖြစ်သလို တခါတလေ ဒီကွင်းအတွင်းမှာ ကားမောင်းလာသင်သူတွေလည်း ရှိပါတယ်။ ရွှေဇလုပ်ရပ်ကွက် အားကစားကွင်း အစားမရသေးတဲ့အတွက် အခုလို ပြဿနာဖြစ်တာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဆိုထားပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!