Home > ဆောင်းပါး > မိခင်မေတ္တာနှင့် ထောက်ပံ့ကြေး အိမ်မက်

မိခင်မေတ္တာနှင့် ထောက်ပံ့ကြေး အိမ်မက်

“လေစာတွေနဲ့ အစပ်ကလွဲရင် ကျန်တာအကုန်စားပါ။ ကလေးအတွက် အရဟာပြည့်ဖို့ထက် ဘာမှအရေးမကြီးဘူး”

ရင်ရင်(အမည်လွဲ)က ပထမဆုံး ကိုယ်၀န်ဆောင်ဖို့ ဆရာ၀န်သွားပြချိန်မှာ ဆရာ၀န်ရဲ့ ပြောစကားကို နားထဲ ပဲ့တင်ထပ်လို့ နေပါတော့တယ်။ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ချစ်ခြင်းက ဆရာ၀န်ထက်ပိုပါတယ်လို့ စိတ်ထဲရေရွတ်မိလိုက်ပါတယ်။ ကိုယ့်အသွေးအသားကို အကောင်းဆုံးဆိုတာကြီးပဲ ဖြစ်စေချင်ကြတာ မိခင်တိုင်းရဲ့ တကယ့်စေတနာအမှန်လို့ ပြောရင် မြေကြီးလက်ခတ် မလွဲပါဘူး။

ကိုဗစ်ရောဂါ ဒုတိယအကြိမ်စဖြစ်တော့မယ့် ဆဲဆဲမှာ ရင်ရင်တို့ မိသားစု ရန်ကုန်ကနေ ဧရာ၀တီတိုင်းရဲ့ နယ်မြို့လေးတစ်မြို့ ဖြစ်တဲ့ ပန်းတနော်မြို့နယ်က ရွာကလေးတစ်ရွာကို အပြီးပြောင်းသွားကြတာပါ။ ဇာတိရွာလေးဖြစ်ပြီး သားဦးလေးကိုလဲ အေးအေးချမ်းချမ်း မွေးဖွားသန့်စင်ဖို့ အေးချမ်းရာနေရာတစ်ခုသာဖြစ်ပါတော့တယ်။

“ကလေးမမွေးခင်အချိန်
ဗီတာမင် B1 တစ်နေ့တစ်လုံးစားခိုင်းတယ်။ သံဓာတ်အားဆေး တစ်နေ့တစ်လုံးစားခိုင်းတယ်။ ဆေးခန်းတစ်လတစ်ခါ ပုံမှန်ပြရတယ်။ ကလေးမွေးပြီးအချိန်မှာ အသားဝါမဖြစ်အောင် ဆီးမှန်၊ ဝမ်းမှန်အောင် မိခင်နို့ဦးရေ တိုက်ကျွေးရတယ်။ မိခင်နို့ရည်ထွက်အောင် ဟင်းချိုသောက်ပေးရတယ်။”

ဆရာ၀န်မှာကြားချက်တွေကို ရင်ရင်က ရေးမှတ်စရာမလိုပဲ အလွတ်ရနေတဲ့ အချက်တွေကို Facebook messenger ကနေ စာရေးသူကို ရေးသားပေးပို့ထားတာပါ။ ရင်ရင့်အကြောင်း ရေးဖို့ စိတ်စောနေမိတယ်။ single mother ဘ၀နဲ့ သားဦးလေးမွေးရတဲ့ အတွေ့အကြုံတွေက သူမဆီမှာ ရှိနေမှာသေချာပါတယ်။

ကံအကြောင်းမလှခဲ့ရပေမဲ့ ရင်ရင့်အဖေနဲ့ အမေရဲ့ နွေးနွေးထွေးထွေး ခွန်အားပေးမှုတွေက မိခင်တစ်ယောက်ရဲ့ ရှိလာနိုင်တဲ့ ထိုးနှက်ချက်တွေကို အံတုရင်ဆိုင်ဖို့ ခွန်အားတွေ ဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။

မိဘရင်ခွင် အေးရိပ်မှာ သားဦးလေးမွေးဖို့အတွက် တစ်ဖက်တစ်လမ်းက အလုပ်ရဖို့ကို ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။ မွေးပြီးဖွားပြီး လက်လွှတ်လို့ရမဲ့ အချိန်မှာ အလုပ်ကို အရင်ကထက် ပိုကြိုးစားပြီး ကလေးကို ပျိုးထောင်ဖို့ပါ။

ကိုဗစ်ဒုတိယလှိုင်းမှာ ကိုယ်၀န်ဆောင်မိခင်တွေကို ထောက်ပံ့ကြေးသတင်းက ရင်ရင့်အတွက် တစ်ဖက်တစ်လမ်းက အထောက်အပံ့တစ်ခုခုများ ရနိင်လိမ့်မလားဆိုတဲ့ အတွေးမျှော်လင့်ချက်တွေ တန်းစီပေါ်လို့လာပါတယ်။ သတ်မှတ်ချက်အားလုံးရေးဖြည့်ပြီး မျှော်နေလိုက်ပါတယ်။

“ကိုယ်ဝန်စောင့်ရှောက်ရေး စာအုပ်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်‌တွေ ရေးဖြည့်ရတယ်။ ကိုယ်စားလှယ် (မိခင်ရဲ့အမေလည်းရတယ်၊ အဖေလည်းရတယ်) သူ့ရဲ့မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ ဓာတ်ပုံ စတာတွေ ရေးဖြည့်ရတယ်။”

အချက်အလက်တွေရေးဖြည့်ပြီး ရက်ပေါင်းများစွာ မျှော်လင့်တကြီး စောင့်မျှော်ရင်းက ရင်ရင်တစ်ယောက် နေ့‌စေ့လစေ့ မွေးရက် (သတ်မှတ်ရက်) တစ်ရက်အလိုမှာပဲ သားဦးလေးကို အောင်မြင်စွာနဲ့ မွေးဖွားသန့်စင်လိုက်နိုင်ပါတယ်။ အထောက်အပံ့ရနိုးနဲ့ မျှော်လင့်ခဲ့တဲ့အရာက တစ်လုံးတပါဒမှ ပေါ်မလာတော့ပါ။

မကြာခင်ရက်ပိုင်းအတွင်းမှာ မွေးကင်းစ ကလေးသုံးလက နှစ်နှစ်အတွင်း ကလေးတွေအတွက် ထောက်ပံ့ကြေးပေးဖို့ အိမ်တိုင်ယာရောက် စာရင်းလာကောက်ပါတယ်။ ဒီတစ်ကြိမ်တော့ အရင်တစ်ကြိမ်ထက် သေချာလိမ့်မလားလို့ ရင်ရင်မျှော်လင့်မိပါတယ်။ အရင်တစ်ကြိမ်က စာရင်းသာကောက်ပြီး စာရင်းပေးလိုက်တဲ့ မိခင်တွေက ငွေကြေးအထောက်အပံ့ မရကြလို့ပဲဖြစ်ပါတယ်။

“ဒီတစ်ခါတော့ ထောက်ပံ့ကြေးက ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ လူမှုဝန်ထမ်းရုံးက စာရေးမတစ်‌ယောက် စာရင်းလာကောက်တယ်။ ကလေးမိခင်ရဲ့ဓာတ်ပုံ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ကလေးစောက်ရှောက်ရေး စာအုပ်၊ ကာကွယ်ဆေးထိုးတဲ့အချက်အလက်၊ ကလေးမွေးပြီးကြောင်း ဆရာဝန်ထောက်ခံချက်တွေ အကုန်ဖြည့်ပေးရတယ်။”

အခုတစ်ကြိမ်တော့ အချက်အလက်က အရင်တစ်ကြိမ်ထက်များနေလို့ သေချာသလောက်ရှိတယ်ဆိုပြီး စိတ်ဒုန်းဒုန်းချလိုက်ပါတယ်။ တကယ်တော့တွေးထင်ထားတာတွေက အခုတစ်ကြိမ်လဲ လွဲနေပြန်ပါတယ်။ ငွေအထောက်အပံ့ ပေးတဲ့အထဲမှာ တခြားသူတွေပါပြီး ရင်ရင်မပါပါဘူး။ မပါတဲ့သူတွေ အနည်းအကျင်းရှိနေတာကိုလည်း ရင်ရင်တစ်ယောက် သိလိုက်ရပါတယ်။

“သူတို့က လက်နဲ့လည်းရေးတယ်။ ဖုန်းနဲ့လည်းစာရင်းတင်တယ်။ အခုကတော့ ဖုန်းမရှိတဲ့သူတွေကျတော့ လက်ရေးစာရင်းနဲ့လျှောက်ပေးတော့ ဧရာ၀တီဘဏ်က တိုက်ရိုက်လာချသွားပြီ။ ရတဲ့သူတွေက ဖုန်း application နဲ့လျှောက်ပေးတာ ဖုန်းထဲမတ်ဆေ့ချ်ရောက်မယ်ဆိုပီးတော့ အခုထိဖုန်းထဲမတ်ဆေ့ချ်မရောက်ဘူး။ အုပ်ချုပ်ရေးမှုးကိုသွားမေးတော့ လူမှုဝန်ထမ်းရုံးကစာရေးမက ဖုန်း application နဲ့တင်တာမရောက်လို့တဲ့ အခုမှထပ်လျှောက်ထားတယ်တဲ့ အခုတစ်ကြိမ်လည်းမရတော့ဘူး။”

ကိုယ်ပိုင်ဖုန်းမကိုင်နိုင်သူတွေ ထောက်ပံ့ကြေးမရတာ
စာရင်းလွဲချော်တတ်တဲ့ အခြေအနေကို နားလည်ပေးလို့ရနိုင်ပေမဲ့ ရင်ရင်တစ်ယောက်ကတော့ ဖုန်းရော၊ လက်ရေးနဲ့ပါ စာရင်းဖြည့်ထားပေမယ့် ဘယ်လိုအကြောင်းကြောင့် လွဲချော်နေသလဲဆိုတာကိုတော့ စဉ်းစားရခက်လို့ နေပါတော့တယ်။

တစ်လကို ၁၅၀၀၀ နဲ့ ၆လစာ ၉၀၀၀၀ ပေးတယ်ဆိုတော့ ကလေးတွေ နေရေးစားရေးအတွက် အဆင်ပြေတာပေါ့။ ကလေးမွေးစကနေ ၂ နှစ်ထိ ထောက်ပံ့ပေးမှာလို့ ရင်ရင်တစ်ယောက်သိထားရပေမယ့် အခွင့်အရေးတွေ နှစ်ကြိမ်ထိဆုံးရှုံးခဲ့ရလို့ အယုံအကြည်မထားတော့ပါဘူး။

ဧရာ၀တီတိုင်းအတွင်းမှာ အဟာရချို့တဲ့မှုနှုန်ူးများနေတဲ့အတွက် နိုင်ငံတော်စီမံချက်နဲ့ စွမ်းစွမ်းတမံဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း လူမူ၀န်ထမ်း၀န်ကြီးဌာနက တာ၀န်ရှိသူတစ်ဦးက အွန်လိုင်းစာမျက်နာပေါ်က ဗီဒီယိုဖိုင်တစ်ခုကို ရင်ရင်တစ်ယောက် အစအဆုံးသေသေချာချာ နားထောင်ပါတယ်။ ရင်ထဲမချိ့တင်ကဲဖြစ်မိတာက အောက်ခြေကသူတွေရဲ့ လုပ်ရပ်တစ်ချို့ကြောင့် နစ်နာနေရတာတွေကိုတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ သိနိင်ကြမှာမဟုတ်ပါဘူး။


“ရင်ထဲရှိတဲ့အတိုင်းပြောရရင် ဒီလိုသူများကလေးတွေကရပြီးတော့ ကိုယ့်ကလေးက ဘာလို့မရ သေးတာလဲဆိုတာ စိတ်ထဲမှာတော့ ကသိကအောက်ဖြစ်တယ်။
အဲ့ဒါတောင် ကိုယ်တွေကမေးတတ်လို့ မမေးတက်တဲ့လူတွေက ဒီတိုင်းငြိမ်နေကြတယ်။ သမီးကတော့ ငြိမ်မနေနိုင်ဘူး ပိုက်ဆံ ၉၀၀၀၀ ဆိုတာကလဲ ဒီ covid ကာလမှာ ရှာရတာအရမ်းခက်ခဲတဲ့အချိန်။ နိုင်ငံတော်ကလဲ ဒီလိုထောက်ပံ့တာဆိုတော့ မရှိတဲ့သူတွေအတွက် အရမ်းတန်ဖိုးရှိတယ်။ အုပ်ချုပ်ရေးမှုးကိုမေးတော့ မသိဘူးတဲ့။ လူမှုဝန်ထမ်းရုံးက စာရေးမကိုမေးတော့လဲ ဟိုလိုလိုဒီလိုလိုနဲ့ မေးရင်းမေးရင်းနဲ့ ဧရာဝတီတိုင်းဦးစီးမှုးဆီလည်းရောက်တယ်။ တိုင်းဦးစီးမှုးက သမီးတို့အုပ်ချုပ်ရေးမှုးကို မြို့နယ်ဦးစီးမှုးဖုန်းနံပါတ်ပေးပြီး မေးခိုင်းတယ်။ အာ့နဲ့ မြို့နယ်ဦးစီးမှုးဆီကို ဖုန်းဆက်လိုက်တော့ သမီးနာမည်မပါဘူးတဲ့။ ဒီလောက်နှစ်ခါတောင်စာရင်းပေးထားတာကို မပါတော့ စိတ်အားငယ်မိတာပေါ့။ မြို့နယ်ဦးစီးမှုးကလဲ သမီးရဲ့နာမည်၊ အမျိုးသားရဲ့နာမည်၊ ကလေးနာမည်၊ နေတဲ့နေရာမေးပြီး မှတ်ထားပေးမယ်တဲ့။” ရင်ရင်တစ်ယောက် သူ့အတွေ့အကြုံတွေကို ပြောပြပါတယ်။


မြန်မာတနိုင်ငံလုံး အာဟာရဖွံဖြိုးမှုအနည်းဆုံးအဖြစ် ဧရာဝတီတိုင်းက စာရင်းဝင်ပါတယ်။ ဧရာ၀တီတိုင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အာဟာရဖွံဖြိုးမှု
အနည်းဆုံးဒေသအဖြစ် ရှိနေတာကြောင့် တိုင်းအတွင်းမှာ အာဟာရဖွံဖြိုးရေးအတွက် စီမံကိန်းချလုပ်ဆောင်သွားမယ်လို့ ၂၀၂၀ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့က တိုင်းကျန်းမာရေးဦးစီးမှုး ဒေါက်တာသန်းထွန်းအောင်က မီဒီယာတွေကိုပြောခဲ့တာပါ။ လက်ရှိမြန်မာနိုင်ငံ မှာအသက် (၅) နှစ်အောက်ကလေး အရပ်ပုနှုန်းမှာ ဧရာ၀တီတိုင်းကနံပါတ် (၁) နေရာ၊ သွေးအားနည်းသံဓါတ်ချို့တဲ့မှုမှာ နံပါတ် (၂) နေရာနဲ့ ကိုယ်ခန္ဓာ ဖွံဖြိုးမှု အနည်းဆုံးမှာနံပါတ် (၁) နေရာရှိနေတာဖြစ်တယ်လို့ တိုင်းကျန်းမာရေးဦးစီးမှုးက ဆက်စပ်ပြောသွားပါသေးတယ်။

ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေထဲက မြန်မာနိုင်ငံမှာ ကလေး ၂၉ ဒသမ ၃ ရာခိုင်နှုန်းက ကာလတာရှည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်နေကြတဲ့အကြောင်း စစ်တမ်းတစ်ခုက ဆိုထားပါတယ်။ အာဟာရချို့တဲ့မှုဟုဆိုရာတွင် မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးမွေးဖွား ပြီးနောက်ပိုင်း ကလေးနှစ်နှစ်သားအရွယ်အထိ တစ်နည်းအားဖြင့် ရက် ၁ဝဝဝ ကာလအတွင်း အာဟာရ လုံလောက်စွာ မရရှိခြင်းကြောင့်လည်း ဖြစ်ပါတယ်။ အာဟာရလုံလောက်စွာ မရရှိခြင်းမှာလည်း ဆင်းရဲနွမ်းပါးမှုကြောင့် အစာအာဟာရကို ပြည့်ဝစွာ မစားနိုင်ခြင်း၊ ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် အာဟာရပြည့်ဝအောင် မစားသောက်တတ်ခြင်း၊ လွဲမှားသောအယူအဆများကြောင့် အစာရှောင်ကြရာမှ အာဟာရချို့တဲ့ပြီး ရေရှည်တွင် သက်တူရွယ်တူ လိင်တူကလေးများနှင့် နှိုင်းယှဉ်မယ်ဆိုပါက ရှိသင့်သည့်အရွယ်မရှိဘဲ သေးငယ်ပုညှက်လာရခြင်းဖြစ်ပါတယ်။

ကလေးများအာဟာရပြည့်ဝစွာမရရှိဘူးဆိုရင် ခန္ဓာကိုယ်ပိန်လှီပုညှက် ရုံသာမကပဲ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်လာစေမှာဖြစ် ပါတယ်။ ကာယ၊ ဉာဏ ဖွံ့ဖြိုးမှု နှစ်ခုစလုံး လျော့နည်းနိမ့်ကျနေမယ်ဆိုရင် ကျန်းမာရေးချူချာတာ၊ ကူးစက်ရောဂါများကို ခုခံနိုင်စွမ်းမရှိတာ၊ ကျောင်းနေအရွယ်တွင်လည်း ကျောင်းစာများကို မလိုက်နိုင်တာ၊ မှတ်ဉာဏ်အားနည်းချက်ကြောင့် ကျောင်းပညာကို ပြီးဆုံးသည်အထိ ဆက်လက်မသင်ကြားနိုင်ခြင်းတို့ကဲ့သို့သော အဖြစ်‌တွေကို ကလေးဘဝတွင် ရင်ဆိုင်ကြုံတွေ့ကြရပြီး ကြီးပြင်း လာတဲ့အချိန်မှာ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိတဲ့ အခြေအနေသို့ ရောက်ရှိသွားနိုင်ပါတယ်လို့ အာဟာရဗေဒပညာရှင်တွေက တွက်ဆထားကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကာ တိုင်းနှင့် ပြည်နယ်အချို့မှာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုခြင်းအစီအစဉ် (Early Childhood Intervention) တွေကို နေရာတွေခွဲကာ လုပ်ဆောင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒီစီမံကိန်း ကနဦး ဧရိယာ ၇ ခုမှာတော့ ဧရာဝတီတိုင်းကလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။


ရင်ရင်တစ်ယောက် ထောက်ပံ့ကြေးရဖို့ ကြိုးစားခဲ့ရပုံကို ဆက်စပ်ပြောပြလို့နေပါတယ်။ တစ်ဖက်တစ်လမ်းက အထောက်အပံ့လေးရမယ်ဆို မိဘတွေအတွက် တစ်ထောင့်တစ်နေရာက အကူအညီခွန်အားတစ်ခုရဖို့ ဆက်ပြီးကြိုးစားနေပါတယ်။ ကိုယ်၀န်ဆောင်ချိန်က ပတ်၀န်ကျင်းကို ဂရုစိုက်ခဲ့ရတဲ့ သိမ်ငယ်ချိန်တွေကို မေ့ပြစ်လိုက်ပါတယ်။ အခွင့်အရေးတစ်ခု ရဖို့ ကြိုးစားဖူးတဲ့ အတွေ့အကြုံတစ်ခုရဖို့ ဆုံးဖြတ်ထားပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အထောက်အပံ့ တစ်စုံတရာမရခဲ့ ပါကလည်း စနစ်မကျတဲ့ အောက်ခြေ တာ၀န်ရှိသူတွေအကြောင်း တစ်နေရာရာမှာ ပြောခွင့်ရလိုက်ရင် အတွေ့အကြုံတွေ အလဟဿမဖြစ်နိင်ကောင်းပါရဲ့ လို့တွေးရင်း မျှော်လင့်ချက်ကိုတော့ လက်မလျှော့သေးပါ။ ။

ဗိုလကို (ပန်းတနော်)

error: Content is protected !!