Home > ဆောင်းပါး > စစ်ကိုင်းတိုင်းအတွင်းက ရွှေကြွေးကျန်နှင့် သယံဇာတ ထုတ်ယူမှုပြဿနာများ

စစ်ကိုင်းတိုင်းအတွင်းက ရွှေကြွေးကျန်နှင့် သယံဇာတ ထုတ်ယူမှုပြဿနာများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၀၇-၂၀၀၈ ခုနှစ်ကနေ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ရွှေသတ္တုသယံဇာတ တူးဖော်မှုကနေ နိုင်ငံတော်ကို ပေးသွင်းရန်ကျန်ရှိတဲ့ ရွှေစင်ကျပ်သားပေါင်း ၆၀၉၉,.၆၇ ကျပ်သား (၆ ပိဿာကျော်) ရှိပြီး မပေးသွင်းသေးတဲ့ ကုမ္ပဏီပေါင်း ၅၁ ခုရှိပါတယ်။ အဲဒီကုမ္ပဏီ ၅၁ ခုထဲက ရွှေတွေကို မပေးသွင်းဘဲ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၂၈ ခုကို သက်ဆိုင်ရာဌာနက တရားလိုပြုလုပ်ကာ ခရိုင်တရားရုံးတွေမှာ တရားစွဲဆိုထားပြီးဖြစ်ကာ နောက်ထပ် ၂၃ ခုကိုတော့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရွှေကြွေးကျန်တွေနဲ့ပတ်သက်ပြီး တိုင်းစာရင်းစစ်ချုပ် ဦးစိုးလွင်က တိုင်းလွှတ်တော် ၂၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ နှစ်ချုပ်အစီရင်ခံစာ တင်သွင်းခဲ့တာပါ။ အစီရင်ခံစာအရ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းလက်အောက်ရှိ ကုမ္ပဏီပေါင်း ၅၂ ခုက ရွှေကြွေးကျန်ပေးသွင်းရန် ၆၁၄၅.၇၄ ကျပ်သား (၆ ပိဿာကျော်) ရှိနေပြီး နည်းဥပဒေနဲ့အညီ အမြန်ဆုံး ရှင်းလင်းလုပ်ဆောင်ဖို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ဒုတိယပတ်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် တိုင်းလွှတ်တော် နောက်ဆုံးအစည်းအဝေး (၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး)မှာ ဘုတလင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာဇေလင်းမောင်နှင့် မင်းကင်းမြို့နယ်ကိုယ်စားလှယ် ဦးကျော်ဆန်း တို့က နွေးခဲ့ပါတယ်။

မင်းကင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှ ဦးကျော်ဆန်းက ဆွေးနွေးရာမှာ “အမှတ် ၂ သတ္တုတွင်းလုပ်ငန်းရဲ့ ၇ နှစ်တာကာလ (၂၀၀၇-၀၈ မှ ၂၀၁၃-၁၄ ထိ) ကုမ္ပဏီ ၅၂ ခုက ပေးသွင်းရန် ရွှေကြွေးကျန် ၆၁ ပိဿာကျော်ကို ကောက်ခံရန်ကျန်နေတာ၊ ရွှေလုပ်ကွက်တွေကနေ အမှန်ထွက်ရှိမှုအပေါ် ရသင့်တဲ့ အခွန်နှင့် အချိုးကျရွှေစင်တွေ နိုင်ငံတော်က ရရှိရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာက တာဝန်မဲ့နေတာတွေကို နည်းဥပဒေနဲ့အညီ တင်းကြပ်စွာ အရေးယူပေးရန် လိုအပ်တယ်။”လို့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့တာပါ။

အလားတူ ဘုတလင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ မှ ဒေါက်တာဇေလင်းမောင်ကလည်း “နိုင်ငံတော်အခွန်အခတွေ ပြည့်ပြည့်ဝဝရရှိမှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ ဆောင်ရွက်စရာရှိတဲ့ ပညာရေး၊ ကျန်းမာရေး စသဖြင့် နိုင်ငံတော်က ဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းတွေမှာ ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းကလည်း နှစ်စဉ်ဘဏ္ဍာလိုငွေ အများကြီးပြနေပါတယ်။ လိုငွေတွေအတွက်လည်း အစိုးရကနေ ကဏ္ဍအသီးသီးက ထိုက်သင့်တဲ့အခွန်အခတွေ ရရှိအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ရွှေကြွေးကျန်တွေ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ရရှိဖို့ သက်ဆိုင်ရာအစိုးရအနေနဲ့ စိစစ်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။”လို့ ပြောဆို ဆွေးနွေးခဲ့ပါတယ်။

ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတကိစ္စတွေကို ပူးတွဲတာဝန်ယူနေတဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းကတော့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ကြွေးကျန်တွေ ပေးသွင်းစေသလို မပေးသွင်းတဲ့ ကုမ္ပဏီတွေကိုလည်း တရားစွဲဆိုထားပြီး ကျန်နေသေးတဲ့ကုမ္ပဏီတွေကိုလည်း တရားစွဲဆိုနိုင်ဖို့ ဥပဒေအကြံတောင်းတာတွေ လုပ်ဆောင်နေကြောင်းကို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ဝန်ကြီးရဲ့ ရှင်းလင်းချက်အရ ရွှေကြွေးကျန်တွေက အရင် အသေးစား (၂၀) ဧက လုပ်ကွက်တွေက ဖြစ်ပြီး ၂၀၁၈ ခုနှစ်က အသစ်ပြဌာန်းထားတဲ့ မြန်မာ့သတ္တုတွင်းနည်းဥပဒေအရ အလတ်စားလုပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ထားတဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာနက တိုက်ရိုက်စီမံခန့်ခွဲတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းရုံးချုပ်နဲ့ ဆက်သွယ်ညှိနှိုင်းကာ ကြွေးကျန်ကုမ္ပဏီ ၅၂ ခုကို အရေးယူဆောင်ရွက်နေကာ အဲဒီကုမ္ပဏီတွေထဲက အင်းတော်မြို့နယ်တွင် ကုမ္ပဏီ ၁ ခု၊ ကသာခရိုင်တွင် ကုမ္ပဏီ ၁၃ ခု၊ ခန္တီးခရိုင်တွင် ၁၀ ခု၊ မော်လိုက်ခရိုင်တွင် ကုမ္ပဏီ ၁ ခု (ခန္တီးခရိုင်တွင် တရားစွဲထားတဲ့ကုမ္ပဏီထဲက တစ်ခုနဲ့တူ) နှင့် ဒက္ခိဏခရိုင်(နေပြည်တော်)တွင် ကုမ္ပဏီ ၄ ခု  စုစုပေါင်း ကုမ္ပဏီ ၂၈ ခုကို တရားစွဲဆိုထားပါတယ်။ ဒါ့အပြင့် တရားစွဲဖို့ ခရိုင်ဥပဒေရုံးတွေကို အမှုတွဲပေးပို့မှုအနေနဲ့ ကသာခရိုင်တွင် ကုမ္ပဏီ ၂ ခု၊ ခန္တီးခရိုင်တွင် ကုမ္ပဏီ ၅ ခု စုစုပေါင်း ၇ ခုနှင့် ဆက်လက်ပြီး ကသာခရိုင်က ကုမ္ပဏီ ၂ ခုကိုလည်း တရားစွဲနိုင်ရေး အမှုတွဲပေးပို့သွားမယ်လို့ ဆိုပါတယ်။ နောက်ထပ်အနေနဲ့ ကသာခရိုင်က ကုမ္ပဏီ ၄ ခုနှင့် ခန္တီးခရိုင်က ကုမ္ပဏီ ၆ ခုကို တရားစွဲဖို့ ဥပဒေအကြံတောင်းခံပြီး တရားစွဲသွားမယ်လို့ ဆိုပါတယ်။ တရားစွဲဆိုရန်ကျန်ရှိနေသေးတာကတော့ ကုမ္ပဏီ ၄ ခုရှိနေသေးတယ်လို့ သိရပြီး ဟုမ္မလင်းမြို့နယ်က သာလွန်ကုမ္ပဏီကတော့ ရွှေကြွေးကျန် ၃၂ ကျပ်သားခန့်ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၄ ရက်နေ့က အကုန်အကြေ ပေးသွင်းပြီးသွားပြီလို့ ဆိုပါတယ်။ ဒါ့အပြင် အမှုတွဲပေးပို့ထားတဲ့ ကုမ္ပဏီ ၇ ခုထဲက ဝိုင်းမြင့်မြတ်အောင်နှင့် ရတနာလယ်မြေကုမ္ပဏီတို့ကတော့ အနည်းငယ်စီပေးသွင်းတာတွေ ရှိနေတယ်လို့လည်း ဝန်ကြီးက ပြန်လည်ဖြေကြား ပြောဆိုခဲ့ပါတယ်။

ရွှေသတ္တုတူးဖော်တဲ့ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး အစိုးရကတရားစွဲဆိုနေတဲ့အပေါ်မှာ ဥပဒေကြောင်းအရပဲ ရင်ဆိုင်သွားမှာဖြစ်ကာ လိုအပ်ရင် တရားပြန်စွဲမယ်လို့ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

“ကုမ္ပဏီတွေက ကြွေးကျန်လို့ လက်မခံဘူး။ ကြွေးကျန်တာမဟုတ်ဘူး။ ကျွန်တော်တို့က ပေးပြီးသား။ သတ္တုတွင်းက အလုပ်မလုပ်ဘဲနဲ့ ကြွေးကျန်လို့ သတ်မှတ်တာ။ နောက်ပြီးတော့ အဲဒီကိစ္စကို တရားစွဲရင် တရားရုံးမှာပဲ ရင်ဆိုင်မယ်။ လိုအပ်ရင် သူတို့ပါ ပြန်စွဲမယ်။ ကျွန်တော်တို့ဖက်က စာရွက်စာတမ်း အထောက်အထားအပြည့်အစုံနဲ့ တာဝန်ကျေပြီးသားပါ။ သူတို့မလုပ်တာဆိုတာရှိတယ်။ ဥပဒေအရ ရင်ဆိုင်သွားဖို့ပဲရှိတယ်။ ကြွေးကျန်မဟုတ်ဘူး။ ကြွေးကျန်လို့ မသတ်မှတ်ဘူး။ လျော့နည်းရွှေပါ။ သတ္တုတွင်းဝန်ကြီးဌာနကိုယ်တိုင်က လျော့နည်းရွှေပဲသုံးတာ။ ဒီဖက်အစိုးရလက်ထက်ကျမှ ကြွေးကျန်လို့ သုံးတာ။ ကျွန်တော်တို့ကုမ္ပဏီတွေဖက်က တာဝန်ကျေပြီးသား။ လျော့နည်းရွှေသွင်းလို့ဆိုပြီး သတ္တုတွင်းဥပဒေအပိုဒ် ၃၀ (ခ) အရ ဒဏ်ကြေးရွှေ၊ ဒဏ်ကြေးငွေ သွင်းပြီးသား။ သွင်းပြီးတော့ အမှတ် ၂ သတ္တုတွင်းဌာနက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရမှာကို မလုပ်ခဲ့ဘဲနဲ့ ဒီတိုင်းထားခဲ့တော့ စာရင်းစစ်ကလည်း အကြွေးကျန်ဆိုပြီးတော့ ဖော်တာ။ အမှန်တော့ ဝန်ကြီးဌာနက အလုပ်မလုပ်တာ။”လို့ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးတင်ရွှေက ပြောပါတယ်။

ဒါ့အပြင် တရားစွဲခံထားရတဲ့ကုမ္ပဏီတွေ၊ တရားစွဲဖို့ လုပ်နေတဲ့ ကုမ္ပဏီတွေက အများထင်နေသလို ခရိုနီကုမ္ပဏီတစ်ခုမှ မပါဘဲ စုပေါင်းစပ်ပေါင်း လုပ်ကြတဲ့ လက်လုပ်လက်စားတွေ လို့လည်းဆိုပါတယ်။ ဒီကိစ္စတွေအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနတွေနဲ့လည်း တွေ့ဆုံပြီးဖြစ်ကာ ပြည်ထောင်စုလွှတ်တော်ကိုလည်း အသင်းချုပ်အနေနဲ့ သွားရောက်ရှင်းလင်းထားပြီး နောက်ထပ်တွေ့ဆုံဖို့ကိုတော့ ကိုဗစ်ကြောင့် မတွေ့ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွှေသတ္တုတူးဖော်မှုနဲ့ပတ်သက်လို့ နိုင်ငံတော်ကို ရွှေပေးသွင်းရန်ကျန်ရှိတဲ့ကုမ္ပဏီတွေထဲမှာ နာမည်ကြီး ထာဝရကုမ္ပဏီလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထာဝရကုမ္ပဏီကတော့ ပေးသွင်းရန်ကျန်ရွှေစင် ၆ ပိဿာကျော်ထဲက ၅ ပိဿာကျော်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလအထိ ပေးသွင်းထားပြီး ကျန်တာတွေကို လအလိုက် ပြည်ထောင်စုဝန်ကြီးဌာနကို ပေးသွင်းနေတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ထာဝရကုမ္ပဏီနဲ့ပတ်သက်ပြီး စာရင်းစစ်ချုပ်ရုံးရဲ့ တွေ့ရှိချက်တွေအရ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလထိ ပေးသွင်းရန်ကျန်ရွှေစင် ၉၇.၈၀ ပိဿာရှိပြီး အဲဒီကာလအတွင်း ပေးသွင်းမှုအနေနဲ့ ၂၇ ပိဿာကျော်ရှိခဲ့ကာ ပိဿာချိန် ၇၀ ကျော်ပေးသွင်းဖို့ ကျန်နေတာပါ။ စာရင်းစစ်ချုပ်ရုံးရဲ့ အကြံပြုချက်အရ Sodium Cyanide ပြတ်တောက်ကာလအတွက် ၄၀.၇၅ ပိဿာ၊ စက်ရုံစမ်းသပ်လည်ပတ်ကာလ ၃ လအတွက် ၂၃ ပိဿာကျော် စုစုပေါင်း ၆၄ ပိဿာကျော်တို့ကို စာရင်းပယ်ဖျက်ခွင့်တင်ပြဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ပေးသွင်းရန်ကျန်ရွှေစင် ပိဿာချိန် ၇၀ ကျော်ထဲက စာရင်းပယ်ဖျက်ရွှေစင် ၆၄ ပိဿာကျော်ရှိပြီး ပေးသွင်းရန်ကျန် ၆ ပိဿာကျော်သာ ရှိတော့တာဖြစ်ကာ အဲဒီထဲကလည်း ၅ ပိဿာကို ၂၀၂၀ ခုနှစ်၊ ဇွန်လကနေ အောက်တိုဘာလအထိ လစဉ်ပေးသွင်းထားပြီးဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်။ 

ရွှေပေးသွင်းရန်ကျန်ရှိနေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ အကြီးစားနှင့် အလတ်စား လုပ်ကွက်တွေကို ကိုင်တွယ်နေတာက အမှတ် ၂ သတ္တုတွင်းလုပ်ငန်းကဖြစ်ပြီး တိုင်းသတ္တုတွင်းဦးစီးဌာနကတော့ အသေးစား၊ လက်လုပ်လက်စားလုပ်ကွက်တွေကိုပဲ အဓိက တာဝန်ယူဆောင်ရွက်နေတာဖြစ်တယ်လို့ တိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအုန်းလွင်က ပြောဆိုထားပါတယ်။

တိုင်းသတ္တုတွင်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ လုပ်ကွက်လျှောက်ထားမှုအနေနဲ့ အသေးစား ၄ ဧကလုပ်ကွက်ပေါင်း ၂၅၇၇ ကွက်၊ လက်လုပ်လက်စား ၂၂၀၀ ရှိပြီး ခွင့်ပြုမိန့်ပေးထားမှုအနေနဲ့ အသေးစား ၄ ဧကလုပ်ကွက်ပေါင်း ၆၉၂ ကွက်၊ လက်လုပ်လက်စားလုပ်ကွက် ၂၉၀ ကွက်ရှိနေပါတယ်။ အခွန်အခရရှိမှုအနေနဲ့ အသေးစား ၆၉၂ ကွက်၊ သက်တမ်းတိုး ၁၃၃ ကွက်၊ လက်လုပ်လက်စား ၂၉၀ ကွက်နှင့် ဒဏ်ကြေးတို့ကနေ တိုင်းအစိုးရအဖွဲ့အခွန်ရရှိမှုအနေနဲ့ ကျပ်သိန်းပေါင်း ၉၆၀၀၀ ကျော်ရှိတယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်း MEITI ရဲ့လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းလုပ်ဆောင်ရမယ့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ( SNU – Subnational Coordination Unit ) ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ်ကစတင် ဖွဲ့စည်းထားပါတယ်။ လက်ရှိအချိန်ထိ SNU အစည်းအဝေးပေါင်း ၃ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အစည်းဝေးသုံးကြိမ်ပြုလုပ်ပြီးဖြစ်ပေမယ့် အောင်မြင်တယ်လို့ ပြောလို့မရတဲ့အပြင် နောက်အစည်းအဝေးတွေတောင် လုပ်လို့မရတဲ့အခြေအနေထိ ဖြစ်လာတယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းကဏ္ဍက SNU အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ၊ စစ်ကိုင်းတိုင်း MATA ဦးဆောင်ကော်မတီဝင် ဦးငွေလင်းက ပြောပါတယ်။

“SNU လုပ်ငန်းစဉ်က အောင်မြင်တယ်လို့ ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရကဏ္ဍဖက်က ကိုယ်စားလှယ်တွေက စိတ်ဝင်စားမှု မရှိဘူး။ SNU ဆုံးဖြတ်ချက်တွေကိုလည်း လိုက်နာအကောင်အထည်မှုအပိုင်းမှာ တော်တော်လေး အားနည်းတာတွေ့ရတယ်။ MEITI လုပ်ငန်းစဉ်‌ကြောင့် SNU (တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့) ပေါ်လာတယ်။ SNU လုပ်ငန်းစဉ်က MEITI ရဲ့ ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်တွေနဲ့လည်း ဆက်စပ်မှု အားနည်းတယ်။ National Coordination Secretariat (NCS)၊ MEITI-MSG နှင့် SNU ကိုယ်စားလှယ်တွေက ပူးပေါင်းဆောရွက်ခြင်း နှင့် ထိတွေ့ဆောင်ရွက်မှုက အလွန်အားနည်းတယ်လေ။ ရှင်းလင်းတဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းတွေနဲ့ MEITI ရဲ့ လုပ်ငန်းစဉ်မှာ တိုင်းနှင့် ပြည်နယ် SNU တွေက ဘယ်လိုပါ၀င်ရမလဲဆိုတာ တိတိကျကျ ထွက်ဖို့ လုပ်ဖို့ လိုတယ်လို့ မြင်တယ်။ စစ်ကိုင်းတိုင်းအနေနဲ့ SNU လုပ်ငန်းစဉ်က မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ Covid -19 ကြောင့်လို့ ပြောစရာရှိပေမယ့် Covid -19 မတိုင်ခင်ကာလတွေလည်း အစိုးရကဏ္ဍရဲ့ ကိုယ်စားလှယ်တွေ ပါဝင်မှုက အိမ်ဖြည့်သက်သက်ပဲ။ အစည်းအ‌ဝေးကို လုပ်လို့ မရတဲ့ အခြေအနေ ဖြစ်သွားတယ်။

အသေးစားနှင့် လက်လုပ်လက်စားကဏ္ဍနဲ့ ပတ်သက်ပြီး လုပ်ကွက်စိစစ်ချထားပေးတဲ့အခြေအနေက မြေပြင်မှာ အဂတိလှိုက်စားမှုတွေ အကြီးကြီး ဖြစ်ပေါ်နေတယ်။ ၂၀၂၀ ပြည့်နှစ် အစပိုင်းက တိုင်းလွှတ်တော် ရေးရာကော်မတီအဖွဲ့တွေနဲ့ သုတေသနနှင့် လူထုကြားနာဆွေး‌‌နွေးပွဲတွေ လုပ်ရင်း (၁) လ ကျော်ကြာ ခရီးစဉ်မှာ ‌လုပ်ငန်းရှင်နှင့် ‌‌‌ဒေသခံတွေဆီက ကြားသိခဲ့ရတယ်။ ‌မြစ်၊ ချောင်း၊ အင်း၊ သစ်တော၊ လယ်မြေတွေ အပျက်အစီးကတော့ စိတ်မကောင်းစရာပဲ။ လွှတ်‌တော်ရေးရာကော်မတီတွေကတော့ တိုင်းလွှတ်တော်ကို တွေ့ရှိချက် အစီရင်ခံစာ တင်ပါတယ်။ မြေပြင်မှာက ကျွန်တော်တို့ နိုင်ငံသားတွေ ဥပ‌ဒေအရ ပေးထားချက် အခွင့်အ‌ရေး ရှိပေမယ့် ငွေပေးပြီး ခိုးတူးနေရတဲ့ ဘဝဗျ။ ဖမ်းပြီဆို ပြေး၊ ပုန်းနေရတဲ့ ဘဝတွေ။ အခွင့်အရေးတွေက မညီမျှကြဘူး ရတာက။ လုပ်ကွက်ချထားပေးရေး လုပ်ငန်းစဉ်က အဂတိဖြစ်ပေါ်စေတဲ့ ကိစ္စတွေ လျော့ပါးအောင် လုပ်မှ ရမယ်။ သယံဇာတက ဝင်ငွေ ရပေမယ့် စီမံအုပ်ချုပ်မှု ညံ့ရင် ပဋိပက္ခတွေ၊ မငြိမ်းချမ်းမှုတွေ၊ တရားဥပဒေ မစိုးမိုးမှုတွေ ပိုမို ဖြစ်စေတတ်တယ်။  ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ သယံဇာတနဲ့ပတ်သက်လို့ ACC ကတော့ တိုင်းအဆင့်နှင့် မြို့နယ်အဆင့်တွေကို အရေးယူတရားစွဲဆိုမှုတွေတော့ ရှိလာတယ်။”လို့ ဦးငွေလင်း က ပြောပါတယ်။

တိုင်း‌ဒေသကြီး ဓါတ်သတ္တုမူဝါဒ (စစ်ကိုင်းတိုင်းဒေသကြီး) အနေနဲ့ ထည့်သွင်းစဉ်းစားရန် အောက်ပါ အကြံပြုချက်များကိုလည်း ဉပ‌ဒေပြုရေးဆိုင်ရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီတို့ နဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီး ဓါတ်သတ္တုကဏ္ဍကို စီမံခန့်ခွဲနိုင်ရန်အတွက် မူဝါဒတရပ် ဖော်ထုတ်သတ်မှတ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဥပဒေကြမ်းအပေါ် လူထုအကြံပြု ဆွေးနွေးပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွေကနေ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် လူမှုဘဝလုံခြုံရေး ဦးစားပေးရေး၊ ဒေသခံတွေဦးစားပေးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အဂတိကင်းစင်ရေး စတဲ့အချက်တွေပါဝင်တဲ့ အကြံပြုချက် ၁၂ ချက်ကိုလည်း သက်ဆိုင်ရာတွေကို တင်ပြတာတွရှိခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာလည်း တိုင်းသတ္တုတွင်းဥပဒေမူကြမ်းကို ၂၀၂၀ ခုနှစ်အတွင်းမှာ အတည်ပြုထားပြီးဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေတွေအရ အသေးစားနှင့် လက်လုပ်လက်စား ဓာတ်သတ္တုတူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို တိုင်းနှင့်ပြည်နယ်အစိုးရတွေက စီမံခန့်ခွဲနေပြီး အကြီးစား၊ အလတ်စားတွေကိုတော့ ပြည်ထောင်စု ဝန်ကြီးဌာနက စီမံတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ သယံဇာတထုတ်ယူမှုတွေနဲ့ပတ်သက်လို့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က တိုင်းသတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှုးဟောင်း ဦးအောင်နိုင်၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဒုတိယမန်နေဂျာ ဦးလင်းထင်အပါအဝင် ဝန်ထမ်းတချို့ကို အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုထားပြီး ကျွန်းလှမြို့နယ်က ဒုမြို့နယ်အုပ်ချုပ်ရေးမှုးအပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့၊ သစ်တောဝန်ထမ်းတချို့ကို အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုထားတာတွေလည်း ရှိနေပါတယ်။

တိုင်းအစိုးရအနေနဲ့တော့ တရားမဝင်သတ္တုတူးဖော်မှုတွေကို စိစစ်ဖမ်းဆီးတရားစွဲဆိုတာတွေ ရှိနေပြီး ၅ နှစ်တာကာလအတွင်းမှာ တရားမဝင်ရွှေတူးဖော်မှု ၃၁၀ မှု၊ တရားခံ ၅၁၀ ဦး၊ တရားမဝင်ခဲတူးဖော်မှု ၂ မှု၊ တရားခံ ၅ ဦး တို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာလည်း အစိုးရရအနေနဲ့ တိုင်းအတွင်း လုပ်ကွက်တွေ စီမံဆောင်ရွက်ရာမှာ သတ်မှတ်အခွန်တွေ ကြိုတင်ပေးသွင်းစေတာကြောင့် ကြွေးကျန်မရှိသလို တရားမဝင်လုပ်ကွက်တွေလျော့နည်းပပျောက်စေရေး ဝန်ကြီးတွေကို သက်ဆိုင်ရာ ခရိုင်အလိုက် တာဝန်ခွဲဝေပေးထားတယ်လို့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောဆိုထားပါတယ်။

By မျက်မှောက်ခေတ်

error: Content is protected !!