Home > သတင်း > စီးပွားရေး > နီးသလိုလိုနဲ့ ဝေးနေသေးတဲ့ လက်ပံတောင်းတောင် မြေယာလျော်ကြေး

ကမ္ဘာကျော်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေဧက ၅ ထောင်နဲ့အထက် သိမ်းဆည်းခံခဲ့ရပြီး စီမံကိန်းအနီးက တောင်သူမြောက်များစွာ လယ်မဲ့ယာမဲ့ဘဝကို ရောက်ရှိခဲ့ကြရပါတယ်။ စီမံကိန်းစတင်စဉ်ကတည်းက တောင်သူအများစုကတော့ မြေယာလျော်ကြေးရယူတာ၊ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ နေအိမ်အဆောက်အဦးတွေ ပြောင်းရွှေ့ဖယ်ရှားပေးတာတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း တောင်သူတချို့ကတော့ စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှုတွေအတွက် တန်ရာတန်ကြေးရရှိဖို့ အသက်သေဆုံး ထိခိုက်ဒဏ်ရာရတဲ့အထိ ကြံ့ကြံ့ခံရင်း စီမံကိန်းကို တလျှောက်လုံး ကန့်ကွက်ခဲ့ကြတာပါ။

၂၀၁၆ ခုနှစ် NLD အစိုးရတက်လာပြီးနောက်ပိုင်း ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ တောင်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို NLD အစိုးရက တာဝန်ယူဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ကြပေမယ့် ထင်သလိုဖြစ်မလာတဲ့အပြင် ၅ နှစ်တာကာလအတွင်း ပြည်ထောင်စုအဆင့်မပြောနဲ့ တိုင်းအဆင့်က အစိုးရတာဝန်ရှိသူတွေတောင် ဒေသခံတွေအကြိမ်ကြိမ်တောင်းဆိုသည့်တိုင် ဒေသခံတွေဆီကို သွားရောက်ကာ အခက်အခဲတွေကို တွေ့ဆုံနားထောင်ပေးတာ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။

လတ်တလောမှာလည်း မြေယာလျော်ကြေးဂယက်က တောင်သူတွေကြားမှာ ကြီးမားစွာ ဖြစ်ပေါ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက အစိုးရ၊ လွှတ်တော်၊ ကုမ္ပဏီနှင့် ဒေသခံတချို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးပွဲတက်တဲ့တောင်သူတချို့တောင်းဆိုချက် အချက် ၉ ချက်ထဲက အချက် ၅ ချက်ဖြစ်တဲ့ (၁) မြေယာလျော်ကြေးထုတ်ယူပြီးတဲ့ တောင်သူတွေထဲက မြေယာပိုင်ဆိုင်မှုအလိုက် တစ်ဦးကနေ သုံးဦးထိ အလုပ်အကိုင်ခန့်ထားပေးရန်၊ (၂) SME လုပ်ငန်းတွေကို မြေယာလျော်ကြေးမယူသေးတဲ့ကျေးရွာနှင့် တောင်သူတွေကို ဦးစားပေး ဆောင်ရွက်ပေးရန်၊ (၃) ဆည်တည်းရွာကို ညောင်ပင်ကြီး-ဆားလင်းကြီးကားလမ်းဘေးမှာ ပြောင်းရွှေ့နေရာချထားပေးရန်၊ (၄) မြေယာလျော်ကြေးထုတ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးရင် မြေယာဆုံးရှုံးတဲ့ တောင်သူတွေကို ၂၀၁၃ ခုနှစ်ကနေ ဒီနေ့ထိ ဘဏ်စာအုပ် တွက်ချက် ထုတ်ပေးရန်၊ (၂) မြေယာလျော်ကြေးထုတ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးရင် မြေယာဆုံးရှုံးတဲ့ တောင်သူတွေကို ၂၀၁၃ ခုနှစ် တစ်နှစ်လုံးရဲ့ ပျှမ်းမျှငွေလဲနှုန်းနှင့် ဒုတိယအကြိမ်၊ တတိယအကြိမ် မြေယာလျော်ကြေး ထုတ်ယူတဲ့ နှစ်ရဲ့ ပျှမ်းမျှငွေလဲနှုန်း ကွာခြားချက်နဲ့ တွက်ချက်ထုတ်ပေးရန် စတဲ့အချက်တွေကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကြောင့် မိုးကြိုးပြင်ကျေးရွာက တောင်သူတချို့ မြေယာကွာဟမှုညှိနှိုင်းတာတွေရှိခဲ့သလို မြေယာလျော်ကြေးထုတ်ယူတဲ့ တောင်သူတွေလည်း ရှိခဲ့ပါတယ်။ စီမံကိန်းဧရိယာအတွင်းကျရောက်ပြီး ကျေးရွာပြောင်းရွှေ့ရမယ့် ဆည်တည်းကျေးရွာကတောင်သူတချို့ကလည်း မြေယာလျော်ကြေးထုတ်ယူဖို့ စိုင်းပြင်းနေတာတွေ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Joint Implementation Team – JIT အစည်းအဝေးတက်ရောက်ခဲ့တဲ့ တောင်သူတွေရဲ့ ဆုံးဖြတ်ချက်က အားလုံးကို ကိုယ်စားမပြုတဲ့အတွက် လက်မခံနိုင်ဘူးဆိုကာ တောင်သူတချို့က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဆည်တည်းရွာအနီး ယာမြေမှာ သတင်းမီဒီယာတွေကို ဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်တုန်းက  သူတို့သဘောတူညီချက်ထွက်လာတဲ့စာရှိပါတယ်။ ကျွန်မတို့ မကြိုက်လို့ တောင်သူသမားတွေကို ပြေပြေလည်လည်လည်း ရှင်းမပြပါဘူး။ ဒီလိုစာထွက်တာကို ဘယ်သူ့ကိုမှလည်း ရှင်းမပြပါဘူး။ အဲဒီအတွက် ကျွန်မတို့က ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရပါတယ်။ ကျွန်မတို့တောင်သူလယ်သမားတွေ ဘယ်လောက်နစ်နာတယ်ဆိုတာလည်း သူတို့သိပါတယ်။ ဝမ်ပေါင်ကုမ္ပဏီလည်း သိပါတယ်။ ဒီနေ့ဒီရက်စပြီး မတန်ဘဲနဲ့လည်း ကျွန်မတို့မြေယာလျော်ကြေးကို ဘယ်နည်းနဲ့မှ မထုတ်ဘူး။ ၁၈ သိန်းကို။ ကာလပေါက်ဈေးဆိုယူမယ်။ ရွာကိုလည်းရွှေ့ပြောင်းမယ်။ မရွှေ့ပြောင်းဘူးမပြောဘူး။ ရွှေ့ပြောင်းမယ်။ ပထမတစ်ချက်က မြေယာလျော်ကြေးပြေလည်မှ ကျွန်မတို့ရွာရွှေ့ပြောင်းမယ်။ ကျွန်မတို့ကိုယ်တိုင်ကလည်း အခါခါလည်း ပြောတယ်။ လယ်ယာမြေလျော်ကြေးကိုတော့ မဖြေရှင်းပေးဘဲနဲ့ ရွာနေရာကို ကြံရွယ်တာကို မြေယာလျော်ကြေးကျတော့ မဖြေရှင်းဘဲနဲ့ ရွာနေရာကို ဘာလို့ ဦးစားပေးတာတုန်း။ သူတို့ မဖြေနိုင်ဘူး။ အခုရွာနေရာဝယ်တဲ့နေရာတွေက သိန်း ၅၀၀၊ သိန်း ၇၀၀ ဝယ်တယ်။ ကျွန်မတို့ကျ ၁၈ သိန်းပဲ ပေးတယ်။ အဲဒါတရားလား မတရားလားစဉ်းစားကြည့်ပါ။”လို့ ဆည်တည်းရွာဟောင်းက မြေယာသိမ်းဆည်းခံတောင်သူ ဒေါ်သန်းနုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြေယာလျော်ကြေးထုတ်ရတာနဲ့ပတ်သက်ပြီး မိုးကြိုးပြင်ကျေးရွာက တောင်သူ ဦးကျော်နိုင်ကတော့ “မြေယာနည်းနည်းကွာဟတာလေးတွေတော့ရှိတယ်။ ဒါကိုလည်း သူတို့ဖက်က ပြန်စိစစ်ပေးမယ်ပြောတယ်။ မြို့နယ်ထွေအုပ်ရုံးမှာပဲ ထုတ်ရတာ။ သူတို့သတ်မှတ်ပေးတဲ့အတိုင်း ၁ ဧက ၁၈ သိန်းနှုန်းနဲ့ပေါ့။ အဓိကပြန်ထုတ်ဖြစ်တာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အစည်းအဝေးမှာ တောင်းဆိုချက်တွေထဲက အချက် ၅ ချက် သဘောတူညီချက်ရခဲ့လို့ ထုတ်ဖြစ်တာပါ။”လို့ ပြောဆိုထားပါတယ်။

ပြေလည်မှုတစ်ချို့ကြောင့် တောင်သူတွေ မြေယာလျော်ကြေးထုတ်ယူမယ့်အကြောင်းကို ဝန်ကြီးချုပ်ကိုလည်း တင်ပြပြီး ကုမ္ပဏီဖက်ကိုလည်း လျော်ကြေးထုတ်ပေးဖို့ ပြောဆိုထားကြောင်းကိုလည်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကတော့ ပြောဆိုထားပါတယ်။

လက်ပံတောင်းတောင်ကြေးနီးစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ စာမျက်နှာ ၆၆ ကော်မရှင်၏ အထွေထွေသုံးသပ်ချက်နှင့် အကြံပြုချက်များ အပိုဒ် ၉၄ (က) (၁) အရ ဒေသခံတွေကို မြေယာလျော်ကြေးပေးရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်သည်ဆိုပေမယ့် ပေးအပ်သည့်လျော်ကြေးက ကာလတန်ဖိုးမဟုတ်သဖြင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုများ ရှိခဲ့ပါသည်။ သို့ဖြစ်ရာ မြေယာလျော်ကြေးပေးမှုကို ပြန်လည်သုံးသပ်ပြီး ပေးအပ်သည့် လျော်ကြေးကို ကာလတန်ဖိုး (market value) နဲ့ ကိုက်ညီစေရန် တိုးမြှင့်ပေးသင့်သည်။ အပိုဒ် (၂) မှာ စီမံကိန်းအတွက် သတ္တုသိုက်များသာမက အခြားစိုက်ပျိုးဧရိယာများစွာရယူထားသည်ကို တွေ့ရသည့်အတွက် စီမံကိန်းနယ်မြေစိစစ်ပြီး ပြန်လည်ပေးနိုင်သည့် လယ်ယာမြေများကို ပြန်လည်ခွဲဝေပေးသင့်သည်။ အပိုဒ် (၃) လယ်ယာမြေအစားပေးသည့်အနေနဲ့ ၎င်းကျေးရွာများဝန်းကျင်ရှိ မြေလွတ်၊ မြေလပ် ၁၉၀၀ ဧကခန့်ကို စိုက်ပျိုးနိုင်သည့်မြေဖြစ်အောင် ပြုပြင်ခွဲဝေပေးသင့်သည်ဟု ပါရှိခဲ့ပါတယ်။

ဒီအချက်တွေအတိုင်း လိုက်နာအကောင်အထည်ဖော်ပေးဖို့ကို ဒေသခံတွေက လိုလားနေတာလည်း ဖြစ်ပါတယ်။

မြေယာလျော်ကြေးက အစိုးရက သတ်မှတ်တာဖြစ်ပြီး လိုက်နာဆောင်ရွက်ရမှာဖြစ်သလို လျော်ကြေးငွေ မြန်မြန်ထုတ်ကြဖို့လည်း ကြေးနီစီမံကိန်းများတာဝန်ခံဖြစ်သူ မစ္စတာ ဒေါင်ယွင်ဖီးက ပြောဆိုထားပါတယ်။

“အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ လျော်ကြေးငွေကို မြန်မြန်ထုတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကာလပေါက်ဈေးဆိုတာ အရင်တုံးက ၂၀၁၃-၁၄ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်အရ ကျနော်တို့က လိုက်ပြီးတော့ အကောင်အထည်ဖော်တာ။ အစိုးရက ချပေးတဲ့ ကာလပေါက်ဈေးအပေါ်မှာ သူတို့က လက်မခံတာ။ သူတို့က အရင်က ကာလပေါက်ဈေးထက် အခုကာလပေါက်ဈေးကို လိုချင်တာ။ ဒါဟာ အဓိပ္ပါယ်မရှိဘူး။ ကာလပေါက်ဈေးဆိုတာ အရင်တုံးက အစိုးရချထားပေးခဲ့တဲ့ ကာလပေါက်ဈေးကို လက်ခံရမှာ။ မြေယာလျော်ကြေးဆိုတာ ကျနော်တို့ သတ်မှတ်တာမဟုတ်ဘူး။ အစိုးရက သတ်မှတ်ထားတာ။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့က လိုက်နာဆောင်ရွက်တာပါ။ မြန်မာဝမ်ပေါင်က အဲဒီမြေကွက်ကို ကျနော်တို့ ပိုင်တာမဟုတ်ဘူး။ ကျနော်တို့က ငှားတာ။”လို့ မစ္စတာ ဒေါင်ယွင်ဖီးက ဆိုပါတယ်။

လက်ရှိမှာ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမယ့် ကျေးရွာတွေထဲမှာ ဝက်မှေးရွာက အိမ်ခြေ ၃၀ ခန့်၊ ဆည်တည်းရွာက အိမ်ခြေ ၁၀၀ ခန့် ကျန်ရှိနေပါသေးတယ်။ စီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပါ အချက်တွေကို အခြေခံကာ လိုက်နာအကောင်အထည်ဖော်ရေးအတွက် ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုက စီမံကိန်းစတင်စဉ်ကတည်းကနေ ဒီနေ့ထိ အကြိမ်ရေ ၂၀၀ ထက်မနည်း ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းကနေ စတင်ကာ ဆန္ဒပြမှုတွေက တဖြည်းဖြည်းနဲ့ လျော့နည်းခဲ့တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြတာတွေကိုလည်း ဆက်လက်ပြီး မလုပ်လိုတော့ဘူးလို့ ဆိုကြပါတယ်။

တောင်သူတွေကတော့ အစီရင်ခံစာအတိုင်း သူတို့လိုချင်တဲ့ ကာလပေါက်ဈေးမရရင် အသက်သာအသေခံသွားမှာဖြစ်ပြီး လျော်ကြေးကိုတော့ လုံးဝမယူနိုင်ဘူးလို့လည်း မိုးကြိုးပြင်ကျေးရွာကနေ သတင်းစာရှင်းလင်းပွဲလာရောက်ခဲ့တဲ့ မြေယာသိမ်းဆည်းခံတောင်သူတစ်ဦးက ပြောဆိုခဲ့ပါသေးတယ်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေက NLD အစိုးရအပေါ် များစွာမျှော်လင့်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၅ နှစ်ကတော့ ထင်သလို မဖြစ်လာခဲ့ပေမယ့် လာမယ့် ၅ နှစ်ကလည်း NLD အစိုးရပဲ ဆက်လက်အုပ်ချုပ်ရဦးမှာဖြစ်လို့ အကြမ်းမဖက်ဘဲ ပြေလည်အောင် ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး မပြေလည်ချင်သူတွေရှိလို့ မပြေလည်ရတာလို့လည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကို လာရောက်ကာ ပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ဖူးပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအရ ကြေးနီစီမံကိန်းဧရိယာအဖြစ် ဧကပေါင်း ၇၈၆၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ လယ်ယာမြေ ၅ ထောင်ကျော်ပါဝင်ခဲ့တာပါ။ အစီရင်ခံစာမတိုင်ခင်က နိုင်ငံတော်က အကျိုးအမြတ်အနေနဲ့ ပမာဏအနည်းငယ်သာ ရခဲ့ပြီး အစီရင်ခံစာနောက်ပိုင်းမှာမှ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!