Home > သတင်း > စီးပွားရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကုန်ထုတ်လမ်းများများလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကုန်ထုတ်လမ်းများများလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးစားပေးမူဝါဒတွေထဲမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝ မြင့်မားစေရန် ဆိုတဲ့အချက်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ အစိုးရရဲ့ မူဝါဒအောင်မြင်ဖို့အတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ ကုန်ထုတ်လမ်းတွေ များများလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်းအတွင်းက မီဒီယာတွေနဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာပါ။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သမာရိုးကျ လယ်ယာစနစ်ကနေ အဆင့်မြင့် စက်မှုလယ်ယာမြေတွေ ဖော်ထုတ်ပြီး ခေတ်မီတဲ့ လယ်ယာသုံးစက်ကိရိယာတွေကို စိုက်ခင်းတွေဆီ အရောက်ပို့ဖို့ ကုန်ထုတ်လမ်းတွေ လိုအပ်နေတာဖြစ်ပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မူဝါဒထဲမှာ အရေးကြီးဆုံး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အခက်အခဲဘာရှိလဲဆိုတော့ အရေးကြီးဆုံးကတော့ ကုန်ထုတ်လမ်းလိုတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ အဆင့်မြင့် စက်မှုလယ်ယာမြေဆိုတာ မရှိသေးဘူး။ အခု AIIP ကနေ ရွှေဘိုခရိုင် သဖန်းဆိပ် ဆည်ရေသောက်ဧက ၅၀၀၀ ကျော်ရှိတယ်။ တိုင်းဒေသကြီးဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျက်တွေနဲ့ စက်မှုလယ်ယာဦးစီးဌာနက ဖော်ထုတ်ပေးထားတာက လယ်ယာမြေ ထောင်ဂဏန်းလောက်ပဲ ရှိပါတယ်။ အဲတော့ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ စပါးစိုက်ဧက ၁၈ သိန်းလောက်ရှိတယ်။ အဲတော့ လယ်ယာကဏ္ဍတိုးတက်ဖို့ဆိုရင် သမာရိုးကျ လယ်ယာစနစ်နဲ့သွားလို့ မရဘူး။ အဲဒီစိုက်ပျိုးတဲ့ဧရိယာအတွင်းမှာ လယ်ယာသုံးစက်ကိရိယာတွေ ဝင်နိုင်ဖို့လိုတယ်။ ကုန်ထုတ်လမ်းလိုတယ်။ ရေသွင်း၊ ရေထုတ် လုပ်ပေးဖို့လိုတယ်။ လယ်ယာကဏ္ဍ အောင်မြင်ရေးမှာ အဓိက မိုးရေပဲပြောရမှာ ဖြစ်တယ်။ မိုးရေစုဆောင်းနိုင်ဖို့ ရေသွင်းရေထုတ်မြောင်းတွေ လိုတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာမြေတွေက အဆင့်မြင့် စက်မှုလယ်ယာမြေတွေ မဟုတ်တဲ့အတွက် လယ်ကွက်တွေထဲမှာ တောင်သူတစ်ယောက်ချင်း သွားလာဖို့ ခက်ခဲတယ်။”လို့ တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၉-၂၀၂၀ အတွင်း အသားတင် စိုက်ပျိုးမြေဧကပေါင်း ၄၅ သိန်းကျော် ရှိပါတယ်။ စနစ်တကျလယ်ယာအနေနဲ့ ဧကပေါင်း ၄၀၅၇.၆၄ ဧကကျော်ကို တောင်သူ ၂၅၂၆ ဦးကို ပေးအပ်ခဲ့ပါတယ်။ စက်မှုလယ်ယာဦးစီးဌာနက ၅ နှစ်တာကာလအတွင်း တောင်သူပေါင်း ၁၀၄၄ ဦးအတွက် ၂၂၅၅.၅ ဧကနှင့် ဆည်မြောင်းဌာနက AIIP စီမံကိန်းအနေနဲ့ ၁၄၇၉.၈၂ ဧက ဖော်ထုတ်ထားပါတယ်။ မြေလွတ်မြေရိုင်းကနေ လယ်ယာမြေဖော်ထုတ်မှုအနေနဲ့လည်း ဧကပေါင်း ၃၃၅၇ ဧက ရှိပြီး မြို့နယ် ၁၁ မြို့နယ်က လယ်မဲ့ယာမဲ့ တောင်သူ ၁၄၅၇ ဦးကို ဖော်ထုတ်ပေးထားတာပါ။ ဒါ့အပြင် AIIP အပါအဝင် နိုင်ငံတကာရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ တခြားသော စီမံကိန်းတွေ ဆောင်ရွက်နေတာတွေလည်း ရှိနေပါသေးတယ်။

အဓိကကုန်ထုတ်လမ်းသာရှိပါက အချိန်နဲ့တပြေးညီ စိုက်ပျိုးနိုင်မှာဖြစ်ပြီး မျိုးစေ့တွေကိုလဲ အချိန်နဲ့တပြေးညီ စိုက်ခင်းအရောက်ပို့ စိုက်ပျိုးနိုင်မှာဖြစ်ကာ လယ်ယာထွက်ကုန်တွေကိုလဲ အချိန်အနည်းဆုံးနဲ့ သယ်ယူထုတ်နိုင်မှာဖြစ်တဲ့အတွက် အဲဒီကိစ္စရပ်တွေပြောင်းလဲပေးနိုင်မှာက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမယ်လိုလည်း သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူတွေအနေနဲ့ ဓာတ်မြေသြဇာ ပိုးသတ်ဆေး စတဲ့ သွင်းအားစုတွေကိုလည်း အရည်အသွေပြည့်မှီပြီး စျေးနှုန်းမှန်ကန်သုံးစွဲနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!