Home > သတင်း > စီးပွားရေး > ဝက်လက်မြို့နယ်က GAP ဆောင်းနှမ်း စုပေါင်းရောင်းချပွဲမှာ တင်းပေါင်း ၆ ထောင်ကျော် ရောင်းချနိုင်ခဲ့

ဝက်လက်မြို့နယ်က GAP ဆောင်းနှမ်း စုပေါင်းရောင်းချပွဲမှာ တင်းပေါင်း ၆ ထောင်ကျော် ရောင်းချနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် စိုက် ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အား ကူညီပေးရေးအဖွဲ့ (Network Activity Group- NAG) တို့ပူးပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ ဆောင်းနှမ်းစုပေါင်းရောင်းချပွဲကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ ဒီအရောင်းပွဲမှာ နှမ်းတင်းပေါင်း ၆၀၀၀ ကျော် ရောင်းချခဲ့ရပါတယ်။

“၅ ရက်တာ စုပေါင်းရောင်းချမှုမှာ အရောင်းအဝယ် အဆင်ပြေပါတယ်။ ဈေးနှုန်းကတော့ တစ်ရက်နဲ့တစ်ရက်မတူပါဘူး။ ဒီ ၅ ရက်တာကာလအတွင်းမှာ တောင်သူတွေအနေနဲ့ သူတို့ရောင်းချင်တဲ့ ဈေးနှုန်းနဲ့ ရောင်းရတာဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်းလည်း ရှိတယ်။ အချိန်အတွယ်လည်းမှန်ကန်တယ်။ အရည် အသွေးစစ်တဲ့နေရာမှာလည်း ပညာရတဲ့အတွက် ဒီလို စုပေါင်းရောင်းချရတာကို သဘောကျပါတယ်။ ထပ်ပြီးတော့ ဒီလို‌စုပေါင်းရောင်းဝယ်မှုကိုလည်း ဆက်ပြီးတော့ လုပ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ‌ဈေးနှုန်းအနေနဲ့ အပြင်မှာ ရောင်းချနေတဲ့ ပေါက်ဈေး ထက်လည်း တစ်တင်းကို ၅၀၀၀ ကျပ်အထိကို ပိုရတဲ့အတွက် တောင်သူတွေအနေနဲ့ အကျိုးအမြတ်ပိုရပါတယ်။”လို့ တောင်သူလယ်သမားအရေးဆောင်ရွက်သူ ဦးတင့်လွင်က ပြောပါတယ်။

စုပေါင်းရောင်းချပွဲမှာ နေ့အလိုက်အရောင်းအဝယ် ဖြစ်မှု‌အနေနဲ့ ပထမနေ့မှာ ၉၇၃ တင်း၊ ဒုတိယနေ့ မှာ ၁၁၀၀ တင်း၊ တတိယနေ့မှာ ၁၄၀၀ တင်း၊ စတုတ္ထနေ့မှာ ၁၇၀၀ တင်းနှင့် ပဉ္စမနေ့မှာတော့ ၁၂၀၀ တင်း စုစုပေါင်း ၆၃၇၃ တင်းအထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ GAP နှမ်းသီးနှံတွေ စုပေါင်းရောင်းချပွဲမှာ တောင်သူတွေကိုယ်တိုင် ကိုယ့်သီးနှံ အရည်အသွေး၊ ဈေးနှုန်းကို ကိုယ် တိုင်သတ်မှတ်တာအပြင် ကိုယ်တိုင်ချိန်တွယ်တာတွေ ပြုလုပ်ရတဲ့အတွက် ကျေနပ်မှုတွေလည်း ရှိခဲ့သလို ဈေးပိုရခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီစုပေါင်းရောင်းချပွဲက ကိုဗစ်ရော ဂါဖြစ်ပွားနေတဲ့ကာလမှာ သွားလာရေးကန့်သတ်မှု အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စုပေါင်းရောင်းချပွဲမှာ GAP နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ ဆောင်းနှမ်းတွေမှာ Free Fatty Acid ပါဝင်မှုနှုန်းထား၊ ဖုန်/သဲ/ခဲ ပါဝင်မှုမရှိစေရေး၊ အဖျင်းအမှော် ပါဝင်မှုမရှိစေရေး၊ ဓါတ်ကြွမ်းပါဝင်မှုမရှိစေရေး စတဲ့ GAP အရည်‌အသွေးသတ်မှတ်ချက် ၁၀ ချက်နဲ့ Grade A,B,C သတ်မှတ်ကာ ရောင်းဝယ်ခဲ့ကြတာပါ။

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဝက်လက်မြို့နယ်မှာ GAP နည်းစနစ်နဲ့ အင်ကြင်းပင်၊ ကံပေါက်၊ ဆင်နင်း၊ ရုံးပင်ကုန်း၊ ထန်းကြီး၊ အင်းပဲကြီး၊ ပေါက်ကံ၊ ကံပေါက်၊ မင်းတုန်း၊ ရွှေကျင် စတဲ့ ကျေးရွာ ၁၀ မှာ တောင်သူ ၃၃၈ ဦးက ဆောင်းနှမ်း ၁၁၃၅ ဧကကို စိုက်ပျိုးခဲ့ပြီး လာမယ့် နွေသီးနှံရာသီမှာလည်း ကျေးရွာ ၂၀ မှာ GAP နည်းနဲ့ ‌နှမ်းသီးနှံ တိုးချဲ့ စိုက်ပျိုးသွားဖို့ ပြင်ဆင်ထားကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အား ကူညီပေးရေးအဖွဲ့ (Network Activity Group- NAG) တို့ပူးပေါင်းပြီး ဝက်လက်မြို့နယ်နှင့် မြောင်မြို့နယ်တွေမှာ GAP နည်းစနစ်နဲ့ ဆောင်းသီးနှံ စိုက်ပျိုးခဲ့ပြီး ထွက်ရှိလာတဲ့ ဆောင်းနှမ်းတွေကို စုပေါင်းရောင်းဝယ်မှုဆိုင်ရာသဘောတူညီချက် လက်မှတ်ကိုလည်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက တိုင်းစိုက်ပျိုးရေးဦးစီးဌာနရုံးမှာ ရေးထိုးခဲ့ပါသေးတယ်။

အေပီတီ

error: Content is protected !!