Home > သတင်း > စီးပွားရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ စုပေါင်းရောင်းချပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ စုပေါင်းရောင်းချပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ (Network Activity Group- NAG) တို့ပူးပေါင်းကာ ပထမဆုံးအကြိမ်အဖြစ် GAP နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ ဆောင်းနှမ်းတွေကို စုပေါင်းရောင်းချပွဲ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာ၊ တွဲဘက်အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ စုပေါင်းရောင်းချပွဲတွင် GAP နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ ဆောင်းနှမ်းတွေမှာ Free Fatty Acid ပါဝင်မှုနှုန်းထား၊ ဖုန်/သဲ/ခဲ ပါဝင်မှုမရှိစေရေး၊ အဖျင်းအမှော် ပါဝင်မှုမရှိစေရေး၊ ဓါတ်ကြွင်းပါဝင်မှုမရှိစေရေး စတဲ့ GAP အရည်‌အသွေးသတ်မှတ်ချက် (၁၀) ချက်နဲ့ Grade A,B,C သတ်မှတ်ကာ ကာလပေါက်ဈေးနှုန်းနဲ့ GAP နှမ်းသီးနှံ စုပေါင်း​ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်​ရေးထိုးထားတဲ့ မကွေးမြို့၊ မြင့်မြတ်တော်ဝင်ကုမ္ပဏီကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

“ကွာခြားချက်ကတော့ အခြားပွဲရုံတွေမှာ အရင်နှစ်က‌ ရောင်းချတဲ့အခါမှာ တောင်သူတွေက ကတ္တားတောင် နားမလည်ခဲ့ဘူး။ ကိုယ့်နှမ်းနဲ့အရည်အသွေးကိုလည်း မသိခဲ့ရဘူး။ ဓါတ်‌ကြွင်းတွေ၊ Acid ဓါတ်တွေလည်း မသိခဲ့ရဘူး။ အခု စုပေါင်းရောင်းချပွဲမှာတော့ Acid တိုင်းတာတဲ့ကိရိယာနဲ့ စစ်ဆေးပြတယ်။ နားလည်အောင်ရှင်းပြတယ်။ နောက်တစ်ခုက အစိုဓါတ်တိုင်းတဲ့စက်နဲ့ အစိုးဓါတ်တိုင်းပြတယ်။ ဘယ်လိုအရည်အသွေးရှိရမယ်ဆိုတာလည်း ဗွီနိုင်းနဲ့ ရှင်းပြထားတယ်။ ထူးခြားချက်ကတော့ အစိုဓါတ်များတယ်ဆိုလည်း ဒီအစိုဓါတ်များတာဟာ ဘာကြောင့်၊ Acid များတာ သည် ကိုင်တွယ်ပုံမှာ ဘယ်လိုရှိခဲ့လို့ စတဲ့ တောင်သူတွေနဲ့ စိုက်ပျိုးရေးဌာနနဲ့ ဝယ်ယူတဲ့ ကုမ္ပဏီနဲ့ အပြန် အလှန် ဆွေးနွေးမှု‌လေးရသွားတာ ထူးခြားချက်လေးပေါ့။ ကတ္တားချိန်တဲ့နေရာမှာလည်း Digital ကတ္တားကိုလည်း နားလည်အောင် ရှင်းပြတယ်။ အလေးချိန်မှန် ကန်မှုတွေ၊ ဈေးနှုန်းတွေကိုလည်း တောင်သူကိုယ်တိုင် ကုမ္ပဏီကို ပွင့်လင်းမြင်သာစွာနဲ့ချိန်ဆက်ပြောနိုင်တဲ့ အတွက် အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန်လေးစားမှုရခဲ့တာကတော့ ဒီပွဲရဲ့အားသာချက်တွေဘဲ ဖြစ်ပါတယ်။”လို့ ဒေသခံတောင်သူလယ်သမားအရေးဆောင်ရွက်သူ ဦးတင့်လွင်က ပြောပါတယ်။

GAP နှမ်းသီးနှံ စုပေါင်းရောင်းချပွဲတွင် တောင်သူတွေကိုယ်တိုင် ကိုယ့်နှမ်းရဲ့ အရည်အသွေးကို ကိုယ် တိုင်သတ်မှတ်တာ၊ ချိန်တွယ်တာ၊ ဈေးနှုန်းသတ်မှတ်တာတွေကို ပြုလုပ်ရတာဖြစ်ပြီး Grade A ရရှိမှုနည်းပါးပြီး Grade Bနှင့် C ရရှိမှုများကာ တစ်တင်းပေါက်‌ဈေးနှုန်းမှာလည်း ပြင်ပပွဲရုံပေါက်ဈေးထက် ပိုမိုရရှိခဲ့တယ်လို့ သိရပါတယ်။ GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေက တခြားနည်းနဲ့ စိုက်ပျိုးထုပ်လုပ်ထားတဲ့ သီးနှံတွေထက် အရည်အသွေးပိုမိုကောင်းမွန်တာ၊ ဈေးနှုန်းပိုမိုရရှိတာ၊ ပြည်တွင်းစျေးကွက်တွင်သာမက ပြည်ပစျေးကွက်တွေကိုပါ တင်ပို့ရောင်းချနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေလည်းရှိနေပါတယ်။

“ကျနော်တို့က တောင်သူတွေကို ဝင်‌ငွေကောင်းအောင်၊ ဈေးကွက်ကောင်းရရှိအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အစားအစာတွေကို ဘေးကင်းလုံခြုံမှုရှိစေရေး ရည်ရွက်ချက်တွေနဲ့ GAP နည်းစနစ်နဲ့ သီးနှံတွေကို စိုက်ပျိုးအကောင်အထည်ဖော်တယ်။ နောက်ပြီး GAP သီးနှံတွေကို ဈေးကောင်းရအောင် ပေါင်းစပ်ပြီးတော့ လုပ်ပေးတယ်။ အခုပွဲဆိုရင် တောင်သူတွေ အနေနဲ့ နှမ်းတစ်တင်းကို အပြင်ပေါက်ဈေးထက် ၃၀၀၀ ကျပ်လောက် ပိုရပါတယ်။”လို့ ဝက်လက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် ကပြောပါတယ်။

GAP ဆောင်းနှမ်းသီး စုပေါင်းရောင်းချရာမှာ လက်ရှိဈေးနှုန်းအဖြစ် နှမ်းတစ်တင်းကို Grade A အဆင့် ၅၇၀၀၀ ကျပ်၊ Grade B ၅၆၀၀၀ ကျပ်၊ Grade C ၅၅၀၀၀ ကျပ် ရရှိပါတယ်။ Covid-19 ကာလအတွင်း သွားလာရေးကန့်သတ်မှုတွေကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးနေတဲ့ အချိန်မှာ အခုလိုစုပေါင်းရောင်းချတဲ့အတွက် တောင်သူတွေမှာ များစွာအကျိုးဖြစ်ထွန်းတယ်လို့လည်း သိရပါတယ်။

အခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ (Network Activity Group- NAG) တို့ပူးပေါင်းကာ GAP နည်းနဲ့စိုက်ပျိုးထားတဲ့ ဝက်လက်မြို့နယ်အတွင်းက အင်ကြင်းပင်၊ ကံပေါက်၊ ဆင်နင်း၊ ရုံးပင်ကုန်း၊ ထန်းကြီး၊ အင်းပဲကြီး၊ ပေါက်ကံ၊ ကံပေါက်၊ မင်းတုန်း၊ ရွှေကျင် စတဲ့ ကျေးရွာ ၁၀ ကတောင်သူ ၃၃၈ ဦးရဲ့ ဆောင်းနှမ်း ၁၁၃၅ ဧကမှာ စိုက်ပျိုးထွက်ရှိလာတဲ့ ဆောင်းနှမ်းများကို ဝယ်ယူခဲ့တာပါ။

စုပေါင်းရောင်းဝယ်မှုဆိုင်ရာသဘောတူညီချက်လက် မှတ်ရေးထိုးပွဲကိုလည်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အေပီတီ

error: Content is protected !!