Home > သတင်း > တရားဉပဒေစိုးမိုးရေး > စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၂၀၂၀ခုနှစ်မှာ မီးလောင်မှု ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦးရှိခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၂၀၂၀ခုနှစ်မှာ မီးလောင်မှု ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦးရှိခဲ့

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မီးလောင်မှု ၂၂၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ခဲ့မှုကြောင့် လူပေါင်း ၃၈ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၈ ဦး သေဆုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် မီးလောင်ခံခဲ့ရတဲ့ လူနေအိမ်ခြေပေါင်း ၃၃၅ လုံးရှိခဲ့ပြီးတော့ မီးဘေးဒုက္ခသည် လူဦးရေ အမျိုးသား အမျိုးသမီး စုစုပေါင်း ၈၁၈ ဦး ရှိခဲ့ပါတယ်။

“ကျနော်တို့ စစ်ကိုင်းတိုင်းထဲမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေပြီးတော့ ဒီဇင်ဘာလအထိ မီးလောင်ခဲ့တဲ့ အိမ်ခြေကတော့ ၃၃၅ လုံးပေါ့နော်။ မီးဘေးဒုက္ခသည် လူဦးရေကတော့ အမျိုးသား ၃၆၂ ဦး၊ အမျိုးသမီး ၄၅၆ ဦး စုစုပေါင်း လူဦးရေ ၈၁၈ ဦးအထိ ရှိခဲ့တယ်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့လူဦးရေကတော့ ၃၅ ဦးနှင့် မီးလောင်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့တယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး ဒုတိယညွှန်ကြားရေးမှုး ဦးကျော်ကျော်နိုင်က ပြောပါတယ်။

မီးသတ်သမားများအနေနဲ့ မီးလောင်နေမှုကို မီးငြှိမ်းသတ်တဲ့နေရာမှာ ထိခိုက်ဒဏ်ရာရရှိမှု အလွန်အင်မတန် နည်းပါးခဲ့ပြီး မီးခို ရှုရှိုက်ခဲ့မိလို့ သတိလစ် မေ့လျောတာမျိုးလောက်သာ ရှိခဲ့တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး ဒုတိယညွှန်ကြားရေးမှုး ဦးကျော်ကျော်နိုင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈-၁၉ ခုနှစ်မှာ မီးလောင်မှု ၂၀၆ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်၂၂၀ ကျော်၊ ၂၀၁၉-၂၀ တွင် မီးလောင်မှု ၁၉၀ ကြိမ်၊ ဆုံးရှုံးမှုကျပ်သန်း ၆၈၄ သန်းကျော်ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ မီးလောင်ခဲ့တဲ့ အကြိမ်ရေ ၂၂၆ ကြိမ်အထိရှိခဲ့ပြီး ၇၅၅.၅၀ ကျပ်သိန်းဖိုး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုတွေထဲမှာ ရွှေဘိုခရိုင်က ၄၉ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး အများစုက ပေါ့ဆမီးတွေဖြစ်ကာ ၅၉ ကြိမ်ထိ ရှိခဲ့ပါတယ်။

ကောင်းကျော်

error: Content is protected !!