Home > သတင်း > ကျန်းမာရေး > ခင်မွန်ကျေးရွာ ကိုဗစ်ပိုးတွေ့ သူနာပြုဆရာမနဲ့ ထိတွေ့သူ ကိုယ်ဝန်ဆောင်မိခင် အနည်းဆုံး ၁၂၀ ရှိမယ်လို့ ခန့်မှန်းထား

ခင်မွန်ကျေးရွာ ကိုဗစ်ပိုးတွေ့ သူနာပြုဆရာမနဲ့ ထိတွေ့သူ ကိုယ်ဝန်ဆောင်မိခင် အနည်းဆုံး ၁၂၀ ရှိမယ်လို့ ခန့်မှန်းထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ ကလေးငယ်တွေနှင့် ကိုယ်ဝန်ဆောင်မိခင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ သားဖွားသူနာပြုဆရာမတစ်ဦးဆီကနေ ဇန်ဝါရီလ ၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ထိစပ်ခဲ့သူအားလုံးကို ရှာဖွေနေပြီး ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ သားဖွားသူနာပြုဆရာမက ခင်မွန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး ပိုးမတွေ့ခင် ဇန်နဝါရီလ ၁ ရက်နေ့က ကျေးရွာအုပ်စုတွင်းက ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေးကာကွယ်ဆေးထိုးနှံပေးခဲ့သူ ဖြစ်ပါတယ်။ ပိုးတွေ့ရှိခဲ့သူအနေနဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ လည်ချောင်းနာခြင်း ၊ ချောင်းဆိုးခြင်းများ စတဲ့ ရောဂါလက္ခာတွေစတင်ခံစားလာရတာကြောင့် ဇန်နဝါရီလ ၄ ရက်နေ့ ညက Test Kit နဲ့ စစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီရက်က ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို သက်ဆိုင်တဲ့ကာကွယ်ဆေးထိုးပေးရာမှာ အခု ပိုးတွေ့ရှိသူ သူနာပြုဆရာမလဲ ပါဝင်ခဲ့တယ်။ ဒါ့ကြောင့် ကာကွယ်ဆေးလာထိုးခဲ့ကြတဲ့ ကလေးငယ်တွေနှင့် ကလေးငယ်မိခင်တွေရော၊ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ စာရင်းကို အတိကျဖြစ်ဖို့ အသေးစိတ်လိုက်နေပါတယ်။ လောလောဆယ် ပိုးတွေ့လူနာရဲ့ပြောပြချက်အရ ထိတွေ့ခဲ့တဲ့ မိသားစုတွေအပါဝင် ပတ်ဝန်းကျင်လူ ၄၆ ယောက်ကို စာရင်းရရှိထားတဲ့အတွက် သူတို့ကို စစ်ကြည့်တော့ မတွေ့ရဘူး။ နောက်ထပ် ထိတွေ့ခဲ့သူအားလုံးကိုလဲ ကျေးလက်ကျန်းမာရေးဌာနနဲ့ မြို့နယ်ကျန်းမာ‌ရေးဌာနတွေကို အမြန်ဆုံးဆက်သွယ်ကြဖို့ နှိုးဆော်ထားပါတယ်။”လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှုး ဦးပြည့်ဖြိုးအောင်က ပြောပါတယ်။

ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီရက်က ကာကွယ်ဆေးလာထိုးသူ ကလေးငယ်တွေ၊ ကလေးငယ်မိခင်တွေနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း ၁၂၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ်မှာ ပိုးတွေ့ရှိသူ သူနာပြုဆရာမနဲ့ စပ်ဆက်‌ခဲ့သူတွေကို အိမ်မှာ Stay at home နေဖို့ သတ်မှတ်ထားပြီး ကျန်းမာရေးစစ်ဆေးတာတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါ။ ချောင်းဦးမြို့နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၃၀ ဦးရှိပြီး လက်ရှိမှာတော့ မြို့နယ်ဆေးရုံမှာ ကုသနေသူ ၇ ဦးရှိနေပါတယ်။

ချင်းတွင်းဧရာ

error: Content is protected !!