Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတွင် လဲကျသေဆုံးသူ အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတွင် လဲကျသေဆုံးသူ အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ လမ်းမပေါ်လဲကျသေဆုံးသူ အမျိုးသားတစ်ဦးထံကနေ ဒီကနေ့ နေ့လည်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းမြို့ခုတင်၂၀၀ ဆံ့ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်း လဲကျသေဆုံးနေတဲ့ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို အိုးဘိုလူမှုကူညီရေးအသင်းက စစ်ကိုင်း ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး RDT Test kitနဲ့ စစ်ဆေးခဲ့ရာ Positive အဖြေထွက်ရှိခဲ့တာပါ။

“လမ်းမပေါ်မှာလဲကျသေဆုံးလူနာကို လာပို့တယ်။ လာပို့တော့ မသင်္ကာလို့ RDT Test kit နဲ့ စစ်လိုက်တော့ ပိုးတွေ့ခဲ့တာ။ ဒီနေ့ နေ့လည်ပိုင်းက ပိုးတွေ့တာပါ။”လို့ စစ်ကိုင်းခုတင်၂၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုထွန်းက ပြောပါတယ်။

သေဆုံးအလောင်းကိုတော့ စစ်ကိုင်းမြို့ ယုန်ဖြူသုသာန်တွင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း ချက်ချင်းမီးသဂြိုလ်ခဲ့တာပါ။ စစ်ကိုင်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၀၂ ဦး ရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၃၆၀ ဦးရှိကာ သေဆုံးလူနာ ၁ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြိုနယ် ၃၄ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၈၀၆ ဦး ရှိပြီး အဲဒီထက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၅၄၁ ဦးရှိတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၃ ဦးရှိပြီး ကလေးမြို့တွင် ၅ ဦး၊ ရွှေဘိုမြို့နှင့် မုံရွာမြို့ ၂ ဦးစီ၊ ကန့်ဘလူမြို့၊ စစ်ကိုင်းမြို့၊ ယင်းမာပင်မြို့နှင့် အရာတော်မြို့တို့မှာ ၁ ဦးစီတို့ သေဆုံးထားပါတယ်။

ပိုတေး

error: Content is protected !!