Home > သတင်း > တရားဉပဒေစိုးမိုးရေး > နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းအပါအဝင် ၃ ဦးကို ၃ ပတ်ကျော်အကြာမှ ဖမ်းဆီး

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းအပါအဝင် ၃ ဦးကို ၃ ပတ်ကျော်အကြာမှ ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့စဉ်ကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း၂ ဦးနှင့် ပါတီရဲ့ရပ်ကျေးစည်းရုံးရေးမှုးတို့ကို နိုင်ငံတော်အကြည်ညိုပျက်အောင် ဟောပြောစည်းရုံးတာတွေ ပြုလုပ်ခဲ့လို့ ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်ကာ ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားတာပါ။ ဒီအမှုနဲ့ပတ်သက်လို့ အမှုဖွင့်ခံထားရသူတွေကိုတော့ ၃ ပတ်ကျော်အကြာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှသာ ဖမ်းဆီးနိုင်တာလည်းဖြစ်ပါတယ်။

“မနေ့ကညက ဖမ်းထားတယ်။ ၃ ယောက်စလုံးပါ။ ကျွန်တော်တို့ကတော့ ဘယ်နေ့က အမှုတင်တယ် ဘာညာတော့ အဲဒီအပိုင်းတော့ သိပ်တော့မသိဘူး။ ကျွန်တော်တို့ဆီတော့ ဖမ်းဝရမ်းက မနေ့ကထွက်တယ်။ မနေ့ကဖမ်းတယ်။ ဒါပါပဲ။”လို့ ပုလဲမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးတင်ဌေးက ပြောပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ နဲ့ပတ်သက်လို့ ရွေးကောက်ပွဲကာလအတွင်း ဖမ်းဆီးခံထားရသူတွေ စစ်ကိုင်းတိုင်းမှာ အများအပြားရှိပါတယ်။ အများစုကတော့ တရားရုံးက အမှုလက်ခံပြီးနောက်ပိုင်း ဖမ်းဆီးမိန့်တွေကို အချိန်မဆိုင်းဘဲ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်မှာ စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပတ်သက်ပြီး ကြန့်ကြာရတဲ့အကြောင်းရင်းကို ပုလဲမြို့နယ်တရားရုံးတာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာမှာတော့ ရုံးကိုလာပြီးမေးမြန်းဖို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“တရားဝင်သတင်းလာယူလိုက်ပါလား။ ရုံးက သတင်းပြန်ကြားရေးအရာရှိနဲ့ ဆက်သွယ်ပေးပါ့မယ်။ ကျင့်ထုံးအရ ဖုန်းနဲ့ဆောင်ရွက်လို့ မရလို့ပါ။”လို့ မြို့နယ်တရားသူကြီး ဒေါ်ဇာလီဝင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

တရားစွဲဆိုဖမ်းဆီးခံရသူတွေက ကြံ့ခိုင်ရေးပါတီရဲ့ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀) ပါဝင်ယှဉ်ပြိုင်ခဲ့သူ ကိုယ်စားလှယ်လောင်း ဦးစောမောင်၊ ပုလဲမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) ကဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးတင်ဆွေနှင့် ရပ်ကျေးစည်းရုံးရေးမှူး ဦးညိုရောင်တို့ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးရာမှာ အချိန်ကြန့်ကြာနေတဲ့အပေါ်မှာတော့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

“၅၀၅ (ခ)နဲ့ပတ်သက်လို့ တရားမြို့နယ်တွေမှာလည်း တရားရုံးက လက်ခံလိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာတရားသူကြီးက ဖမ်းဝရမ်းချက်ချင်း ထုတ်ပေးရတာကိုး။ ဒါပေမယ့် ပုလဲနယ်မှာကျတော့ ထူးထူးခြားခြား တရားသူကြီးက ချက်ချင်းထုတ်မပေးခဲ့တာ ဘာပဲပြောပြော ၃ ပတ်ဝန်းကျင် မဖမ်းဘူးဆိုတာတော့ တရားရေးအပေါ်မှာတော့ စိတ်ချယုံကြည်ဖို့ရာ မလွယ်ကူဘူးပေါ့။ ဒီအပေါ်မှာတော့ သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှု နည်းတယ်။ ဒီဟာက စတင်ဖြစ်ကတည်းက လိုင်းပေါ်မှာ တော်တော်ပြန့်နေတာလေ။ သူတို့ဟောပြောတဲ့ဖိုင်တွေက။ ဒါတွေကို သာမန်ပြည်သူကတောင် ဒါဥပဒေနဲ့မညီဘူး။ ချက်ချင်းအရေးယူရမယ်ဆိုတာ သိနေတာ။ ဒီအပေါ်မှာ မြို့နယ်စီခန့်က တရားစွဲပါရက်နဲ့ ချက်ချင်းအရေးမယူဘဲ အချိန်ဆွဲထားတဲ့အပေါ်မှာ ပြည်သူတွေအနေနဲ့ တရားရေးအပေါ်မှာ ယုံကြည်မှု နည်းသွားတာပေါ့။”လို့ ပုလဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောပါတယ်။

တရားစွဲဆိုခံရသူတွေက မဲဆွယ်စည်းရုံးရေးကာလ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ပုလဲမြို့နယ်၊ အင်တိုင်းသာကျေးရွာ ရွာလည်ဇရပ်မှာ မဲဆွယ်စည်းရုံးရေးဟောပြောစဉ် “ဦးသိန်းစိန်လက်ထက်က အတိုင်ပင်ခံရာထူးရှိသလား။ မရှိတဲ့ရာထူးကို နိုင်ငံခြားသား ၉၃ ယောက်ငှားထားရတယ်။ တစ်လ သိန်း ၅၀၊ ၆၀ ပေးပြီးငှားရတယ်။ သိန်း ၅ ထောင်ရှိတယ်။ ကျွန်တော်တို့မြို့နယ်၊ ကျေးရွာပေါင်းမှ သိန်း ၁ ထောင်မရဘူး။ ဒီလူတွေမငှားရင် လူမှုစီးပွား အကျိူးစီးပွားအတွက် အသုံးပြုလို့မရဘူးလား။ ကျွန်တော်တို့သာ မဲပေးခဲ့ရင် ဘာအတိုင်ပင်ခံမှ မခန့်ဘဲနဲ့ ကျွန်တော်တို့ကိုယ်တိုင် နိုင်ငံတော်အကျိုးဆောင်ရွက်မယ်။ ဒီနိုင်ငံအတွက် ဆောင်ရွက်လို့ မဲဆန္ဒရှင်တွေ နောင်တမရစေရဘူး။ လူနေမှုဘဝမြင့်မားတိုးတက်မယ်။ မြန်မာနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံသားအုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်ဖို့လိုတယ်။ မြန်မာလူမျိုးအုပ်ချုပ်တဲ့တိုင်းပြည် ဘယ်နိုင်ငံခြားသားမှ အတိုင်ပင်ခံငှားစရာမလိုဘူး။ ၂၀၁၀ ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီဖော်ဆောင်တဲ့ခေတ်မှာ ကိုယ့်မြန်မာလူမျိုး ဘယ်အတိုင်ပင်ခံမှ မငှားဘဲနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်ခဲ့ပါတယ်။”ဆိုပြီး ပြောဆိုခဲ့တဲ့အပေါ် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေက မြို့နယ်ကို တင်ပြခဲ့လို့ စိစစ်ပြီး တရားစွဲဆိုတာလို့ သိရပါတယ်။ ရွေးကောက်ပွဲကာလအတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ကြံ့ခိုင်ရေးပါတီကနေ တရားစွဲဆိုထားမှု ၁၅ မှုလောက်ရှိတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာမှာ ရွာထဲအဝင်မခံခဲ့တာနဲ့ပတ်သက်လို့လည်း ကြံ့ခိုင်ရေးပါတီက ရွာသား ၂၀ ခန့်ကို တရားစွဲဆိုတာ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှု အနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး စာရွက်ကပ်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ မုံရွာခရိုင် ဗကသကျောင်းသားတစ်ဦးအပါအဝင် အနည်းဆုံး အမှု ၂၀ ကျော်ရှိနေပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် အမှုတွေကို ရုံးတင်စစ်ဆေးတာမျိုး မရှိသေးပါဘူး။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!