Home > သတင်း > ကျန်းမာရေး > ခန္တီးကနေ မန္တလေးသွားမယ့် လေယာဉ်စီးခရီးသည် ၂ ဦးထံက ကိုဗစ်ပိုးတွေ့ရှိ

ခန္တီးကနေ မန္တလေးသွားမယ့် လေယာဉ်စီးခရီးသည် ၂ ဦးထံက ကိုဗစ်ပိုးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့ကနေ မန္တလေးကို Air Than Lwin လေကြောင်းခရီးစဉ်နဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ လိုက်ပါမယ့် ခရီးသည်တွေကို Test Kit နဲ့ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရာမှာ ခရီးသည် ၂ ဦးထံကနေ ကိုဗစ်ပိုး တွေ့ရှိခဲ့ပါတယ်။ ခရီးသည် စုစုပေါင်း ၂၆ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီထဲက အမျိုးသမီးနှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။

“ပိုးတွေ့တာ ၂ ယောက်ပေါ့။ တစ်ယောက်က ကျောင်းဆရာမ။ သူက လဟယ်ကနေ လာတယ်။ ခန္တီးရောက်နေတာ ၁ လလောက်ရှိပြီ။ နောက်တစ်ယောက်က ဟုမ္မလင်းက လာပြီး လင်ဖားရွာမှာ HQ နေခဲ့ပြီးသား။ ရဲမေသင်တန်းသွားဖို့ Test Kit နဲ့စစ်တာမှာ ပိုးတွေ့တယ်။”လို့ ခန္တီးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နန်းမြတ်မြတ်မွှေးက ပြောပါတယ်။

ခန္တီး-မန္တလေးလေယာဉ်ခရီးစဉ်လိုင်းကို ပြီးးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က စတင်ကာ ပြည်တွင်းလေကြောင်းခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာပါ။ လေယာဉ်ခရီးစဉ်မှာ လိုက်ပါမယ့် ခရီးသည်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနတွေမှာ ၃၆ နာရီအတွင်း ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရပြီး ပိုးမတွေ့မှ လိုက်ပါခွင့်ပြုတာလည်း ဖြစ်ပါတယ်။ အခုကူးစက်မှုက ဒေသတွင်းကူးစက်မှုဖြစ်ပြီး ဘယ်လိုက ကူးစက်တယ်၊ ထိတွေ့ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို သက်ဆိုင်ရာက စာရင်းကောက်ယူစစ်ဆေးနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးတွေ့ရှိတဲ့ ၂ ယောက်ကို ခန္တီးမြို့ ပြည်သူ့ဆေးရုံမှာ သီးသန့်စောင့်ကြည့် ကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။

ခန္တီးမြို့မှာ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၅ ဦးရှိပြီဖြစ်ပါတယ်။ အစောပိုင်းက တွေ့ရှိခဲ့တဲ့ ၃ ဦးကတော့ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ခန္တီးမြို့အပါအဝင် တစ်တိုင်းလုံးမှာ ပိုးတွေ့မြို့နယ်ပေါင်း ၃၄ မြို့နယ်ရှိပြီး ပိုးတွေ့လူနာပေါင်း ၁၇၄၃ ဦးရှိကာ သေဆုံးသူ ၁၃ ဦးရှိတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ခန္တီးမာန် (မျက်မှောက်ခေတ်)

error: Content is protected !!