Home > သတင်း > ကျန်းမာရေး > ယင်းမာပင်မြို့တွင် ရောဂါခံရှိသူ ကိုဗစ်လူနာတစ်ဦး သေဆုံး

ယင်းမာပင်မြို့တွင် ရောဂါခံရှိသူ ကိုဗစ်လူနာတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ ပြည်သူ့ဆေးရုံက ကိုဗစ်လူနာတစ်ဦး ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၄ နာရီအချိန်က သေဆုံးခဲ့ပါတယ်။ သေဆုံးသူက ပိုးတွေ့လူနာနဲ့ထိစပ်သူဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့က Test kit နဲ့စစ်ဆေးခဲ့ရာ ကိုဗစ်ကူးစက်ခံထားရကာ ရောဂါအခံကြောင့် သေဆုံးသွားတာပါ။

“လေလဲဖြတ်နေတာ။ ဆီးချိုရော၊ သွေးတိုးရော၊ နှလုံးရောဂါအခံရော ရှိတယ်။ ကိုဗစ်ရောဂါနဲ့ဆိုတော့ သေဆုံးတာပေါ့။ ကိုဗစ်ကြောင့် သေဆုံးတာက ဒါပထမဦးဆုံးပါ။ အရင်တစ်ခါကတော့ ကျွန်တော်မြို့နယ်ကဖြစ်ပေမယ့် မုံရွာမှာ အမျိုးသမီးတစ်ယောက်ဆုံးဖူးတယ်။”လို့ ယင်းမာပင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။

သေဆုံးသူက အသက် (၉၂) အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ယင်းမာပင်မြို့နယ် ဆင်တဲကျေးရွာမှာ နေထိုင်သူဖြစ်ကာ သေဆုံးတဲ့အလောင်းကိုတော့ ယင်းမာပင်မြို့ သုသာန်မှာ ဒီနေ့ နေ့လည်ပိုင်းက မြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီနှင့် လူမှုရေးအသင်းတို့ပူးပေါင်းပြီး မြေမြှုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ယင်းမာပင်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၆၇ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၅၆ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!