စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်တန်း၊ သင်ဂတုံကြိုးဝိုင်းအတွင်း လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကတည်းက အခြေချကာ ရေနံတူးဖော်နေကြသူတွေကို ၃ ရက်အတွင်း ထွက်ခွာသွားကြဖို့ သစ်တော တာဝန်ရှိသူတွေက ရေနံမှော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က လာရောက်ကာ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာပါ။ ဒီအတွက် နှစ်ပေါင်းများစွာ မှော်အတွင်းမှာ နေလာတဲ့သူတွေဖြစ်တဲ့အတွက် အချိန်တိုအတွင်း ပြောင်းရွှေ့ထွက်ခွာဖို့ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြောင်းကုန်းရေနံမှော်အတွင်းမှာ နေထိုင်နေသူတွေက ပြောပါတယ်။
“ယာကြီး-လာပို့လမ်း ကွန်းပင်ရေစခန်းက တောအုပ်အဆင့်ရှိသူတွေရယ်၊ သစ်တောရဲတွေရယ် လက်နက်ယူနီဖောင်းအပြည့်အစုံနဲ့ လာပြီးတော့ မှော်သူမှော်သားတွေကို အထက်အမိန့်အရ ဒီမှော်ကနေ ၃ ရက်အတွင်း အပြီးဖယ်ရှားရမယ်။ ပြင်ဆင်ကြဖို့ဆိုပြီး လာပြောတယ်။ ဒီမှော်မှာ ကျွန်တော်တို့ နေထိုင်လုပ်ကိုင်စားသောက်လာကြတာ ၁၅ နှစ်၊ ၁၆ နှစ် ရှိနေပြီ။ အခုလို ရုတ်တရက်ဖယ်ခိုင်းတော့ ကျွန်တော်တို့ဘဝတွေက ဒီမှာပဲရှိနေတာ။ ရင်းနှီးမြုပ်နှံထားကြရတာ။ သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ ဒီအခြေအနေကို ငဲ့ညှာပေးဖို့ပါပဲ။”လို့ မြောင်းကုန်းရေနံမှော်မှာ အခြေချနေထိုင်သူ ဦးသီဟက ပြောပါတယ်။
မဟူတောင်တန်းဧရိယာအတွင်း မဟူမှော်၊ နတ်ဗူးစွဲမှော်၊ မြောင်းကုန်းမှော်၊ မှော်ကြီး၊ မှော်သစ် စသည်ဖြင့် ရေနံမှော်တွေ ရှိကြပါတယ်။ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ဝန်းကျင်မှာ အဲဒီရေနံမှော်တွေက ရေနံလျှံကျင်းတွေ အမြောက်အများ ပေါက်ခဲ့ပြီး အဆင်ပြေသူတွေလည်း ရှိခဲ့သလို အဆင်မပြေသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။ လက်ရှိမှာ ဟိုအရင်က တူးဖော်ထားခဲ့ကြတဲ့ ရေနံတွင်းဟောင်းတွေက ဂါလံကျင်းလေးတွေကို အမှီပြုကာ စားသောက်နေထိုင်နေကြရတာပါ။
လက်ရှိအနေအထားအရ မြောင်းကုန်းရေနံမှော်အတွင်း အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၁၂၀ ကျော် မှီခိုနေထိုင် လုပ်ကိုင်စားသောက်နေကြရတာပါ။ ဒါ့အပြင် ရေနံမှော်ကထွက်ရှိတဲ့ ရေနံစိမ်းက ပြန်ပြီးချက်လုပ်သန့်စင်စရာမလိုဘဲ စက်အတွင်းကို တိုက်ရိုက်ထည့်ပြီးသုံးစွဲနိုင်တဲ့အတွက် ဒေသတွင်း လယ်ယာသုံးစက်ပစ္စည်းကိရိယာတွေ၊ မီးစက်နှင့် ထော်လာဂျီ၊ ဆန်စက်၊ ဆီစက်တွေအတွက် အားထားသုံးစွဲနေကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မှော်ကို အပြီးသတ်ပြောင်းရွှေ့စေခိုင်းတာမျိုး ညွှန်ကြားလာတဲ့အပေါ်မှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ဒေသခံကိုယ်စားလှယ်က ပြောပါတယ်။
“ကျွန်တော်သစ်တောကို ဆက်သွယ်ကြည့်တော့ မြို့နယ်သစ်တောဦးစီးမှုးက ခိုင်းတာလို့ သိရတယ်။ နောင်တော့ တရားဝင်ဖြစ်အောင် သက်ဆိုင်သူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းသွားမယ်ပေါ့။ လောလောဆယ်တော့ ကနဦးရှင်းလင်းတာလုပ်တာပေါ့။ ကျွန်တော်ကတော့ လောလောဆယ် ထိန်းထားဖို့ပေါ့။ သူတို့က နေစရာမရှိဘူးဖြစ်နေတယ်။ အခက်အခဲတွေက အများကြီးဖြစ်သွားမှာ။ ဒီကိစ္စကိုတော့ သစ်တောနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။”လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
အခုလို ဖယ်ရှားဖို့ ညွှန်ကြားလာတဲ့အပေါ် အစိုးရအနေနဲ့ ဆင်ခြင်သုံးသပ်ပေးဖို့အတွက်လည်း အသနားခံစာတင်ပြသွားမယ်လို့ မှော်သူမှော်သားတွေက ပြောပါတယ်။
“ကိုယ်စားလှယ်ကတော့ သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးကြည့်ဦးမယ်လို့ ပြောတာပေါ့။ ရုတ်တရက် ဒီလိုကြီး အဆောတလျင်မလုပ်ဖို့ပေါ့။ အချိန်ပေးဖို့တော့ ပြောတာပေါ့။ ကျွန်တော်တို့က ရွာပြန်မယ်ဆိုလည်း လုပ်ကိုင်စားသောက်ဖို့က မလွယ်ကူဘူး။ သူတို့က ဇွတ်အတင်းပြန်ခိုင်းလို့ပြန်ရင်လည်း ဘဝပျက်ရုံပဲရှိမယ်။ ကလေးတွေရဲ့ ပညာရေးကအစပေါ့။ ဒီကရတာလေးတွေနဲ့ ထားကြရတာ။ ကျန်းမာရေး၊ လူမှုရေးကိစ္စကအစပေါ့။ ဒါ့ကြောင့် အစိုးရကို အသနားခံစာလည်း တင်ပြသွားမှာပါ။”လို့ မြောင်းကုန်းရေနံမှော်မှာ အခြေချနေထိုင်သူ ဦးသီဟက ပြောပါတယ်။
“ဒေသခံတွေနဲ့ ညှိနှိုင်းပြီးတော့ ခုသာခံသာရှိအောင် လုပ်သင့်တယ်။ အရင်ဦးဆုံးလေ့လာပြီးတော့ ဒီလုပ်ငန်းကို ပိတ်မယ်ဆိုရင် ဘယ်လောက်ထိ နစ်နာသွားနိုင်မလဲ။ ဒီဟာကိုဘယ်လိုဆက်လုပ်လို့ရမလဲပေါ့။ သူက သစ်တောတွေခုတ်ပစ်တဲ့ လုပ်ငန်းမဟုတ်ဘူး။ ဝါး ၃ လုံးလိုတယ်။ ကျင်းတစ်ကျင်းအတွက်။ အပင်ကြီးတွေ ခုတ်လှဲစရာမလိုဘူး။ ဒါပေမယ့် လူတွေ အခြေချနေမယ်ဆိုရင်တော့ ထင်းတွေဘာတွေ လိုအပ်တာတော့ ရှိမယ်။ အဲတော့ သူတို့အနေနဲ့ အချိန်ကာလတစ်ခုသတ်မှတ်ပြီးတော့မှ ဒေသလည်း အဆင်ပြေအောင် ဒီတောလည်း အန္တရာယ်ကင်းအောင် ရွေးချယ်စရာနည်းလမ်းတွေရှိပါတယ်။ အဲလိုနည်းလမ်းတွေနဲ့ လုပ်လိုက်မယ်ဆိုရင် အဆင်ပြေမယ်။ ဥပမာ တွင်းအသစ်မတူးခိုင်းတော့ဘဲ တူးပြီးသားကျင်းကိုသာ ဆက်ခပ်ခိုင်းတာမျိုး၊ တူးပြီးသားကျင်းကိုပဲ ကျင်းပြင်ဖို့ တံရွင်းချခွင့်ပေးတာမျိုး၊ လူတွေကို အခုပုံစံမျိုး နေခွင့်မပေးတော့တာမျိုး စသဖြင့်ပေါ့။ ဒါမှမဟုတ်ဘဲနဲ့ ဥပဒေအတိုင်းသာဆိုရင်တော့ ဒီဥပဒေတွေကို ပြည်သူကို နှိပ်စက်ဖို့ဥပဒေပဲ ဖြစ်လိမ့်မယ်။ ဥပမာ ကျားရှိတယ်။ ကျားတစ်ကောင်တွေ့တယ်။ ကျားတွေ့လို့ လူနှစ်ရာ သုံးရာလောက်ကိုတော့ ရွှေ့ရမယ်ဆိုရင် ဒီကျားတစ်ကောင်က လူနှစ်ရာထက် တန်ဖိုးရှိနေသလိားဆိုတာ စဉ်းစားတွေးခေါ်ချက်တွေ ရှိလာနိုင်တယ်။ အဲတော့ မျှမျှတတဖြစ်အောင် သစ်တောဦးစီးဌာနက စဉ်းစာပြီးတော့ ဒေသခံတွေနဲ့ အကျိုးစီးပွားအတွက် သူတို့ခုသာခံသာနဲ့ နည်းလေးနဲ့ လုပ်သင့်တယ်လို့ မြင်တယ်။”လို့ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူ စစ်ကိုင်းတိုင်း MATA ဦးဆောင်အဖွဲ့ဝင် ဦးကျော်မင်းထွဋ်က ပြောပါတယ်။
ဒီရေနံမှော်မှာ အရင်က စစ်မှုထမ်းဟောင်းကုမ္ပဏီတွေအပြင် တခြားကုမ္ပဏီတွေလည်း လာရောက်အခြေချကာ ရေနံလက်ဝါးကြီးအုပ် ဝယ်ယူတာတွေ လုပ်ကိုင်ခဲ့ဖူးပါတယ်။ အဲဒီကာလတွေက အခုလို ရေနံတူးသူတွေကို တစ်ကြိမ်တစ်ခါမှ တားမြစ်ခဲ့တာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ရေနံစိမ်းက တစ်စည်မှ ကျပ် ၆ သောင်းကျော်ကနေ ၉ သောင်းကျပ်ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။ တွင်းအသစ်တူးနေသူကလည်း အင်မတန်နည်းပါးပြီး တွင်းဟောင်းတွေကိုသာ ခပ်ယူစုဆောင်း ရောင်းချနေသူတွေသာ များတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သစ်တောဌာနကိုတော့ မျက်မှောက်ခေတ်က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
လွင်မင်း(မျက်မှောက်ခေတ်)