Home > သတင်း > ကျန်းမာရေး > လအတန်ကြာပိတ်ထားခဲ့တဲ့ မုံရွာကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်

လအတန်ကြာပိတ်ထားခဲ့တဲ့ မုံရွာကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာကုန်စည်ဒိုင်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကိုက ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ကို ကိုဗစ်ပထမလှိုင်းဖြစ်ကာစက ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ်လကစ ပိတ်ခဲ့ပြီး ၈ လပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ကာ ဒုတိယလှိုင်းပြန်ဖြစ်တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး ဒုတိယအကြိမ်အဖြစ် ပိတ်ထားခဲ့တာပါ။ ကုန်စည်ဒိုင်ပိတ်ထားတဲ့ကာလအတွင်း အွန်လိုင်းကတဆင့်သာ အရောင်းအဝယ်ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ လတ်တလောမှာ အွန်လိုင်းကအရောင်းအဝယ်ပြုလုပ်ရတာ အခက်အခဲရှိလာတဲ့အတွက် အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ပြန်လည်ဖွင့်လှစ်တာလည်း ဖြစ်ပါတယ်။

“Online တွေနဲ့ ရောင်းဝယ်မှုတွေလုပ်တော့ နည်းနည်းလေး အဆင်မပြေတာပေါ့ဗျာ။ ပွဲစားတွေက တစ်ဦးမဝယ်ရင် တစ်ဦးကိုသွားပြတယ်။ ဝယ်တဲ့သူက မုံရွာ နန္ဒဝန်မှာရှိတယ်ဆို သွားပြပြီး မဝယ်ရင် နောက်တစ်ယောက်က အောင်ချမ်းသာကဆို အောင်ချမ်းသာသွားပြ၊ တခါ မဝယ်ပြန်ရင် မုံရွာတောင်ဘက်ရှိတယ်ဆို အဲဘက်သွားပြရတယ်။ အဲဒါမျိုးတွေ ပြရတော့ တစ်နေရာနဲ့တစ်နေရာ သွားရလာရတာ အဆင်မပြေ၊ ခရီးမတွင်ဖြစ်တယ်။ အလုပ်လည်း မတွင်ကျယ်ဘူး။ မုံရွာကုန်စည်ဒိုင်ကျတော့ တစ်စုတစ်ဝေးတည်းနဲ့ဆိုတော့ အဆင်ပြေတယ်။ စျေးကွက်လဲမြန်ဆန်တယ်။ ပဲသစ်တွေစပေါ်တဲ့ရာသီရောက်ပြီ။ အဲဒီရည်ရွယ်ချက်တွေကြောင့် ပြန်ဖွင့်ပေးတာ။”လို့ ဦးတင်ကိုကိုက ပြောပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က မုံရွာကုန်စည်ဒိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့အလုပ်အမှုဆောင်အစည်းအဝေးမှာ ဆုံးဖြတ်ချက်အရ မုံရွာကုန်စည်ဒိုင်ကို ကျန်းမာရေးနဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းအတိုင်း ကုန်စည်ဒိုင်းအတွင်း Mask တပ်တာ လက်ဆေးတာ၊ အပူချိန်တိုင်းတာတာ၊ အရောင်းအဝယ်ပြုလုပ်ချိန်မှာ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာ အရောင်းအဝယ်ပြုလုပ်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်းအတွင်း Mask ကိုအမြဲတပ်ဆင်ရမှာဖြစ်ပြီး မတပ်ဆင်ပါက ထမအကြိမ် ဒိုင်ဝင်ခွင့် ၃ ရက်၊ ဒုတိယအကြိမ် ဒိုင်ဝင်ခွင့် ၅ ရက်၊ တတိယအကြိမ် ဒိုင်ဝင်ခွင့် ၁၅ ရက်ပိတ်မှာဖြစ်ကာ စတုတ္ထအကြိမ် ဗဟိုအလုပ်အမှုဆောင်ရဲ့ဆုံးဖြတ်ချက်နဲ့အညီ ဆက်လက်အရေးယူဖို့ စီမံခန့်ခွဲထားတာရှိတယ်လို့လည်း သိရပါတယ်။

မုံရွာကုန်စည်ကို ကိုဗစ်ကြောင့် ပိတ်ထားပေမယ့် Online စနစ်နဲ့အရောင်းအဝယ်ပြုလုပ်ခဲ့ရာ ၇၅ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့လည်း မုံရွာကုန်စည်ဒိုင်အတွင်းရေးမှူး ဦးဇော်မိုးက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်အတွင်း အသင်းသူအသင်းသားတွေကိုသာ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး တခြားမည်သည့်ဧည့်ဝင်ရောက်မှုကိုမှ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်အတွင်း နေ့စဉ် မနက် ၁၀ နာရီကစတင်ပြီး နေ့လည် ၁၂ နာရီခွဲအထိ အရောင်းအဝယ်ပြုလုပ်ရမှာဖြစ်ကာ နေ့လည် ၁ နာရီအချိန်မှာ ကုန်စည်ဒိုင်ပရဝုဏ်ကို ပိတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!