Home > သတင်း > ကျန်းမာရေး > မုံရွာမြို့ Fever Clinic ဆေးခန်းကို အနံ့ပျောက်လို့ လာပြသူများလာပြီး ကိုဗစ်ပိုးတွေ့လူနာ ၈ ဦးအထိရှိလာ

မုံရွာမြို့ Fever Clinic ဆေးခန်းကို အနံ့ပျောက်လို့ လာပြသူများလာပြီး ကိုဗစ်ပိုးတွေ့လူနာ ၈ ဦးအထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီရုံးစိုက်ရာ လူငယ်စင်တာမှာ ဖွင့်လှစ်ထားတဲ့ မုံရွာမြို့ရဲ့ Fever Clinic ဆေးခန်းကို အခုရက်ပိုင်းအတွင်း အနံ့ပျောက်လို့ လာရောက်ပြသူတွေများလာတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း (မုံရွာ) Fever Clinic ဆေးခန်းနာယက ဒေါက်တာဝင်းမော်က ပြောပါတယ်။ အဲဒီ Fever Clinic ဆေးခန်းကို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဒီကနေ့အထိ လာရောက်ပြသသူ ၃၃၀ ဦးရှိကာ အဲဒီထဲက ပိုးတွေ့လူနာ ၈ ဦးအထိရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီရဲ့ စာရင်းတွေအရ သိရပါတယ်။

“အခုနောက်ပိုင်းမှာ Fever Clinic ဆေးခန်းကို အနံ့ပျောက်လို့ လာပြသူတွေများလာတယ်။ အနံ့ပျောက်တဲ့သူတွေကို ဆေးရုံကိုလွှဲပေးတယ်။ အနံ့ပျောက်သူတွေအကုန်နီးပါး ပိုးတွေ့တယ်။”လို့ ဒေါက်တာဝင်းမော်က ပြောပါတယ်။

အဲဒီ Fever Clinic ဆေးခန်းကို မုံရွာမြို့ ဒေါနခြံရပ်ကွက် လူငယ်စင်တာမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး တနင်္ဂနွေနေ့နဲ့ ဗုဒ္ဓဟူးနေ့မှအပ ကျန်နေ့တွေမှာ မနက် (၉) နာရီက နေ့လည် (၁၁) နာရီအချိန်ထိ ဖွင့်လှစ်ကုသပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။ ကိုဗစ်ပထမလှိုင်းကာလအတွင်း Fever Clinic ဆေးခန်းကို မေလ (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ရောဂါကူးစက်မှုတွေကျဆင်းသွားတဲ့အတွက် ဇူလိုင်လ (၂) ရက်နေ့မှာ ခေတ္တခဏ ရပ်နားထားခဲ့ခြင်းဖြစ်ကာ တစ်ကျော့ပြန်လည် ကူးစက်မှုနှုန်း မြင့်မားလာတဲ့အတွက် စက်တင်ဘာလ (၂၁) ရက်နေ့က Fever Clinic ကိုပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Fever Clinic Monywa ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့အတူ ဆရာဝန်များအသင်း ( မုံရွာ ) ၊ စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ၊ SAVE MONYWA နဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့က ပူးပေါင်းပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ အသက်ရှုကြပ်တာတွေအပြင် သာမန်ဖျားနာတာတွေအတွက် ဖွင့်လှစ်ထားတာဖြစ်ပြီး ဆေးခန်းမှာ အခမဲ့ လက်ခံကုသပေးနေတာပါ။

ဆေးခန်းပြလိုသူတွေအနေနဲ့ Hotline Number 09-660010000 သို့ ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းရမှာဖြစ်ကာ မပြခင်နေ့ မနက် (၈) နာရီကနေ (၁၂) နာရီနှင့် ညနေ (၄) နာရီကနေ ည (၉) နာရီထိ ကြိုတင် စာရင်းပေးနိုင်မှာလည်းဖြစ်ပါတယ်။ မုံရွာမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်အထိရှိလာပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ တစ်နေ့ထဲတင် မုံရွာမြို့မှာ ကိုဗစ်ကူးစက်ခံရသူ ၁၂ ဦးတွေ့ရှိခဲ့ပါသေးတယ်။

ပိုတေး

error: Content is protected !!