တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃)က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာ တည်ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ စက်ရုံဧရိယာအတွင်းပါဝင်တဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ ကျေးရွာ ၃ ရွာက မဲပေးနိုင်သူဦးရေစုစုပေါင်း ၁၄၀၀ ကျော်ရှိရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရရှိခဲ့ပေမယ့် ကပစ (၂၃) ဧရိယာအတွင်းက တောင်သူတွေမှာတော့ သူတို့လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို အဆောက်အဦးဆောက်တော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံခင်းတွေ၊ ရိုးပြတ်လယ်တွေအတွင်း စက်ယန္တရားတွေနဲ့ထိုးတာတွေ ပြုလုပ်နေသလို တားဆီးတဲ့ တောင်သူမှန်သမျှကိုလည်း အမှုဖွင့် တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ခံနေရပါတယ်။ အခုလို ဖြစ်ရတာက ရွေးကောက်ပွဲရလဒ်ကြောင့်သာ ဖြစ်တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
“ရွေးကောက်ပွဲမတိုင်ခင်ဖြစ်သွားတဲ့ ဖြစ်စဉ်လေးအပေါ်မူတည်တာလို့ သုံးသပ်တယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ အားလုံးလည်း သိတဲ့အတိုင်းပဲ သူတို့ကတော့ ပါတီနာမည်တွေမပြောဘူးပေါ့။ အစိမ်းဖက်ကို မဲပေး။ မဲမပေးရင် မင်းတို့သုံးရွာ ဖယ်ထုတ်ရမယ်။ မင်းတို့သုံးရွာဒီကနေ ထွက်သွားရမယ်ဆိုတဲ့ စကားမျိုးနဲ့ သူတို့ ပင်စင်ယူခါနီး ဗိုလ်မှူးအဆင့်က ရွာအုပ်ချုပ်ရေးမှူးအိမ်ကို လာပြီးတော့ ပြောတယ်။ အခုကျတော့ NLD က အပြတ်အသတ်နိုင်သွားတယ်။ ဒီသုံးရွာက အစကတည်းက ၂၀၁၅ တုန်းကလည်း ၉၀ ရာခိုင်နှုန်း၊ အခုလည်း ၉၀ ရာခိုင်နှုန်းတောင်မကဘူး ကျော်သေးတယ်။ အဲလိုဆိုတော့ ရန်စတဲ့သဘောမျိုးလို့ သုံးသပ်တာပေါ့။ ဒါပေမယ့် ပဋိပက္ခလည်း မဖြစ်စေချင်လို့ အတတ်နိုင်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အေးအေးဆေးဆေးပဲဖြစ်အောင် သူတို့ရဲ့ အထက်လူကြီးတွေကို ချိတ်ဆက်ပြီးတော့ ညှိနှိုင်းပေးနေတယ်။ ဝန်ကြီးဌာနကို ချိတ်ဆက်ပြီးတော့ ညှိနှိုင်းပေးနေတယ်။”လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာလ ၃ ရက်နေ့က ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ကန့်သက်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို သွားရောက်ကာ တခြား စက်ရုံဧရိယာအတွင်းမှာ ပါဝင်တဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ ကျေးရွာက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး “ကိုယ့်ရဲ့ နေထိုင်ရေးက ကိုယ့်ရဲ့စဉ်းစားမှုအပေါ်မှာ မူတည်တယ်။ စဉ်းစားပြီးသာ လုပ်ကြ။ တပ်တွင်းထဲမှာ နေရင်တော့ အစိမ်းပဲကောင်းတယ်။ နီသွားရင်မကောင်းဘူးပေါ့။ ကိုယ်က ရင်းနှီးလို့ပြောတာပေါ့။ နောက်ခါကျရင် သွားရေးလာရေး နေရေး ထိုင်ရေးကအစ အကျဉ်းကြပ်တွေဖြစ်မှာစိုးလို့တဲ့။ အစိမ်းနိုင်ထားတယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ရွာထဲကို အကုန်သိအောင် ပြောထား။ အားလုံးသိအောင် လာပြောတာ။ ရွေးကောက်ပွဲမှာ အစိမ်းကိုသာ မဲပေးကြဖို့၊ မဲမပေးရင် ကျေးရွာပြောင်းရွှေ့တဲ့ကိစ္စတွေအတွက် အာမ မခံနိုင်ဘူး။ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးကြရမှာ၊ အစိမ်းနိုင်မှ အဆင်ပြေမှာ အနီနိုင်ရင်အဆင်မပြေဘူး။ ဒီလိုပြောတာတွေကို တိုင်ချင်ရာတိုင်” စတဲ့ စကားလုံးတွေ သုံးစွဲပြောဆိုခဲ့တာပါ။ ပြောဆိုခဲ့တဲ့အတိုင်း လက်ရှိမှာတော့ အကောင်အထည်ဖော်လာတာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။
“မဲကိစ္စတုန်းကလည်း ဒီရွာတွေ အနီနိုင်ရင် နောက်ရေရှည်မှာ မလွယ်ဘူးဆိုတဲ့ ကိစ္စတွေကြောင့်လည်း အဲလိုလည်း ထင်တယ်။ ကျွန်တော်တို့ရွာတွေက အဲလိုနိုင်သွားတော့ အခုဖျက်ဆီးတာ ဒါတွေကြောင့် မကင်းဘူးလို့ ကျွန်တော်တို့ကတော့ ထင်ပါတယ်။”လို့ ကန့်သက်ကျေးရွာက တောင်သူတစ်ဦးက ပြောပါတယ်။
စက်ရုံက အလောင်းတော်ကဿပ အမျိုးသားဉယျာဉ် သဘာဝမြေဧရိယာ ၄၈၀၀၀ ကျော်၊ သစ်တောမြေ ၃ သောင်းကျော်၊ မြေလွတ်မြေရိုင်း ၂ ထောင်ကျော်၊ ဒေသခံတွေရဲ့ လယ်မြေ ၅၆၈၊ ယာမြေ ၆၄၂ နှင့် အခြားမြေ ၄၇ ဧက အပါအဝင် စုစုပေါင်းမြေဧရိယာ ၈၅၀၀၀ ကျော်ကို တပ်ပိုင်မြေ စက်ရုံဧရိယာအဖြစ် သတ်မှတ်ထားပါတယ်။ တပ်သိမ်းမြေထဲမှာ ပါဝင်တဲ့ လယ်ယာမြေတွေအတွက် တပ်ပိုင်မြေကနေ စွန့်လွှတ်ပေးဖို့ ဒေသခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ၂၀၁၇ ခုနှစ်အတွင်း မေးခွန်းမေးမြန်းခဲ့ပါသေးတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ တပ်ပိုင်မြေအဖြစ်သိမ်းယူခဲ့တဲ့ ဦးပိုင်ပေါက်လယ်ယာမြေ ၁၂၁၀ ဧကထဲက အဆောက်အဦးနဲ့လွတ်ကင်းတဲ့ ဧက ၈၀၀ ကျော်ကို မူလတောင်သူတွေ အခမဲ့ နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးထားပြီး လျော်ကြေးငွေလည်း ပေးထားပြီးဖြစ်တဲ့အပြင် စက်ရုံလုံခြုံရေးကြောင့် ပြန်မစွန့်နိုင်ဘူးလို့ ဖြေကြားထားပါတယ်။ မြေယာလျော်ကြေးပေးအပ်စဉ်က ဒေသခံတွေမှာ တစ်ဧကကို ကျပ်ရာဂဏန်းသာ ရရှိခဲ့တာပါ။ တခြားနေရာတွေမှာ အဆောက်အဦးဆောက်လုပ်စရာမြေနေရာတွေ အများကြီးကျန်နေသေးပေမယ့် တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ယာတွေအပေါ်မှာတော့ ငဲ့ညှာတဲ့အနေနဲ့ မလုပ်သင့်သေးဘူးလို့လည်း ဒေသခံကိုယ်စားလှယ်က ပြောပါတယ်။
“လုပ်မယ် ဆောက်မယ်ဆိုရင် ဒီနေရာကို ရမှမဟုတ်ဘူး။ နေရာတွေအများကြီးရှိတယ်။ ဒီနေရာကို ရမှမဟုတ်ဘူး။ ဒါကြောင့်မို့ တောင်သူတွေရဲ့ မျက်နှာကို ငဲ့ကွက်သောအားဖြင့် အဲဒီရွာ ၃ ရွာလုံးက ဆင်းရဲတယ်။ ဒီလယ်ယာတွေအပေါ်မှာပဲ မှီခိုစားသောက်နေရတာ။ တော်တော့ကို ဆင်းရဲတဲ့ရွာတွေဖြစ်တယ်။ အမတို့ ကိုယ်စားလှယ်ဖြစ်စက မြစိမ်းရောင်ချေးငွေချထားပေးခဲ့တယ်။ ဒါပေမယ့်လည်း ဆင်းရဲမြဲပဲ။ တောင်သူတွေက မြေအပေါ်မှာပဲ မှီခိုပြီးတော့ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြတဲ့ ယောသူယောသားတွေဖြစ်လို့ အမတို့ကတော့ သူတို့ရဲ့ လုပ်လက်စ မြေလေး ယာလေးတွေကို ဖြစ်နိုင်ရင် ရှောင်ရှားပြီးတော့ တခြားနေရာကို ရွေးချယ်လုပ်စေချင်တယ်။ နိုင်ငံရေးအပေါ် မူတည်တဲ့ကိစ္စဖြစ်လို့ အဆင့်ဆင့် လွှတ်တော်ထဲကနေရော အုပ်ချုပ်ရေးအစိုးရပိုင်းကနေရော ပြေလည်အောင် ညှိနှိုင်းသွားမယ်လို့ပဲ စဉ်းစားတယ်။ ဘာလို့လဲဆိုတော့ ဧကထောင်ချီ သောင်းချီတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ၃ ရွာပေါင်းမှ မြေကလည်း ရာဂဏန်းပဲရှိတယ်။ သူတို့တွေက နိုင်ငံရေးကိစ္စတွေ မရှိရင် ရွာနှင့် တပ်နဲ့ဟာ မိသားစုတွေပမာ နေထိုင်ကြတာဖြစ်တယ်။”လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောဆိုခဲ့ပါသေးတယ်။
လယ်ယာမြေတွေကို စက်ယန္တရားနဲ့ထိုးတာက ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ကန့်သက်ရွာနှင့် စက်ရုံဝန်ထမ်းအိမ်ရာ အကြားက လယ်ယာမြေတွေမှာဖြစ်ပါတယ်။ တောင်သူတွေက သွားရောက်တားမြစ်ခဲ့တာရှိပြီး တားမြစ်ခဲ့တဲ့တောင်သူတွေကို တရားစွဲဆိုမယ်ဆိုတဲ့ ပြောဆိုခြိမ်းခြောက်မှုတွေလည်း ရှိခဲ့တဲ့အတွက် တောင်သူတွေက ကြောက်ရွံ့နေကြပါတယ်။
“အခုထိုးနေတဲ့ကွင်းကို ရဲကိုလည်း အမှုဖွင့်ထားတယ်။ လာရင်လည်း လာတဲ့သူ တားတဲ့သူကို ဖမ်းမှာဆိုပြီးပြောတယ်။ ရွာထဲကလည်း ဖမ်းမှာဆိုတော့ စိုးရိမ်တာပေါ့။ မသွားရဲဘဲဖြစ်နေတာ။ ဒီစက်ရုံမြေကို ပြန်စွန့်လွှတ်ပေးဖို့ မဟုတ်ဘူး။ ဒီတိုင်းပဲ ပုံစံမပျက် လုပ်ကိုင်ခွင့်ပဲရချင်တာ။ အခုနေရာက စက်ရုံနဲ့လည်း မနီးဘူး။”လို့ ဒေသခံတောင်သူ ဦးမျိုးမင်းဇော်က ပြောပါတယ်။
လက်ရှိထိုးနေတဲ့ကွင်းထဲမှာ စပါးရိတ်သိမ်းပြီးဖြစ်လို့ ပန်းနှမ်းနှင့် စားတော်ပဲတွေ စိုက်ပျိုးထားကြပါတယ်။ စုစုပေါင်း တောင်သူ ၁၅ ဦးရှိပြီး ဧက ၃၀ ကျော်ရှိပါတယ်။ လတ်တလောမှာတော့ တောင်သူနှစ်ဦးရဲ့ မြေယာတွေကိုတော့ ယန္တရားနဲ့ ထိုးထားပြီးဖြစ်ပါတယ်။ တောင်သူတွေကတော့ နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာကို ထပ်မံတင်ပြပြီး စက်ရုံအဆောက်အဦးတိုးချဲ့ရေးကို လယ်ယာမြေတွေနဲ့လွတ်ကင်းတဲ့ တခြားနေရာတွေမှာ လုပ်ကိုင်ပေးဖို့ စတင်တောင်းဆိုသွားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ တောင်သူတွေကို တရားစွဲဆိုမယ်လို့သာပြောဆိုထားပြီး တကယ်အမှုဖွင့်မဖွင့်တော့ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကပစစက်ရုံ တာဝန်ရှိသူတွေကိုတော့ မျက်မှောက်ခေတ်က ဆက်သွယ်နိုင်ခြင်း မရှိသေးပါဘူး။
မျက်မှောက်ခေတ်