Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် အနှုတ် ၄ ဒီဂရီ စင်တီဂရိတ် ကျော်တဲ့အထိ ရောက်ရှိပြီး အအေးပိုနေ

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် အနှုတ် ၄ ဒီဂရီ စင်တီဂရိတ် ကျော်တဲ့အထိ ရောက်ရှိပြီး အအေးပိုနေ

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက အနိမ့်ဆုံးအပူချိန် အနှုတ် ၄.၄ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိလာတယ်လို့ ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းတစ်ဦးကပြောပါတယ်။ ဟားခါးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန် အနှုတ် ၄.၄ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိလာပြီး အအေးပိုလာတာပါ။

“ဒီရက်မတိုင်ခင်က အပူချိန် ၉.၈ ဒီဂရီ စင်တီဂရိတ်အထိ ရှိတယ်။ ၉.၈ကနေ ၆ ကိုကျတယ်။ ၆ကနေ ၃ ကျတယ်။ ၃ ကနေ အနှုတ် ၄ အထိရောက်သွားတာ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းတုန်းက အနှုတ် ၅ အထိ ရောက်ဖူးတယ်။ အခုဟာ အနိမ့်ဆုံးအပူချိန် အနှုတ် ၄.၄ ဒီဂရီ စင်တီဂရိတ်အထိ ရောက်လာပြီး အအေးပိုလာတယ်။ ရေခဲတာတွေလဲဖြစ်တယ်။ အနှုတ်ရောက်တဲ့အချိန်က ဒီဇင်ဘာနှင့် ဇန်နဝါရီလ နှစ်လပဲရှိတယ်။ အဲဒီချိန်အအေးပိုတာပေါ့။”လို့ မိုးဇလဝန်ထမ်းဖြစ်သူ ဒေါ်ထွေးသယ်က ပြောပါတယ်။

ချင်းပြည်နယ်မှာ ဆောင်းရာသီကာလရောက်လာတာနဲ့အမျှ ပုံမှန်အေးတတ်ပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလ နှစ်လမှာ အအေးဆုံးဖြစ်ပါတယ်။

“ဒီနှစ်ကအအေးပိုလာတာ စောတယ်။ အရင်တုန်းကဆိုရင် ဇန်နဝါရီလလောက်မှာပဲဖြစ်တာ။ အခုဟာက ခရစ္စမတ်တောင်မရောက်သေးဘူး အအေးပိုနေပြီ။ အအေးပိုလာတော့ သက်ကြီးရွယ်အိုတွေ အပြင်မထွက်ဖို့နဲ့ ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်တယ်။”လို့ ဟားခါးမြို့ဒေသခံ ကိုကျုံဟူးက ပြောပါတယ်။

ချင်းပြည်နယ်က နှစ်စဉ် ဆောင်းရာသီရောက်တိုင်း ရေမျက်နှာပြင်ခဲတဲ့အထိ အေးတတ်တဲ့ ဒေသလည်း ဖြစ်ပါတယ်။ လတ်တလော အပူချိန် အနှုတ်အောက်အထိရောက်ရှိနေတဲ့အတွက် တချို့နေရာတွေမှာတော့ ရေတွေအေးခဲကာ အချောင်းလိုက်၊ အခဲလိုက်ဖြစ်ပေါ်နေတာတွေကိုလည်း တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိုတေး

error: Content is protected !!