Home > သတင်း > တိုင်းရင်းသားကဏ္ဍ > လဟယ်မြို့နယ်က ကျေးရွာအချို့ ရိက္ခာပြတ်လပ်နေလို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်လှုဒါန်းပေးနေ

လဟယ်မြို့နယ်က ကျေးရွာအချို့ ရိက္ခာပြတ်လပ်နေလို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်လှုဒါန်းပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာ လဟယ်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့နေကြရပါတယ်။ ဒီအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရတဲ့ ကျေးရွာတချို့ကို သွားရောက်ကာ ဆန်အိတ်တွေ ဝေငှပေးခဲ့ပါတယ်။

“လဟယ်မြို့နယ်အတွင်းက ရိက္ခာပြတ်တဲ့ကျေးရွာ ၉ ရွာကို ဆန်အိတ်တွေ လှုပါတယ်။ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းနဲ့ အိမ်ခြေ ၅၂၁ အိမ်အတွက် ဆန်အိတ် ၅၂၁ အိတ်ကို လှုဒါန်းခဲ့တာပါ။ လူဦးရေ ၃၄၅၃ ယောက်အတွက် လှုဒါန်းခဲ့တာဖြစ်ပါတယ်။”လို့ ဖောင်ဒေးရှင်းကိုယ်စား သွားရောက်လှုဒါန်းပေးခဲ့သူ ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။

လဟယ်မြို့နယ်အတွင်း ရိက္ခာပြတ်လပ်မှုက အရင်နှစ်ကထက်ပိုပြီး ဆိုးဝါးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မိုးကာလမှာ တောင်ယာစပါးခင်းတွေမှာ ဆစ်ပိုးတွေကျရောက်ခဲ့ပြီး စပါးခင်းတွေ ပျက်စီးခဲ့တဲ့အတွက် စပါးအထွက်နှုန်းလျော့ကျကာ ရိက္ခာပြတ်လပ်မှု ကြုံတွေ့ရတာလို့ ဒေသခံကိုယ်စားလှယ်က ပြောပါတယ်။

“အခုကျွန်တော်တို့ လဟယ်မြို့နယ်မှာ စားနပ်ရိက္ခာပြတ်နေပါတယ်။ တောင်ယာက စပါးတွေ မအောင်ဘူး။ စပါးစိုက်ခင်းတွေ ပိုးကိုက်ကုန်တယ်။ ဒီနှစ်ပိုဆိုးတယ်။ ဒါကြောင့် စားနပ်ရိက္ခာပြတ်လပ်နေတဲ့ ကျေးအချို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အကူညီတောင်းပြီး လှူဒါန်းမှုပြုလုပ်ခဲ့တယ်။”လို့ လဟယ်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောပါတယ်။

အရင်နှစ်တွေကလည်း နာဂဒေသအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေ လှုဒါန်းခဲ့ဖူးပါတယ်။ အခုလို ကိုဗစ်ကာလအတွင်း အခက်အခဲတွေကြားကနေ ကူညီလှုဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျေးဇူးတင်ပါတယ်။ ကိုဗစ်ကာလအတွင်း အခုလို လာလှုပေးတာ။ တစ်အိမ်ထောင်ကို အနည်းဆုံး တစ်လတော့ စားလို့ရပြီပေါ့။”လို့ ထန်ပါခွေစော်ဘွား ဦးဟိုမိုက ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှုဒါန်းတဲ့စာရင်းအရ လဟယ်မြို့နယ်အတွင်း ရိက္ခာပြတ်လပ်နေတဲ့ ကျေးရွာတွေက ထန်ပါခွေ၊ တာမောင်၊ ပါနွမ်၊ တိုင်ငံ၊ မခွာလယ်၊ တီဘီဇူးနူး၊ မကြောင်းဝါ၊ ကြူးပေါင်း၊ နောက်ညှိကျထောက်ရွာသစ် စတဲ့ကျေးရွာတွေကို သယ်ယူခအပါအဝင် ကာလတန်ဖိုး ကျပ် ၁၈၅ သိန်းနီးပါးတန်ဖိုးရှိ ဆန်အိတ်ပေါင်း ၅၂၁ အိတ်ကို လှုဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

ခန္တီးမာန်(မျက်မှောက်ခေတ်)

error: Content is protected !!