စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အနောက်ခြမ်းနဲ့ မြောက်ခြမ်းဒေသမှာ စစ်ကော်မရှင်တပ်က ဧပြီလ ၃၀ ရက်နေ့က တရက်ထဲ လေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းဒေသလေကြောင်းတိုက်ခိုက်မှုမှာ ဘာသာရေးအဆောက်အဉီးအချို့ ထိခိုက်ပျက်စီးခဲ့ရသလို ယင်းမာပင်မြို့အနောက်ခြမ်းဒေသ လေကြောင်းတိုက်ခိုက်မှုမှာတော့ ထိခိုက်မှုအခြေအနေမသိရသေးဘူးလို့ ပြောပါတယ်။
“ယင်းမာပင်နယ်မြောက်ခြမ်းမှာတော့ ဘာသာရေးအဆောက်အဉီးတွေ ပျက်စီးတယ်။ အနောက်ခြမ်းအခြေအနေကတော့ မသိရသေးဘူး ။ မြေပြင်စစ်ကြောင်းထိုးနေတာတွေရှိတယ်” လို့ ယင်းမာပင်မြို့နယ်ဒေသခံတစ်ဉီးက ပြောပါတယ်။
ဒါ့အပြင် ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အစပ်မှာ စစ်ကော်မရှင်တပ်က အင်အား ၄၀၀ လောက်နဲ့ မြေပြင်စစ်ကြောင်းထိုးနေတာတွေရှိနေတယ်လို့ သိရပါတယ်။
ဧပြီလဆန်းကစလို့ စစ်ကော်မရှင်တပ်ဟာ ယင်းမာပင်မြို့နယ် ဆင်စွယ်ရွာမှာ အင်အား ၅၀၀ လောက်နဲ့ တပ်စွဲထားပြီး စစ်ကော်မရှင်တပ်က မြေပြင် ၊ ဝေဟင်တွေ သုံးပြီး ထိုးစစ်ဆင်လာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ပုလဲနယ်နဲ့ယင်းမာပင်နယ်အစပ်က ရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ – ယင်းမာပင်မြို့နယ်မှာ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုန်းတော်ကြီးကို တွေ့ရစဉ်။






