Home > သတင်း > ဒေသတွင်းသတင်း > ဟားခါးမှာ အာဏာသိမ်းစစ်တပ်ရဲ့ လွှတ်တော်ရှေ့ကို ဒရုန်းနဲ့တိုက်ခိုက်

ဟားခါးမှာ အာဏာသိမ်းစစ်တပ်ရဲ့ လွှတ်တော်ရှေ့ကို ဒရုန်းနဲ့တိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ချင်းပြည်နယ်လွတ်တော်အဆောက်အဦကို လွတ်တော် ပထမအကြိမ် စတင်ကျင်းပတဲ့ မတ်လ ၂၀ ရက်နေ့မှာ CDF- Hakha က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ထုတ်ပြန်ပါတယ်။

CDF – Hakha က ထုတ်ပြန်တဲ့ ဗွီဒီယို ဖိုင်ထဲမှာ ဒရုန်းဟာ လွတ်တော် အဆောက်အဦရှေ့က ကားနှစ်စီးကြားကို ထိမှန်ခဲ့တာကို တွေ့မြင်ရပါတယ်။ ရုပ်သံထဲမှာ ဒရုန်းလာလို့ ပြေးလွှားနေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်အချို့ကိုလည်း တွေ့မြင်ခဲ့ရပြီး ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ သိရှိရခြင်း မရှိပါဘူး။

CDF – Hakha က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ လွှတ်တော်အဆောက်အအုံအနီး နေရာတွေ၊ လွှတ်တော်ခေါင်မိုးပေါ် တပ်ဆင်ထားတဲ့ ဂျန်ဘာနှင့် အဆောက်အအုံ ခေါင်မိုးပေါ်တို့ကို ထိမှန်ခဲ့တာကို ရုပ်သံမှာ တွေ့မြင်ရပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ၊အာဏာသိမ်းစစ်တပ်ရဲ့ ပြည်နယ်လွတ်တော် အဆောက်အဦကို တိုက်ခိုက်ခံခဲ့ရပေမယ့် လွတ်တော်အစည်းအဝေးကိုကျင်းပခဲ့ပြီး ပြည်နယ်လွတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌကို ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဂ္ဂိုလ်နှစ်ဦးကို ရွေးချယ်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

CDF – Hakha ဟာ ဟားခါးမြို့ပေါ်က အာဏာသိမ်းစစ်တပ်လက်အောက်ခံ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေတက်ရောက်တဲ့ အခမ်းအနားကို အခုလို ဒရုန်းနဲ့တိုက်ခိုက်တာဟာ ၂၀၂၆ ခုနှစ်ဦးပိုင်းမှာ နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်နေ့ ဟားခါးမြို့မှာ အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာကို အသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

CDF – Hakha ဟားခါးမြို့ပေါ်က အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေကို ပစ်ခတ်အရေးယူတာမျိုး လုပ်ဆောင်လေ့ရှိပြီး စစ်အုပ်စုနဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့ကိုလည်း သတိပေးထုတ်ပြန်လေ့ရှိပါတယ်။

Photo – CDF-Hakha Support Team of North America

error: Content is protected !!