ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)
အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေထိုးနေသော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စာသင်နှစ်ပြီးဆုံးခါနီး တိုက်ပွဲတွေဖြစ်ပွားပြီး ကျောင်းသူ၊ ကျောင်းသားတွေအတွက် စာမေးပွဲတွေ ကျင်းပနိုင်ခြင်းမရှိကြောင်း ပုလဲမြို့နယ်က မိတ်ဆွေတစ်ဦးက ပြောပါသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပုလဲဒေသခံ တော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချပြီးနောက် အာဏာသိမ်းစစ်တပ်က ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်လည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာများစွာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး ပညာရေး ဖယိုဖရဲဖြစ်ခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါသည်။ ငါးလတာစစ်ရှောင်နေရစဥ်ကာလအတွင်း စားဝတ်နေရေးအခက်ခဲကြောင့် ကျောင်းထွက်မှုများ များပြားခဲ့ကြောင်းလည်း သိရပါသည်။
ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်စစ်ဖြစ်နေသည့် မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသရှိ ကျွန်တော်တို့တိုင်းရင်းသား ကလေးငယ်အားလုံးသည် ရရှိသင့်သည့် ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေရပါသည်။
အလုပ်ဖြစ်ခဲ့သည့် စစ်တပ်၏ ရက်စက်တဲ့ဗျူဟာ
အာဏာသိမ်းစစ်တပ်သည် တော်လှန်ရေးနယ်မြေမှ ပြည်သူ့အခြေပြုကျောင်းများတွင် ပညာသင်ခွင့်မရအောင် စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်ရေးဝန်ကြီးဌာကန အချက်အလက်များအရ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု ၊ အဓိကအားဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၄၃၀ ကျော်ပျက်စီးခဲ့ပါသည်။ ကလေးငယ်ပေါင်း ၆၃၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါသည်။
မြန်မာနိုင်ငံသည် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ပညာသင်ကြားခွင့်အတွက် ကာကွယ်ရ အခက်ခဲဆုံးနိုင်ငံဖြစ်လာကြောင်း UNICEF မြန်မာက ဇန်နဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံက ကလေးငယ်ပေါင်း ၅ သန်းကျော်သည် ပညာသင်ခွင့်ဆုံးရှုံးနေကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် UNICEF က ထုတ်ပြန်ခဲ့ပါသည်။
အာဏာသိမ်းစစ်တပ်၏ စာသင်ကျောင်းတွေကို ပစ်မှတ်ထားဗုံးကြဲပြီး ပညာသင်ကြားခွင့်မရအောင် ၊ သူတို့ထိန်းချုပ်ထားသည့် မြို့တွေမှာ ကျောင်းသူကျောင်းသားတွေ ပြောင်းရွှေ့ပညာသင်ကြားကြအောင် ပြုလုပ်ခဲ့သည့် ရက်စက်တဲ့ နည်းဗျူဟာ သည် အောင်မြင်ခဲ့ပါသည်။
ဆုံးရှုံးမှုအများဆုံး အခြေခံပညာ အထက်တန်း ပညာရေး
တော်လှန်နယ်မြေတွင် အခြေခံပညာအထက်တန်းပညာရေးတွင် ကျောင်းသူကျောင်းသားတွေကို ဆုံးရှူံးမှုအများဆုံးဖြစ်သည်ကို တွေ့ရပါသည်။
“ရွာမှာ အထက်တန်းဒီနှစ်မဖွင့်နိုင်တော့ အထက်တန်းတက်ရမယ့် ကျောင်းသူ၊ ကျောင်းသားနှစ််ဆယ်ကျော် တစ်ယောက်မှ ကျောင်းဆက်မတက်ကြတော့ဘူး” ဟု မကွေးတိုင်းထဲက ကျောင်းဆရာတစ်ဦးက သူ့ကိုယ်တွေ့ကို ပြောပြပါသည်။
အထက်တန်းအဆင့်ပညာရေးကို ကျောင်းသူကျောင်းသားတွေ ကျောခိုင်းသွားရသည့် အကြောင်းများစွာရှိပါသည်။ သင်ကြားမည့် ဆရာအရင်းအမြစ် အလုံအလောက်မရှိခြင်း၊ ဆရာ၊ဆရာမတွေကို ရပ်ရွာက လုံလောက်အောင် ထောက်ပံ့မှုမပေးနိုင်ခြင်း၊ စားဝတ်နေရေးကြပ်တည်းလာခြင်း၊ ပညာရေးအာမခံချက် မရှိခြင်း စသည့် အကြောင်းအချက်များစွာရှိပါသည်။
တော်လှန်ရေးကာလအတွင်း စားဝတ်နေရေးဖြေရှင်းရန် လူငယ်များသည် အခြေခံအထက်တန်းပညာရေးကို စွန့်ခွာပြီး နိုင်ငံခြားတွင် အလုပ်သွားလုပ်ကြရပါသည်။ နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်ခြင်းသည် လတ်တလောတွင် မိသားစုကို ချောင်လည်နေစေသောကြောင့် လူငယ်အများအပြား နိုင်ငံခြားကို ဆက်ထွက်ဖို့ကြိုးစားနေကြပါသည်။
အခြေခံ မူလတန်း၊ အလယ်တန်း ပညာရေး ကောင်းသလား
အခြေခံပညာ အထက်တန်းအဆင့်တွင် ကျောင်းသူ၊ ကျောင်းသားများကို ဆုံးရှုံးခဲ့ရပြီး အခြေခံ အလယ်တန်းနှင့် မူလတန်းတို့တွင်တော့ ကျောင်းသူကျောင်းသား ဆုံးရှုံးမှု နည်းပါသည်။ သိို့ဆိုလျှင် အခြေခံမူလတန်း၊ အလယ်တန်း ပညာရေး ကောင်းသလားဟု မေးလာပါက ဖြေရန်ပင် စိတ်အင်အားမရှိသလို ဖြစ်ရပါသည်။
မူလတန်းနှင့် အလယ်တန်းကို မိဘတွေက ကျောင်းထားနေကြခြင်းသည် ” သေစာရှင်စာတတ်အောင်” ဆိုသည့် သဘောနှင့် ထားနေကြသူတွေ၊ ” မခိုင်းလောက်သေးဘူး” ဆိုသည့် သဘောထားဖြင့် ထားနေကြသူတွေ၊ ” ကျောင်းမှာဆို စိတ်မလေဘူး၊ အပျိုလူပျိုစိတ်မဝင်အောင် ကျောင်းထားရမယ်” စသဖြင့် သဘောထားတွေနှင့် ကျောင်းထားနေသူမိဘတွေ များစွာရှိပါသည်။
မူလတန်း၊ အလယ်တန်းကျောင်းသူ၊ကျောင်းသားအချို့သည် အထက်တန်းကျောင်းသား အရွယ်ရောက်လာလျှင် နိုင်ငံခြားကိုသွားပြီး ပိုက်ဆံရှာဖို့ကို သူတို့ရင်ထဲမှာ ရည်မှန်းချက်ထားနေကြပါသည်။ မူလတန်း၊ အလယ်တန်းပညာရေးကို ကောင်းအောင် မလုပ်နိုင်လျှင် အခြေအနေတွေပိုဆိိုးဖို့ရှိပါသည်။
မူလတန်း၊ အလယ်တန်းတွင် ကျောင်းသူကျောင်းသား အရေအတွက်များနေခြင်းမှာ ပညာရေးကောင်းလို့မဟုတ်ဘဲ ရွေးချယ်စရာမရှိလို့ တက်နေကြခြင်းဖြစ်သည်ကို သဘောပေါက်ပြီး ပညာရေးကောင်းအောင် အဘက်ဘက်က ကြိုးစားကြဖို့လိုပါသည်။
ပညာရေးနလန်ထူအောင်ကြိုးစားကြရမည့်အချိန်
တော်လှန်နယ်မြေမှာ ပညာရေးအခြေအနေကောင်းသလား ဆိုသည့် မေးခွန်းကို ယေဘုယျသဘောဖြေရလျှင် “မကောင်းဘူး” ဟုသာ အမှန်အတိုင်း ဖြေရမည်ဖြစ်ပါသည်။ သို့သော် ပညာရေး အခြေအနေသည် ပြင်မရအောင် ပျက်စီးယိုယွင်းနေသည့် အခြေအနေမဟုတ်ပါ။ ပိုကောင်းလာအောင် ကြိုးစားလို့ရသည့် အခြေအနေဖြစ်ပါသည်။
ပညာရေးကောင်းအောင် ရပ်ရွာ၏ အားပေးထောက်ခံမှု၊ ရပ်ရွာ၏ ထောက်ခံမှုရရှိအောင် စည်းရုံးပြောဆိုနိုင်မှု၊ တာဝန်ရှိသူတွေက ပညာရေးကို အားပေးမှု၊ ဆရာ၊ဆရာမတွေကို ဥစ္စာ ၊ ပညာ ထောက်ပံနိုင်မှု၊ ဆရာ၊ဆရာမတွေ၏ အပတ်တကုတ်ကြိုးစားမှု၊ လွတ်လပ်စွာပညာသင်ခွင့် စသဖြင့် လိုအပ်ချက်တွေကို တတ်နိုင်သည့် အတိုင်းအတာတစ်ရပ်ထိ အကောင်အထည် ဖော်နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေး များစွာဆုတ်ယုတ်သွားခဲ့ရသည်။ စစ်တပ်၏ လူမဆန်မှုအပါအဝင် အခြားသောအကြောင်းတရာများစွာကြောင့် တော်လှန်နယ်မြေမှာ ပညာသင်ခွင့်ဆုံးရှုံးပြီး ပညာရေးဆုတ်ယုတ်နေသည်ကို ကျွန်တော်တို့ လက်ခံပြီးနောက်မကျခင် ပညာရေးနလန်ထူအောင် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါသည်။ ပညာရေး နလန်ထူအောင်မကြိုးစားနိုင်ပါက ကျွန်တော်တို့ လိုချင်သည့် အနာဂါတ်နိုင်ငံတော်ကို ဘယ်လိုမှ မရရှိနိုင်ကြောင်း လေးလေးနက်နက် သဘောပေါက်ဖို့ လိုပါသည်။






