Home > သတင်း > ဒေသတွင်းသတင်း > ယောဒေသ၊ ဂန့်ဂါမြို့နယ်မြောက်ပိုင်းမှာ မိုးသက်လေပြင်းကျပြီး စစ်ရှောင်တဲတွေပျက်စီး၊ အရေးပေါ်အကူညီလိုအပ်

ယောဒေသ၊ ဂန့်ဂါမြို့နယ်မြောက်ပိုင်းမှာ မိုးသက်လေပြင်းကျပြီး စစ်ရှောင်တဲတွေပျက်စီး၊ အရေးပေါ်အကူညီလိုအပ်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းမှာ မိုးသက်လေပြင်းကျခဲ့တာကြောင့် စစ်ရှောင်စခန်းတစ်ခုက စစ်ရှောင်ကျောင်း အပါအဝင် စစ်ရှောင်တဲတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ညနေခြောက်နာရီလောက်မှာ မိုးလေကပိုပြင်းလာတယ်။ ချက်ပြီးသား ထမင်းအိုးတွေပါ လွင့်ထွက်ကုန်လို့ ညနေစာ ထမင်းတွေပါ ငတ်တယ်” လို့ စစ်ရှောင်စခန်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မတ်လ ၂ ရက်နေ့မှာ လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေပါ ကျခဲ့တာကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောတိုက် စစ်ရှောင်စခန်းက တဲပေါင်း ၅၀ ကျော်ပျက်စီးခဲ့ပြီး မိသားစု ၅၀ ခန့်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“အမိုးတွေက သက်ကယ်တွေလန်ပြီး ဆန်၊ ဆား၊ ရိက္ခာတွေ အကုန်ရေစို၊ လောလောဆယ် နေထိုင်ဖို့ မိုးကာတွေလည်း လိုတယ်” လို့ စစ်ဘေးရှောင်စခန်းက နောက်ထပ် အမျိုးသမီးတစ်ဦးကပြောပါတယ်။
မိုးသက်လေပြင်းကြောင့် စစ်ရှောင်ကျောင်းဆောင်လည်း လုံးဝပျက်စီးခဲ့ပြီး ကျောင်းထဲက စာအုပ်တွေ၊ ဝှိုက်ဘုတ်တွေပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ကျမတို့ တဲပျက်တာထက် ကျောင်းဆောင် ပျက်စီးသွားတာကို မြင်ရတာ ပိုဝမ်းနည်းတယ်။ ဝှိုက်ဘုတ်တွေကစ ထက်ပိုင်းကျိုးကုန်တာ” လို့ စစ်ဘေးရှောင်ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
မိုးသက်လေပြင်းဒဏ်ခံခဲ့ရတဲ့ စစ်ရှောင်တွေထဲမှာ လတ်တလောစားနပ်ရိက္ခာလိုအပ်သူတွေလည်း ရှိနေပြီး သူတို့တဲတွေနှင့် စာသင်ကျောင်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

error: Content is protected !!