Home > ဆောင်းပါး > ငေးကြည့်နေရသည့် အနုပညာ

လွှားအောင်(စစ်ကိုင်း
(မျက်မှောက်ခေတ် ဖတ်ရှုခံစားခြင်း)

ရသစာတမ်းဆိုသော အက်ဆေးအရေးသားကို စတင်သိကျွမ်းသည်မှာ ငယ်ကကျောင်းမှာသင်ခဲ့ရတဲ့ ဆရာဇော်ဂျီရဲ့ နွေဦးကျက်သရေနှင့်ကျွန်တော် ရသစာတမ်းဖြစ်သည်။

၀တ္ထုလည်းမဟုတ်ဆောင်းပါးလည်းမဟုတ် အရေးသားကတစ်မျိုးဆိုပေမဲ့ စာရေးသူက သူမြင်ရာကိုသည်လိုတော့ရှိတယ် ငါတော့သညိလိုမြင်တယ်လို့ ပွင့်လင်းစွာ ညီငယ်တစ်ယောက်ကို နှမငယ်တစ်ယောက်ကိုပြောပြနေသလိုပင်။

ပြင်သစ်စာရေးဆရာ လာဖောင်တိန်း၏ အရေးသားသစ်ကို essais ဟုခေါ်ရာမှ အက်ဆေးဖြစ်လာခဲ့သည်ဟု ဆရာနေ၀င်းမြင့်က သစ်တောအုပ်အုပ်ကလေးဆိုသော အက်ဆေးတစ်ပုဒ်မှာရေးထားပါသည်။

‎စာတမ်း၊အက်ဆေး၊စာမွန်အဖွဲ့၊အစမ်းစာ၊ စာတမ်းငယ်စသည်ဖြင့် တွင်ကျယ်ခဲ့သည်ဟုဆိုပါသည်။အက်ဆေးအကြောင်းရာကလည်းပေါ့ပေါ့ပါးပါးသို့ပေမဲ့ လေးနက်တဲ့ဘ၀အမြင်တွေပါနေတတ်သည်။

အကြိုက်ဆုံးရသစာတမ်းမှာ ဆရာဇော်ဂျီရဲ့ ပုဂံမြို့ဟောင်းနှင့်ကျွန်တော်၊ဆရာမြသန်းတင့်ရဲ့ တမာနုချိန်စစ်တမ်းဆိုတဲ့ ရသစာတမ်းများဖြစ်ပါသည်။ပုဂံမြို့ဟောင်းနှင့်ကျွန်တော်မှာ ဆရာကြီးက သူပုဂံကို ဘယ်ရာသီဘယိချိန်မှာ သွားလည်ချင်ပုံ ပုဂံဘုရားတွေရဲ့ဗိသုကာကို ရွှေတိဂုံဘုရားဗိသုကာနဲ့နှိုင်းယှဉ်ကာ အနော်ရထာ ကျန်စစ်သားတို့ရဲ့စိတ်နေသဘောထား ရှေးခေတ်ပုဂံပြည်သားတို့ရဲ့စိတ်နေသဘောထားကို ရေးဖွဲ့သွားခဲ့သည်။

‎တမာနုချိန်စစ်တမ်းမှာ ဆရာမြရဲ့နှစ်သက်မက်မောဖွယ်စကားလုံးများကို အသံထွက်ဖတ်ရသည်မှာအရသာရှိလှသည်။ ကိုယ်တိုင်အညာသားမို့ တမာနှင့်ရင်းနှီးသလို ဆရာလွမ်းသလို အညာကိုလွမ်းမိသည်။ဆရာမြက ဘာသာပြန်အက်ဆေးတွေလည်းရေးခဲ့သည်။နောက်ထပ်ကြိုက် မိသော ရသစာတမ်းရေးသောဆရာမှာ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ဖြစ်ပါသည်။

ဆရာ့ရဲ့နာမည်​ကျော် လွတ်လပ်စွာလွမ်းဆွတ်ခွင့်အက်ဆေးက အရင်ခေတ်က ကိုယ်မြတ်နိုးရတဲ့သူတွေ မလွတ်မလပ်လွမ်းရတာကိုသတိရမိစေသည်။ ဥပမာ အိမ်မှာ ဗိုလိချုပ်ပုံမချိတ်ရခေတ်ကာလတွေကိုပေါ့။

ရသစာတမ်းသည် တို့နံ့နံ့ဆိုပေမဲ့ ခံစားမှုရသအပြည့်ပါနေသည်။ စာရေးဆရာရဲ့ဘ၀အမြင်တွေ ခံစားချက်တွေ လောကအမြင်တွေ ပါနေတတ်သည်။ အက်ဆေးသည် ကျွန်တော်ကြိုက် မိနေသော စာပေအမျိုးစားဖြစ်သည်။ အချိန်ရှားပါးတဲ့ခေတ်မှာ တစ်ခဏနဲ့ ဘ၀အသိမြင်တွေ ရမဲ့အရေးသားမျိုးဖြစ်နေလို့လည်းပါပါလိမ့်မည်။

ကဗျာဆရာသန်းတင့်က အက်ဆေးရေးတော့ လွမ်းစရာဖြစ်ရသည်။ စကားလုံးလေးတွေက ပုလဲလုံးလေးတွေလို။ အနော်မာရှင်းတမ်း ဆိုတဲ့ အက်ဆေးမှာ ရဲဝံ့စွာ စွန်ခွာရက်သူအားတွေ့ရှိရ၏။ ကြက်တွန်သံလေးတွေမှာ မေ့လျော့နေသော ကျေးဇူးတရားများ။ အက်ဆေးဖတ်မိမှပင် ကိုယ်တိုင်မေ့လျော့စွာထားမိသော အမေရဲ့ မေတ္တာကို ခံစားနေမိ၏။

‎စကားလုံးလေးတစ်လုံး ချန်ထားရုံမျှနှင့် လေးနက်မှု ကွာခြားခဲ့ရသော ကဗျာများ စာများအကြောင်း ဖတ်ရတော့ ကိုယ်တိုင်ကြိုက်လို့ ကြိုက်ရာ ကဗျာအပိုင်းစတွေ ကူးယူကာ ဖေ့ဘုတ်မှာ ရေးတင်ဖြစ်တာကို သတိရမိ၏။

ကဗျာနှင့်စကားပြေ ကွာခြားပုံ ကဗျာကို ချစ်ရသည်က မြစ်ပြင်ကိုအလျားလိုက်ကူးသလို ပင်ပန်းလှသည့်အကြောင်း။ ကဗျာက အကန့်သတ်ရှိတော့ ဖွင့်ဆိုရေးပြချင်သာ အကြောင်းရာများကို ဖြတ်ထုတ် ကျစ်လစ်ခဲ့ရကြောင်း။ အလာင်းလှေကဗျာမှာ ဆရာသန်းတင့်ရေးစက သည်ထက်ပင်နှစ်ဆရှည်လျားကြောင်းသိရတော့ ကဗျာဆိုတဲ့အရာကို ပိုမြတ်နိုးလာမိသလို မလွယ်လှတဲ့ကဗျာဆရာဘ၀ကို လှမ်းမြင်နေမိပါသည်။

အက်ဆေးဆိုတာ စာရေးဆရာ ဖွင့်ထုတ်ပြတဲ့ ရှုခင်း ပန်းချီကားတစ်ချပ်သာလျှင် ဖြစ်မည်ထင်ပါသည်။ ပန်းချီကားချစ်သူမှာတော့ အကြိမ်ကြိမ်အခါခါ ငေးကြည့်နေရသည့် အနုပညာပင်ဖြစ်သည်။

#လွှားအောင်(စစ်ကိုင်း)
#ဖတ်ရှုခံစားခြင်း
#မျက်မှောက်ခေတ်

error: Content is protected !!