H.PM
(မျက်မှောက်ခေတ် အတွေးအမြင်)
အာဏာသိမ်းစစ်တပ်သည် ခုခံတော်လှန်အားကောင်းသော ချင်းပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အောက်ခြေစစ်သားများကို စတေးခံခိုင်းနေသည်။ ချင်းတောင်တွင် စစ်အာဏာရှင်တို့အတွက် စတေးခံပေးနေရသည့် အောက်ခြေစစ်သားများထဲတွင် စစ်မှုထမ်းတပ်သားသစ်များ၊ ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်နေသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ လက်ရှိအချိန်ထိ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးကြသည့် အာဏာသိမ်းစစ်တပ်၏ အောက်ခြေတပ်သားတွေ သေဆုံးမှုကို ဒေသတွင်းသတင်းမီဒီယာတွေကရော၊ မြေပြင်မျက်မြင်သတင်းတွေကရော ကြားသိနေရသည်။
* ၂၀၂၆ ခုနှစ်ဦးပိုင်း အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်သေဆုံးမှုများ
ဖေဖော်ဝါရီ ၃ ရက်နေ့က ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့နှင့် သိုင်းငင်းကြား ဇောင်လေးကျေးရွာဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က တပ်သား ၃၆ ဦးသေဆုံးပြီး ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြကြသည်။
“တကယ်က သူတို့စစ်ကြောင်းက လူများလွန်းလို့သာ အကုန်အပြုတ်တိုက်ဖို့ခက်နေတာ။ သေကြတာကတော့ အတုံးအရုန်းပဲ။ သေတဲ့အလောင်းတွေကို သူတို့မကောက်နိုင်သလို ကိုယ့်ဘက်က ကျတဲ့ ရဲဘော်တချို့ကိုလည်း မကောက်နိုင်ဘူး။ သေဆုံးမှုများတဲ့နေရာတွေမှာဆို အပုတ်နံ့က မခံနိုင်အောင်ပဲ” လို့ ချင်းပြည်နယ်မြောက်ပိုင်း ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောစကားအရ ချင်းပြည်နယ်တွင် အောက်ခြေစစ်သားများသေဆုံးမှုကို သိရသည်။
ဖလမ်းမြို့နဲ့ သိုင်းငင်းကြားတွင် ၃၆ ဦးအထိ သေဆုံးခဲ့ရသော အာဏာသိမ်းစစ်တပ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၀ ရက်နေ့က ကလေးမြို့မှ ချင်းတောင်ကို ထွက်လာသည့် အင်အားသုံးရာဝန်းကျင်ပါ စစ်ကြောင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဗားလုံရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၏ ပထမအကြိမ်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ကြသည်။
အာဏာသိမ်းစစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့တွေ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော သူတို့တပ်ဖွဲ့ဝင်တွေ၏ ရုပ်အလောင်းကို ဗားလုံကျေးရွာက နေအိမ်တစ်အိမ်နှင့်အတူမီးရှို့ခဲ့ကြောင်း ဒေသခံတွေက ဆိုသည်။
မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်သည် စစ်အာဏာသိမ်းပြီးကတည်းက ချင်းပြည်နယ်မှာ စစ်ရေးအရ ဆက်တိုက်ရှုံးနိမ့်နေခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို လက်လွတ်ခဲ့ရသလို ချင်းပြည်နယ်မြောက်ပိုင်းတွင်လည်း အရေးပါသည့် ဖလမ်းမြို့နှင့် အိန္ဒိယနယ်စပ်ကုန်သွယ်ရေးမြို့ ရိဒ်ခေါ်ဒါရ်ကို လက်လွတ်ခဲ့ရသည်။
*၂၀၂၅ အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း သေဆုံးမှုများ
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှစပြီး အာဏာသိမ်းစစ်တပ်သည် အိန္ဒိယ – မြန်မာ ကုန်သွယ်ရေးလမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဖလမ်းမြို့ရရှိရေးကို အပြင်းအထန်ကြိုးစားနေသည်ကိုတွေ့ရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖလမ်းမြို့ကို ကလေးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာဘက်မှတက်ရသည့် ဝေဘူလလမ်းအတိုင်း ဖလမ်းမြို့ကို ဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း ဖြင့်ထိုးစစ်ဆင်ခဲ့သည်။
ဖလမ်းမြို့သို့ ထိုးစစ်ဆင်ခဲ့သော အဆိုပါစစ်ကြောင်းနှစ်ကြောင်းသည် ဒေသခံချင်းတော်လှန်ရေးတပ်ဖွဲ့တွေ၏ တိုက်ခိုက်မှုကြောင့် အောက်ခြေစစ်သားရာချီပြီး သေဆုံးခဲ့ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ၏ ထုတ်ပြန်ချက်များ၊ ဒေသတွင်းမီဒီယာတွေ၏ ဖော်ပြချက်နှင့် ဒေသခံတွေ၏ ပြောဆိုမှုအရ သိရသည်။
ချင်းပြည်မြောက်ပိုင်း တီးတိန်နဲ့ သိုင်းငင်းကြား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၆ ရက်အတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၄၀ ထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။
ချင်းပြည်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် ချင်းပြည်နယ်နဲ့ဆက်စပ်နေတဲ့ ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ် တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံးကြောင်း ချင်းလဲန်းအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့မှ နိုဝင်ဘာ ၂၂ ရက်ထိ ၅ ရက်တာတိုက်ပွဲတွေအတွင်း ချင်းပြည်တွင် စစ်တပ်ဘက်က ၅၀ ခန့်သေဆုံးကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလအတွင်း တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းမှ ဗျူဟာမှူး လှမျိုးထွဋ်အပါအဝင် စခအများအပြားကို ချေမှုန်းနိုင်ခဲ့ကြောင်း ၊ ချင်းလဲန်းအင်အားစုဘက်က ရဲဘော် ၇ ဦး ကျဆုံးခဲ့ရကြောင်း CDF CDM Syin က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် ၊ နှစ်ကုန်ပိုင်းတွင် ၊ ချင်းပြည်နယ်မြောက်ပိုင်း၊ ဝေဘူလနှင့် ဖလမ်းကြား၊ ကနေဒီ
တောင်ကြော၊ သိိုင်းငင်းဝန်းကျင်တွင် အာဏာသိမ်းစစ်တပ် အောက်ခြေတပ်သားများ၏ ရုပ်အလောင်းများစွာကို တွေ့ရှိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြသည်။
* လေးလတာအတွင်း အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေရဲ့သေဆုံးမှု
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းမှ လက်ရှိ ၂၀၂၆ ဖေဖော်ဝါရီလဆန်းပိုင်းအထိ အာဏာသိမ်းစစ်တပ်၏ သေဆုံးမှု အရေအတွက်ကို တိတိကျကျသိဖို့ မလွယ်ပါ။
ချင်းတောင်ပေါ်သို့ ထိုးသော အာဏာသိမ်းစစ်တပ်စစ်ကြောင်းသုံးကြောင်းလုံး၏ အင်အားမှာ ၁၅၀၀ ဝန်းကျင်ရှိနိုင်ပြီး ထိုအထဲမှ အနည်းဆုံး သုံးပုံတစ်ပုံသည် တော်လှန်ရေးတပ်ဖွဲ့တွေ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းကြပါသည်။
ချင်းပြည်နယ်မြောက်ပိုင်းတွင် သဂြိုလ်မည့်သူမရှိ ပုတ်သိုးခြောက်သွေ့သွားရသော စစ်တပ်အဖွဲ့ဝင် အလောင်းများ၊ ဝက်များက နှုတ်သီးဖြင့် ထိုးနေသည့် အလောင်းများအကြောင်းကို လူမှုကွန်ယက်တွေကတဆင့် ကြားသိတွေ့မြင်ခဲ့ကြရသည်။
* လေကြောင်းကနေ အထောက်အပံ့နဲ့ တပ်ဖွဲ့ဝင်တွေကို ဆက်လက်စတေးခံခိုင်းနေဆဲ
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကစ လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းအထိ လေးလတာစစ်ဆင်ရေးအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများစွာရှိခဲ့သော်လည်း အာဏာသိမ်းစစ်တပ်သည် ၄င်းတို့၏ တပ်ဖွဲ့ဝင်တွေကို ဆက်လက်စတေးခံကာ ထိုးစစ်ဆင်လျက်ရှိသည်။
“သူတို့ (စစ်တပ်)တပ်သားတွေက ရှေ့ကလူသေရင်လည်း တက်ဆိုတဲ့ပုံစံမျိုးနဲ့တက်ရတယ်။ မတက်ရင် ဒါမှမဟုတ် ဆုတ်ရင် နောက်ကနေ ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုရှိတယ်။ ချင်းပြည်ကို မရောက်ဘူးတဲ့ ပစတွေပဲဖြစ်ဖြစ် ၊ ဘယ်သူပဲဖြစ်ဖြစ် နယ်မြေကမကျွမ်းတော့ ထွက်ပြေးဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ အမိန့်အောက်မှာပဲ သူတို့သွားနေရတဲ့ သဘောပဲ” ဟု ချင်းပြည်နယ်မြောက်ပိုင်း တော်လှန်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ချင်းပြည်နယ်တွင် မိုးရာသီစစ်ရေးဖော်ဆောင်ဖို့ ရာသီဥတုနဲ့ ပထဝီအနေအထားရ ခက်ခဲသောကြောင့် ဆောင်းရာသီနှင့် နွေရာသီတွင်သာ စစ်ရေးဖော်ဆောင်ဖို့ အာဏာသိမ်းစစ်တပ်အတွက် အခွင့်အလမ်းရှိနေသည်။
ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်နေသည့် စစ်ကြောင်းကို အာဏာသိမ်းစစ်တပ်သည် မြေပြင်ကနေ တိုက်ရိုက် အထောက်အပံ့ပေးနိုင်ခြင်းမရှိပါ။ သူတို့တပ်ဖွဲ့ဝင်တွေရှိရာကို လေကြောင်းကနေသာ ရိက္ခာဖြည့်ဆည်းပေးနရခြင်းဖြစ်ကြောင်း လေကြောင်းစောင့်ကြည့်နေသည့် တော်လှန်ရေးအင်အားစုဝင်တစ်ဦးက ပြောသည်။
“သူတို့ ဖလမ်းကိုထိုးတဲ့ စစ်ကြောင်းကို ရိက္ခာထောက်ပံ့ရတာက လေယာဥ်ဆီဖိုးနဲ့ဆိုရင်ကို မနည်းဘူး။ သောက်ရေကစ လေယာဥ်ပေါ်ကချပေးနေရတဲ့ အနေအထားပါ” လို့ သတင်းရင်းမြစ်က ဆိုသည်။
အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေသည် လက်ရှိအချိန် ဖလမ်းမြို့နဲ့ ဆယ့်သုံးမိုင်အကွာတောတောင်ထဲတွင် ခံတုတ်ကျင်းများတူးပြီး အခိုင်အမာတပ်ထိုင်ဖို့ ကြိုးပမ်းနေကြကြောင်း ဒေသတွင်းသတင်းတွေဆီက သိရသည်။
“တကယ်တော့ သူ့တို့တောင်ပေါ်က စစ်ကြောင်းကို လေကြောင်းနဲ့ကာထားရတဲ့သဘောပဲ။ လေကြောင်းနဲ့ ဖလမ်းကို နေ့တိုင်းနီးပါး ပစ်နေတာ” လို့ ချင်းပြည်နယ်စပ် လေကြောင်းစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် စစ်မှုထမ်းသစ်အင်အားများဖြင့် ချင်းပြည်ကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ သူတို့အာဏာတည်မြဲရေးအတွက် စစ်မှုထမ်းလူငယ်တွေအပါအဝင် အောက်ခြေတပ်သားများကို ထိုးကျွေးအသေခံခိုင်းနေခြင်းဖြစ်သည်။
ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနှင့် မဟာမိတ်တွေ၏ တိုက်ခိုက်မှု၊ ဒေသခံပြည်သူလူထု၏ ထောက်ခံခြင်းကင်းမဲ့မှု၊ နယ်မြေမကျွမ်းကျင်မှု ၊ ရာသီဥတုအနေအထား၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ယုံကြည်ချက်ကင်းမဲ့မှုတို့က ချင်းပြည်စစ်မြေပြင်ကိုရောက်နေသော အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေကို ဆက်လက်ဝိဇိန်ချွေနေမည်သာဖြစ်ပါသည်။
ချင်းပြည်သို့စစ်ကြောင်းပါသွားသော စစ်မှုထမ်းတပ်သားသစ်များအပါအဝင် အောက်ခြေတပ်ဖွဲ့ဝင်တွေအနေဖြင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ရသည့်နည်းဖြင့် ချိတ်ဆက်နိုင်အောင်ကြိုးစားပြီး အလင်းဝင်ရောက်နိုင်မှသာ စစ်ခေါင်းဆောင်တွေအတွက် စတေးခံရသည့် စစ်ကျွန်ဘဝမှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။
ပုံစာ- ချင်းတောင်ပေါ်က သေဆုံးစစ်ကော်မရှင်တပ်သားရုပ်အလောင်းရဲ့ဦးခေါင်းကိုဝက်တကောင်စားနေပုံ။(Credit photo -Tlangcyng Vakok) -(Credit photo -HKL MINSAT)
#H.PM
#မျက်မှောက်ခေတ်
#အတွေးအမြင်






