Home > ဆောင်းပါး > အစိုးရသစ်ဖွဲ့တော့ကော ဘာထူးလာမှာမို့လဲ. . . . .?

အစိုးရသစ်ဖွဲ့တော့ကော ဘာထူးလာမှာမို့လဲ. . . . .?

ဘုန်းမောင်
(မျက်မှောက်ခေတ် သတင်းဆောင်းပါး)

ပြီးခဲ့သော ၂၀၂၀ ခုနှစ်တွင် အရပ်သားအစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အထွေထွေရွေးကောက်ပွဲများကို မြန်မာနိုင်ငံအနှံ့ ကျင်းပပေးခဲ့သည်။

မဲရလဒ်များ ပေါ်ထွက်လာချိန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – USDP ကတော့ အရှုံးကြီးရှုံးနိမ့်ခဲ့ပါသည်။

ထို့ကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲများတွင် မဲမသမာမှုများ ရှိခဲ့သည်ဟူသော ခိုင်လုံသည့်သက်သေ အချက်အလက်များမရှိဘဲ မြန်မာပြည်သူလူထုက ဒီမိုကရေစီ နည်းလမ်းတကျအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီရွေးကောက်တင်မြှောက်ထားသည့် အရပ်သား အစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ မြန်မာစစ်တပ်ကဖြုတ်ချပြီး နိုင်ငံတော်အာဏာ သိမ်းယူခဲ့သည်မှာ ယခုဆိုလျှင် ၅ နှစ်ပြည့်တော့မည်ဖြစ်သည်။

မြန်မာစစ်တပ်သည် အာဏာသိမ်း ပြီးပြီးချင်းမှာပင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသောနိုင်ငံ့အကြီးအကဲများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးအကျဉ်းချ ထားခဲ့သည်မှာလည်း ယခုအချိန် တိုင်အောင်ပင် ဖြစ်လေသည်။

စစ်တပ်အာဏာသိမ်းယူထားသည့် ၅ နှစ်နီးပါးကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၃၀,၀၀၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက်က ၂၀,၀၀၀ ကျော်မှာ မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတို့တွင် ယနေ့ထက်တိုင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်ထားသည်။

ဖမ်းဆီးထိန်းသိမ်း ခံရသူအများစုမှာ ပုဒ်မ ၅၀၅ (က) (နိုင်ငံတော် အကြည်ညိုပျက်စေမှု)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများနှင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲများကို အပိုင်းခွဲကာကျင်းပသွားခဲ့သည်။ ထိုသို့စစ်ကော်မရှင်၏ ရွေးကောက်ပွဲများက လွတ်လပ်ပြီး တရားမျှတမှု ရှိမည်မဟုတ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ပြောဆိုထားသလို မြန်မာပြည်သူများကလည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲများကို အတုအယောင် ရွေးကောက်ပွဲများအဖြစ်သာ သဘောထားနေကြပါသည်။

စစ်ကော်မရှင်၏ရွေးကောက်ပွဲများကိုလက်မခံကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် မြန်မာပြည်သူတို့က ၎င်းတို့၏သဘောထားများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြခဲ့ကြပါသည်။

ထို့ကြောင့်လည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းက ကာကွယ်ပေးရေးဥပဒေကို စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင်ပြဋ္ဌာန်းခဲ့သည်။

အဆိုပါဥပဒေကို ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ဖြစ်သည်ဟု စစ်ကော်မရှင်၏ ဩဂုတ်လ ၁၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

စစ်ကော်မရှင်က ထုတ်ပြန်ထားသည့် အဆိုပါဥပဒေကို ဖောက်ဖျက်ကျုးလွန်သူများအနေဖြင့် ပြစ်မှုထင်ရှားပါက ကျူးလွန်သည့် ပြစ်မှုများအလိုက် ကျခံရမည့် ပြစ်ဒဏ်များမှာ ထောင်ဒဏ်အနည်းဆုံး ၃ နှစ်မှသည် နှစ်ရှည်ထောင်ဒဏ်၊ ထောင်ဒဏ်တသက်နှင့် အကြီးလေးဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ချမှတ်နိုင်သည်ဟုလည်း သိရပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရေး ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသူအရေအတွက်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ စာရင်းများအရ ပြည်သူ ၄၀၀ကျော် ရှိခဲ့ပြီဖြစ်ပြီး ယင်းတို့ထဲတွင် နာမည်ကြီးဒါရိုက်တာ ၃ ဦးအပါအဝင် အနုပညာသမား ၅ ဦးနှင့် အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦးပါဝင်နေသည်ဟု စစ်ကော်မရှင်၏ဝါဒဖြန့်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

ထို့အပြင် နေပြည်တော်တွင် ဇန်နဝါရီ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ၏ သတ္တမအကြိမ်မြောက် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ထွန်းနောင်နောင်က ရွေးကောက်ပွဲအပေါ် ထိခိုက်စေသူများကို ဆက်လက်စုံစမ်း ဖော်ထုတ်အရေးယူရန် ပြောဆိုခဲ့ပါသည်။

လက်ရှိမှာတော့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းကအကာအကွယ်ပေးရေး ဥပဒေဖြင့် စစ်ကော်မရှင်က အရေးယူထားသော အမှုပေါင်း ၃၃၁ မှုရှိ ပြီး အမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ ဦး စုစုပေါင်း ၄၀၄ ဦးကို ဖမ်းဆီးအရေးယူထားပြီးဖြစ်သည်ဟုလည်း ၎င်းတို့၏ဝါဒဖြန့်သတင်းစာတွင်ဖော်ပြထားသည်။

မြန်မာပြည်သူတို့သည် မိမိတို့မနှစ်သက်သည်ကို မနှစ်သက်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မရှိသေးသည်ကို စစ်ကော်မရှင်၏ လုပ်ရပ်များက သက်သေခံလျက် ရှိနေပါသည်။ စစ်ကော်မရှင်က မြန်မာပြည်သူတို့၏ အသံများ တိတ်ဆိတ်သွားအောင် ဥပဒေများပြဋ္ဌာန်းကာ ဖမ်းဆီးအကျဉ်းချ နေသည်ကလည်း အထင်အရှားပင် ဖြစ်၏။

ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်ပင် မဖွဲ့စည်းရသေး၊ မြန်မာပြည်သူတို့သည် စစ်တပ်၏ ဖိနှိပ်မှုမျိုးစုံကို ကျောကော့အောင် ခံစားနေကြရပါသည်။ စစ်တပ်အလိုကျ ကျင်းပသော ရွေးကောက်ပွဲကတဆင့် ပေါ်ထွက်လာဦးမည့် အစိုးရသစ်ဆိုသည်ကလည်း ယခင်ထက် ဆထက်တိုးကာ မြန်မာပြည်သူတို့အား ဖိနှိပ်နေဦးမည် ဆိုသည်ကလည်း ပြေးကြည့်စရာမလိုသော အမှန်တရားတခုပင် ဖြစ်ပေတော့၏။

လူသာပြောင်းသွားမည်၊ မူကတော့ အရင်အတိုင်းသာ ဖြစ်နေပေလိမ့်ဦးမည်။ ထို့ကြောင့်လည်း စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း EC အဖွဲ့ဝင် ကိုစိုးဝင်းဆွေ က –

“အတုအယောင်ရွေးကောက်ပွဲကနေ အစိုးရသစ် ပေါ်ပေါက်လာခဲ့တယ်ဆိုရင်တောင်မှ တိုင်းပြည်အတွက် ဘာမှထူးခြားတဲ့အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မထင်ပါ ဘူး”ဟု၎င်းကပြောသည်။

စစ်တပ်က အာဏာသိမ်းယူထားသည့် ၅ နှစ်နီးပါး ကာလအတွင်း အရပ်သားနှင့်ဒီမိုကရေစီအရေး လှုပ်ရှားသူပေါင်း ၆,၀၀၀ ကျော်ကို မြန်မာစစ်တပ်က သတ်ဖြတ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာပြည်သူတို့၏ ငြိမ်းချမ်းသော ဆန္ဒပြပွဲများ နိုင်ငံအနှံ့အပြားပေါ်ပေါက်လာခဲ့သည်။

မြန်မာပြည်သူတို့၏ ငြိမ်းချမ်းသောဆန္ဒပြပွဲများအား မြန်မာစစ်တပ်က လက်နက်အားကိုးဖြင့် အကြမ်းဖက် နှိမ်နင်းခဲ့သောကြောင့် မြန်မာလူငယ် အများအပြားတို့သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံ သွားရောက်ကာ စစ်ပညာများ သင်ယူခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်ကစပြီး နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ လက်နက်ကိုင် ပုန်ကန်မှုများ မရှိသလောက် နည်းပါးခဲ့သော ပြည်နယ်ကို ဖော်ပြပါဆိုလျှင် ချင်းပြည်နယ်ကို ဖော်ပြရမည်ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး – CNF ၏ လက်နက်ကိုင် ပုန်ကန်ရန် ကြိုးစားအားထုတ်မှုများ ရှိခဲ့သော်လည်း အခြားပြည်နယ်များမှာကဲ့သို့ ကျယ်ပြန့်ကြီးမားခြင်း မရှိခဲ့ပေ။ သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ချင်းပြည်နယ် တနံတလျား၌ လက်နက်ကိုင် တော်လှန်မှုများ မြင်တွေ့ခဲ့ရသည်။

နွေဦးတော်လှန်ရေးတွင် ချင်းတို့၏ တူမီးသေနတ်သံဖြင့် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာသည်အထိ လက်နက်ကိုင် တိုက်ပွဲများ မရှိသလောက် နည်းပါးခဲ့သော ချင်းပြည်နယ်သည် စစ်အာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှာတော့ မင်းတပ်မြို့တွင် သေနတ်သံများစကြား လာခဲ့ပြီး ယင်းတူမီးသေနတ်သံကပင်လျှင် ချင်းတောင်တန်းများကိုကျော်လွန်ကာ မြန်မာနိုင်ငံ အရပ်ရပ်သို့ပျံ့နှံ့သွားခဲ့လေတော့သည်။

မြန်မာစစ်တပ် အာဏာသိမ်းယူပြီး မရှေးမနှောင်းဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် မြန်မာပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်တို့သည် အွန်လိုင်း Zoom အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ – Committee Representing Pyidaungsu Hluttaw – CRPH ကို စတင်ဖွဲ့စည်းခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်မှာတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – National Unity Consultative Council – NUCC ကိုဖွဲ့စည်းခဲ့ပါသည်။

ယင်း NUCC တွင် CRPH အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် သပိတ်ကော်မတီများ၊ CDM လှုပ်ရှားမှုတွင်ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ စသည်တို့ပါဝင်သည်။ (လက်ရှိအချိန်မှာတော့ CRPH က NUCC တွင် ပူးပေါင်းပါဝင်မှုများအား ယာယီရပ်ဆိုင်းထားသည်)

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ NUCC ကတင်သွင်းပြီး CRPH ကကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ဧပြီလ ၁၆ ရက်တွင်ထုတ်ပြန်ကာ အမျိုးသားညီညွတ်ရေးအစိုးရ – National Unity Government – NUG ကို ကြားကာလအစိုးရအဖြစ် အတည်ပြုဖွဲ့စည်းခဲ့သည်။

NUG တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ စသည်တို့ပါဝင်သည်။ မြန်မာစစ်တပ်ကတော့ NUG ကို တရားမဝင်ဟု ပြောဆိုထားပါသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှစတင်ပြီး နိုင်ငံတော်အား အရေးပေါ်အခြေအနေ သတ်မှတ်ကြောင်းနှင့် ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ကြေညာပြီးသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံတဝန်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်မားလာခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှာတော့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့များ၏ ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ခဲ့ပြီး မြန်မာ့ပြည်တွင်းစစ်က အထွတ်အထိပ်ရောက်ရှိခဲ့ပါသည်။ (မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွင် အာရက္ခတပ်တော် – AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် -TNLA တို့ ပါဝင်သည်)

မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့က ‘၁၀၂၇ စစ်ဆင်ရေး’ကို ပထမလှိုင်း၊ ဒုတိယလှိုင်းဆိုသည့် လှိုင်းနှစ်လှိုင်းဖြင့်ဖော်ဆောင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၅၀ နီးပါး သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိအချိန်ထိဆိုလျှင်တော့ တော်လှန်ရေးအဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ မြို့ပေါင်း ၈၇ မြို့အထိထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ISP Myanmar ၏ အစီရင်ခံစာအရ သိရပါသည်။ ကနဦးကာလတုန်းကတော့ တော်လှန်ရေးတပ်ဖွဲ့များက မြန်မာနိုင်ငံအနှံ့က မြို့ပေါင်း ၁၀၂ မြို့အထိသိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ မြန်မာစစ်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် မြို့ ၁၅ မြို့ကို ပြန်ပြီးလက်လွှတ်ခဲ့ရသည်။ တော်လှန်ရေးတပ်ဖွဲ့များက တနိုင်ငံလုံးဧရိယာစုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းကို အပြည့်အဝ ထိန်းချုပ်ထားပြီး ယင်းက ဧရိယာ ၂၅၆,၀၀၀ စတုရန်း ကီလိုမီတာထက်မနည်း ရှိနေသည်ဟု ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

နိုင်ငံတော်အာဏာသိမ်းယူထားသော မြန်မာစစ်တပ်က နိုင်ငံတကာတွင်တရားဝင်မှုရစေရန် ရည်ရွယ်ပြီး ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း ၂ နှင့် ဇန်နဝါရီ ၂၅ ရက်တွင် အပိုင်း ၃ ကျင်းပခဲ့ပါသည်။

နယ်မြေများ ဆုံးရှုံးနေရသောစစ်ကော်မရှင်သည် ရွေးကောက်ပွဲများကို နိုင်ငံတဝန်း မကျင်းပနိုင်တော့သဖြင့် ယခုလို အပိုင်းများခွဲကာ ကျင်းပနေရခြင်းဖြစ်သည်။

စစ်ကော်မရှင်ထိန်းချုပ်မှုမရှိနိုင်တော့သော ဒေသများတွင် ရွေးကောက်ပွဲများမကျင်းပနိုင်တော့သလို လက်ရှိရွေးကောက်ပွဲ ကျင်းပနေသော ဒေသများကိုလည်း စစ်ကော်မရှင်က အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိပါ။

ဥပမာ – စစ်ကိုင်းတိုင်း၊ မုံရွာတွင် ရွေးကောက်ပွဲကျင်းပသည်ဆိုသော်လည်း မုံရွာမြို့ပေါ်နှင့် ကျေးရွာအုပ်စု နှစ်အုပ်စုလောက်တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါတော့သည်။ ဒါသည်ကိုပဲ မုံရွာတွင်ရွေးကောက်ပွဲကျင်းပသည်ဟု စစ်ကော်မရှင်ကခေါင်းစဉ်တပ်ခြင်းဖြစ်သည်ဟု ကိုစိုးဝင်းဆွေကပြောသည်။

“မုံရွာမှာဆိုရင် ရပ်ကွက်နဲ့ကျေးရွာအုပ်စုပေါင်း ၈၀ ကျော်ရှိတယ်။ ဒီထဲမှာမှ ရပ်ကွက်နဲ့ကျေးရွာအုပ်စု နှစ်ခုပဲကျင်းပနိုင်တယ်ဆိုတာက အလွန်နည်းပါးတဲ့ပမာဏပဲလေ။ တခြားမြို့နယ်တွေမှာလည်း ဒီလိုပါပဲ။ အထူးသဖြင့် စစ်ကိုင်းလိုပေါ့။ တော်လှန်ရေးအားကောင်းတဲ့နေရာတွေမှာဆိုရင်တော့ သူတို့ထိန်းချုပ်နိုင်မယ်ယုံကြည်လို့ ရွေးကောက်ပွဲကျင်းပတဲ့မြို့နယ်တွေ ကိုယ်တိုင်က တကယ်တမ်းထိန်းချုပ်နိုင်ခြင်း မရှိတာကို တွေ့ရပါတယ်”၎င်းကပြောသည်။

တနည်းပြောရမည်ဆိုရင်တော့ စစ်ကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်တော့သော ဒေသများအား လွတ်မြောက်နယ်မြေများအဖြစ် ဝန်ခံလိုက်ခြင်းလည်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော ဒေသများအပေါ် စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်မှုက ယခင်ကထက် ပိုပြီးတိုးမြှင့်လာနိုင်သည်ဟု သုံးသပ်နေကြသည်။

အကြမ်းဖက် စစ်တပ်အနေနှင့်ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သော ဒေသများအပေါ်ကိုရော ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ဒေသများအပေါ်ကိုပါ ညှာတာနေမည်တော့လည်း မဟုတ်ပါ။

အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာစစ်တပ်သည် ၎င်းတွင်ရှိထားသောအရင်းအမြစ်များ အားလုံးကို သုံးစွဲကာ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက် နေသည်ကလည်း အားလုံးမျက်မြင်ကိုယ်တွေ့ပင် ဖြစ်၏။

စစ်တပ်က နည်းလမ်းပေါင်းစုံဘအသုံးပြုပြီး မြန်မာပြည်သူများအပေါ် အစွမ်းကုန် မီးကုန်ယမ်းကုန် တိုက်ခိုက်နေသော်လည်း ၎င်း၏ဩဇာအာဏာက တိုးမြင့်လာနိုင်ခဲ့ခြင်းတော့ မရှိပါ။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသည်များက တတိုင်းပြည်လုံးနှင့်ခြုံသော ကိစ္စဖြစ်သလို ပြည်သူ့တော်လှန်ရေးလည်း ဖြစ်နေပါသည်။ စစ်တပ်ကဲ့သို့သော အစုအဖွဲ့တခုက တိုင်းပြည်တခုလုံး ငြိမ်သက်သွားအောင် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေခြင်းက မည်သို့မျှ ပင်ဖြစ်လာစရာမရှိသော ကိစ္စတရပ်လည်းဖြစ်ပြီး ပဋိပက္ခများသာ ဆက်ပြီးကျန်ရစ်နေပေလိမ့်မည်သာဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏ ယုံကြည်ချက်၊ ခံယူချက်များသည်လည်း လွယ်လွယ်သေဆုံးသွားမည်မဟုတ်ဘဲ ၎င်းတို့ခံယူချက်အတိုင်း ဆက်သွားနေဦးမည်သာ ဖြစ်သည်။

လက်ရှိကျင်းပနေသော ရွေးကောက်ပွဲများကိုလည်း အတုအယောင်ရွေးကောက်ပွဲများအဖြစ်သာ တော်လှန်ရေးအင်အားစုများက ရှုမြင်ထားသလို ရွေးကောက်ပွဲရလဒ်ကိုလည်း လက်ခံမည်မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇန်နဝါရီ ၂၀ ရက်ကပြောဆိုထားပါသည်။

စစ်အုပ်ချုပ်ရေးကို နိုင်ငံရေး ကိုယ်စားလှယ်များကတဆင့် တရားဝင်ဖြစ်စေရန် ကြိုးပမ်းနေသော စစ်ကော်မရှင်၏ အားထုတ်မှုများအား ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံအများအပြားနှင့် လူ့အခွင့်အရေး အဖွဲ့များကလည်း အပြင်းအထန် ဝေဖန်နေကြသည်။

ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်သတ်မှတ်သော ကိစ္စများ၊ မဲစာရင်းပြုစုသော ကိစ္စများကစပြီး ရွေးကောက်ပွဲရလဒ် ကြေညာသည့်အဆုံးအထိ ရွေးကောက်ပွဲဖြစ်စဉ် တခုလုံးသည်လည်း သံသယဖြစ်ဖွယ်၊ မယုံကြည်ဖွယ်ကိစ္စရပ်များဖြင့်သာ ပြည့်နှက်နေကြောင်းကိုလည်း ရွေးကောက်ပွဲ ဝင်ပြိုင်သည့်အစုအဖွဲ့များကိုယ်တိုင်က ဝန်ခံငြီးတွားသံ များ ကြားလာရပါသည်။

စစ်ကော်မရှင်က မိမိတို့လိုချင်သောရလဒ်ထွက်ပေါ်လာအောင် သေသေချာချာအကွက်ဆင်ပြီး ဖန်တီးထားသည့် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် မြန်မာပြည်သူများနှင့် နိုင်ငံတကာကလည်း စစ်ကော်မရှင်ရွေးကောက်ပွဲ၏ တရားဝင်မှုကို မေးခွန်းများထုတ်လျက် ရှိနေသည်။

ထို့ကြောင့် နိဂုံးချုပ်ရမည်ဆိုလျှင်တော့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲများက ပြည်တွင်းအခြေအနေ များအပေါ် အပြောင်းအလဲ တစုံတရာ ဖြစ်လာနိုင်စရာအကြောင်း မရှိပါ။ ရွေးကောက်ပွဲအောင်မြင်သွားခဲ့သည် ဆိုလျှင်တောင်မှ ဖြစ်ပေါ်လာမည့် အစိုးရသည် စစ်တပ်ကယခုလုပ်ဆောင်လျက်ရှိနေသော အကြမ်းဖက်မှုများကိုသာ ဆက်ပြီး ဆောင်ရွက်နေမည်ဖြစ်သည်။

ကိုင်းဖိုရမ် ဖက်ဒရေးရှင်း EC အဖွဲ့ဝင် ကိုစိုးဝင်းဆွေမှ “လူသာချိန်းသွားမယ်၊ မူကတော့ အရင်အတိုင်းဖြစ်နေမှာပဲ”ဟုသုံးသပ်ပြောသည်။

ပုံစာ-စစ်ကော်မရှင်ရဲ့အပိုင်း(၃)ရွေးကောက်ပွဲကျင်းပသွားတဲ့ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တနေရာကအုပ်ချုပ်ရေးမှူးရုံး။(ဓာတ်ပုံ – CJ)

#ဘုန်းမောင်
#မျက်မှောက်ခေတ်
#သတင်းဆောင်းပါး

error: Content is protected !!