Home > ဆောင်းပါး > ဓားတောင်ကိုနားလည်ခြင်း

လွှားအောင်(စစ်ကိုင်း)
(မျက်မှောက်ခေတ် ခံစားမျှဝေ)

“ကိုနန္ဒာ ကျုပ်လိုချင်တာ ဓားဗျ ဓား” ကိုသံချောင်းရဲ့စကား။

‎ဓားတောင်၀တ္ထုထဲက ကိုသံချောင်း ဓားတစ်ချောင်းရတဲ့အခါ ကျွန်းပေါ်မှာ နေထိုင်အသက်ရှင်ဖို့ ကျွန်းလူ့ဘောင်တစ်ခုဖန်တီးခဲ့ပုံမှာ စာဖတ်သူတိုင်းရဲ့ ရင်ထဲစွဲခဲ့ကြပါတယ်။

ဆရာမြရဲ့ ၀တ္ထုဖြစ်တည်ရာ ကိုကိုးကျွန်းကို အပို့ခံရတဲ့အထဲ ဆရာထက်မြက်လည်းတစ်ဦအပါ၀င်ဖြစ်ပါတယ်။ အစိုးရက ဆန်နဲ့ငပိသာပေးပါတယ် ပြီးတော့ ဓားရယ်ပေါ့။ သူတို့ပေးတဲ့ဆန်က ပိုထိုး ငပိကအပုတ် ဓားက ထင်းပင်အကြီးဆို ခုတ်လှဲမရ။

‎ဆန်ပိုထိုးပြသနာကို ဆန်ကောင်းတာတွေး သီးသန့်ရွေးလို့ရပေမဲ့ ငပိပုတ်ကို စားလို့မရတော့ ငပိပုတ်တိုက်ပွဲစဖြစ်ပါတယ်။ အစာငတ်ခံဆန္ဒပြတာပါ။ ငပိပုတ်တိုက်ပွဲမှာ အစိုးရကလိုက်လျောပေးလို့ ဆန္ဒပြပွဲ ပထမအဆင့်အောင်မြင်ခဲ့ပါတယ်။

‎ဓားအတွက် အခြားသော အသုံး၀င်စရာ လက်နက်ပစ္စည်းတွေအတွက် သူတို့ဖန်တီးပုံက လိုအပ်တဲ့သံကို ရေမှာနစ်နေတဲ့ ဆန်သ‌င်္ဘောတစီးရဲ့ အပျက်အစီးဆီကရပါတယ်။ ကိုယ်တိုင်ပန်းပဲဖိုတည်ကာ ဓားလုပ်ကြပါတယ်။ သံကိုဖြတ်ကြည့်လို့ ပြတ်မှ ဓားကောင်းလို့သတ်မှတ်တာပါ။

‎ကိုယ်ထူကိုယ်ထမို့ ရေကိုယ်တိုင်ခပ် ထင်းကိုယ်တိုင်ရှာ အသားစိုမစားရတော့ အမဲကိုယ်တိုင်လိုက်ရတဲ့ ကျွန်းပေါ်က ကျွန်းပြစ်ဒဏ်ကျ နိုင်ကျဉ်းများရဲ့ဘ၀ဖြစ်ပါတယ်။

အသားစိုမစားရတော့ အသည်းရောင်အသားဝါရောဂါတွေဖြစ်ကြပါတယ်။ ဆေးဝါးထောက်ပံ့မှုကောင်းစွာမရ အစားသောက်ဆင်းရဲ ငပိနဲ့ ဆန်သာ အားကိုးနေရတဲ့ ကိုကိုးကျွန်းက ကျွန်းကျ နိုင်ကျဉ်းများထဲမှာ ဆရာမြသန်းတင့် ဆရာဗန်းမော်တင်အောင်တို့ပါပါတယ်။

ဒုတိယ အစာငတ်ခံဆန္ဒပြပွဲတောင်းဆိုချက်များမှာ အသားစိုရရရေး ရိက္ခာတိုးပေးရေး သတင်းစာများကိုပြည်မမှနေ၍ပို့ပေးရေး ဖတ်လိုသောစာအုပ်စာတမ်းများ မိမိအိမ်များမှပို့ပေးရေး ဆေးဝါးရရှိနိုင်ရေးနဲ့ အသည်းရောင်အသားဝါရောဂါနဲ့ ကျဆုံးသွားသော ရဲဘော်၏ အလောင်းအား မိသားစုထံပြန်ပို့ပေးရေးဖြစ်ပါတယ်။ ဆရာထက်မြက်က ရက်လေးဆယ် အစာငတ်ခံဆန္ဒပြပွဲမှာ ပါ၀င်ခဲ့ပါတယ်။

‎အသားစိုရရေး ရိက္ခာလုံလောက်စွာ ထောက်ပံ့ပေးနိုင်ဖို့ လေးဆယ်ခြောက်ရက်ကြာ အစာငတ်ခံဆန္ဒထပ်ပြပါတယ်။ ဆန္ဒပြပွဲမှာ ရဲဘော်နှစ်ယောက်ကျဆုံးခဲ့ရပါတယ်။ ထောင်ပိုင်များက ရိက္ခာထောက်ပံ့ပါမယ် ကတိရလို့ သပိတ်အောင်မြင်ခဲ့ပါတယ်။

‎ကျွန်းဒဏ်ကျနိုင်ကျဉ်းထဲမှာပါတဲ့သူ တွေထဲမှာ သစ်ပင်တက်လည်းကျွမ်း လုပ်အားအကြမ်းခံနိုင်တဲ့ ဗလလည်းတောင့်တဲ့ နိုင်ငံရေးသမားတွေပါပါတယ် သူတို့ကပဲ ကျန်ဘ၀တူတွေကို အသားငါးရှာ‌ဖွေကျွေးခဲ့ကြတာပါ။ ကိုသံချောင်းလို လူတွေပေါ့။ ဆရာမြက ကိုသံချောင်းဇာတ်လိုက်ကိုဖန်တီးတဲ့ အဲ့ဒီနိုင်ကျဉ်းတွေထဲက သူချစ်ခင်ရတဲ့ သူတွေကိုကြည့်ပြီး ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

‎ရက်လေးဆယ် ဆန္ဒပြပွဲအပြီး တစ်လနှစ်လသာ အစိုးရကရိက္ခာထောက်ပံ့ပေမဲ့ ဒုံရင်းကဒုံရင်းပဲဖြစ်နေခဲ့ပြန်ပါတယ်။ နောက်ဆုံးတိုက်ပွဲတိုက်ဖို့ ဖြစ်လာပါတယ်။ ဒီတစ်ခါတိုက်ပွဲကြွေးကြော်သံက ကိုယ်ထူကိုယ်ထစနစ်ဖျက်ရေးနဲ့ ကျွန်းစနစ်ဖျက်ရေးဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒပြမဲ့ သူတွေထဲမှာ ခုနကပြောတဲ့ အကြမ်းခံနိုင်တဲ့သူတွေက ပထမအသုတ်အဖြစ်ရှေ့တန်းက၀င်ပါတယ်။

ဒီနေရာမှာ စာဖတ်သူတစ်ယောက်အနေနဲ့ ကြား၀င်တွေးလိုက်မိသည်က သူတို့ရဲ့သတ္တိနဲ့ ဇွဲကိုပါပဲ။ နောက်ဆုံးအဖြစ်ကိုလည်းကြိုမြင်ထားပါလျက် ကိုယ်လိုချင်တဲ့ပန်းတိုင်ရဖို့အရေး နောက်‌လာနောင်သားတွေ သူတို့လို ဒုက္ခမခံရဖို့အရေး အစိုးရကို အသေခံတော်လှန်သွားပုံက ကြက်သီးထစရာကောင်းလှပါတယ်။

‎၅၃ရက်ကြာ အစာငတ်ခံဆန္ဒပြပွဲမှာ ရဲဘော်ရှစ်ယောက်ကျဆုံးခဲ့ရပါတယ်။ အစာငတ်ခံ ဆန္ဒပြပွဲရက်အတွင်း သူတို့ပုံစံရေးပြထားပုံက ဘုရားလာင်းဒုက္ကစရိယာ ကျင့်တုန်းကလို အရိုးပေါ်အရေတင်ပဲရှိကြပုံမျိုးပါ။

အစာငတ်ခံလို့ ၃၇ရက်အကြာမှာ ရဲဘော်တစ်ဦး ပထမဆုံးအကြိမ်ကျပါတယ်။ နောက်ရက်လေးဆယ်။ နောထပ်ရဲဘော်များ။ အစိုးရနဲ့သဘောတူညီမှုရတဲ့ ၅၃ရက်မြောက်မှာပဲ ရဲဘော်တစ်ဦးထပ်ကျပါတယ်။

အစာငတ်ခံဆန္ဒပြပွဲအပြီးမှာတော့ ကျွန်းစနစ်ကို လုံး၀ဖျက်သိမ်းပြီး ပြည်မကို နိုင်ငံရေး အကျဉ်းသားများအားလုံးကို ပြန်ခေါ်ခဲ့ပါတယ်။ ကျွန်းပေါ်မှာ နှစ်နှစ်နဲ့ကိုးလကြာခဲ့ပါတယ်။

အသက်ပေးကာ တော်လှန်တိုက်ဖျက်ခဲ့သော ကျွန်းစနစ်ဟာ နောင်လာနောက်သား နိုင်ကျဉ်းများကိုဒုက္ခမပေးနိုင်တော့ပါ။ တွေးမိသည်က ရဲဘော်ရှစ်ယောက်ရဲ့ အနစ်နာခံမှုနဲ့ စွန့်လွှတ်မှု့ကိုပါ။

ကိုသံချောင်းဝိဉာဉ်ဟာ ဆရာမြနဲ့အတူပါလာခဲ့ပုံရပါတယ်။ ဓားတောင်၀တ္ထုကိုအရင်က သာမာန်၀တ္ထုတစ်ပုဒ်လိုပဲ ဖတ်ရှု့ခဲ့တာပါ။ ဆရာထက်မြက်ရဲ့ အမှောင်ထုကိုဖြတ်သန်းခြ့င်းကို ဖတ်ပြီးတဲ့အခါမှာတော့ ဆရာမြဟာ စာဖတ်သူရင်ထဲ ရသ၀တ္ထုတစ်ပုဒ်လို သမိုင်းကြောင်းကို ထည့်သွားပါလားဆိုတာမြင်လာရပါတယ်။

#လွှားအောင်(စစ်ကိုင်း)
#မျက်မှောက်ခေတ်
#Bookreview

error: Content is protected !!