Home > ဆောင်းပါး > လူထုဆန္ဒကို လှစ်ဟပြနေတဲ့ မဲရုံတွေ

လူထုဆန္ဒကို လှစ်ဟပြနေတဲ့ မဲရုံတွေ

မျက်မှောက်ခေတ်သတင်းအဖွဲ့
(မျက်မှောက်ခေတ် သတင်းဆောင်းပါး)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလရဲ့ နောက်ဆုံးအပတ်မှာ စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေကတော့ အရှေ့မှာပြုလုပ်တဲ့အတိုင်းပဲ မဲရုံတွေမှာ ခြောက်ကပ်တိတ်ဆိတ်လို့ နေပါတယ်။
စစ်ကော်မရှင်က ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ လူထုစိတ်ဝင်စားမှု အလျှဉ်းမရှိတဲ့အကြောင်းကို ကြဲပါးတိတ်ဆိတ်နေတဲ့ မဲရုံ‌တွေက လက်တွေ့ပြသ လိုက်တာပဲ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ လူရှေ့ထွက်လာပြီး မဲရုံတွေဆီ ရောက်လာတဲ့ပုံကို တွေ့လိုက်ရပါတယ်။ စစ်ခေါင်းဆောင်နဲ့ အမျိုးသမီးကြီး‌တွေနဲ့ စကားပြောနေကြတဲ့ ရုပ်သံကို မျှဝေသူတွေ ရှိခဲ့ပါတယ်။
ရုပ်သံထဲမှာတော့ စစ်ခေါင်းဆောင်နဲ့ ဘေးနားက သူနဲ့စကားရပ်ပြောတဲ့ အမျိုးသမီးကြီးတွေအပြင် ကင်မရာမန်း‌တွေ သတင်းထောက်တွေလို့ ထင်ရတဲ့သူတွေလည်း ရှိနေတာတွေ့ရပါတယ်။

အဲ့ဒီရုပ်သံထဲက လူအရေအတွက်က အရပ်သားအစိုးရ လက်ထက်က ရပ်ကွက်ကလေးတခုက မဲရုံမှာ မဲလာပေးတဲ့ လူအရေအတွက်လောက်တောင် မရှိဘူးလို့ပြောလို့ရနိုင်ပါတယ်။

“မနက်က ၉နာရီလောက် မဲသွားပေးတာ၊ မဲရုံမှာဘယ်သူမှမရှိဘူး” လို့ ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်က မဲသွားပေးတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ဟာလည်း နောက်ဆုံးအပိုင်းအဖြစ်နဲ့ ပါဝင်တဲ့နေရာတခု ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲကို အသုတ်သုံးသုတ်ခွဲပြီး ကျင်းပသွားခဲ့တာဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက မြို့နယ် ၈ခုမှာ ပထမအသုတ် ကျင်းပပြီး ဒုတိယအသုတ်ကို မြို့နယ် ၉ခုနဲ့ တတိယအသုတ်ကို ဇန်နဝါရီ ၂၅ ရက်နေ့မှာ မြို့နယ် ၉ခုအတွင်း ကျင်းပခဲ့တယ်လို့ ဧရာဝတီတိုင်းက သတင်းတွေကို အစဉ်တစိုက် ထုတ်လွင့်တင်ဆက်နေတဲ့ Delta News agency က “စစ်တပ်စိတ်တိုင်းကျ အစိမ်းရောင်လွှမ်းခဲ့တဲ့ ဧရာတီတိုင်း” ဆိုတဲ့ ရွေးကောက်ပွဲအနှစ်ချုပ် ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ကိုတင်ထက်ကိုက ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်က အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ ကာလတခုအထိ လုပ်ကိုင်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်တပ်အုပ်ချုပ်တဲ့အောက်မှာ ဆက်ပြီးအလုပ်မလုပ်ချင်တော့တဲ့အတွက် CDM ပြုလုပ်ထားသူတယောက် ဖြစ်ပါတယ်။
ရပ်ကွက်ကနေ စွန့်ခွာလာခဲ့တယ်ဆိုပေမယ့် အရင်သူအလုပ်လုပ်ခဲ့တဲ့ ရပ်ကွက်ကအခြေအနေကိုတော့ မျက်ချေမပြတ် စောင့်ကြည့်နေသူ ဖြစ်ပါတယ်။
“မဲပေးတဲ့နေရာမှာ လူမရှိဘူး။ မနက် ၆နာရီမှာ မဲရုံကိုမဲလာပေးဖို့အတွက် လိုက်ပြောနေရတယ်။ ရပ်ကွက်ထဲမှာ မဲပေးဖို့ လိုက်ပြီးလှုံ့ဆော်နေရတဲ့ အနေအထားတွေရှိတယ်”လို့ သူကဇန်နဝါရီလ ၂၅ရက်နေ့က စမ်းချောင်းမြို့နယ်က စစ်ကော်မရှင်ရဲ့မဲရုံအခြေအနေကို ပြောပြပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲပြုလုပ်တဲ့နေရာမှာ ကလေးကာကွယ်ဆေး သွားထိုးရင်း မဲထည့်ခိုင်းတဲ့အတွက် မဲထည့်လိုက်ရပုံကို ယင်းမာပင်ဒေသခံ အမျိုးသမီးတဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“ကျမတို့ဆို မဲစာရင်းမှာမပါဘူး။ ပြီးတော့ ကျမနေတဲ့ ယင်းမာပင်နယ်မှာ ရွေးကောက်ပွဲလည်း မရှိဘူး။ ကလေးဆေးထိုးသွားတာ။ ကာကွယ်ဆေးပေါ့။ ဟိုရောက်တော့ ကျမတို့ကို မဲထည့်ခိုင်းတယ်။ ကျမတို့လည်း ကြောက်တာနဲ့ မဲထည့်ခဲ့ရသေးတယ်။ သူတို့မဲတော့မထည့်ဘူး။ အခြားမဲထည့်လိုက်ရတာ။ ရွေးကောက်ပွဲက ဟန်ပြသက်သက်ပဲ။ ကြံ့ခိုင်ရေး နိုင်မှာက နိုင်မှာပဲ။ အမှန်တကယ် စစ်မှန်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး”လို့ ယင်းမာပင်မြို့နယ်က ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင်ထဲမှာ စစ်ကော်မရှင်တပ်က ကနီနယ်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်နှစ်ခုမှာ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုရွေးကောက်ပွဲ လုပ်နိုင်ခဲ့တဲ့ မြို့နယ်နှစ်ခုမှာလည်း မြို့နယ်တခုလုံးကိုခြုံပြီး လုပ်နိုင်ခဲ့တာ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင်ကြေးနီစီမံကိန်းထဲအတွင်းမှာတော့ ရွေးကောက်ပွဲပြုလုပ်သွားတာဖြစ်ပြီး ပုလဲနယ်နဲ့ ယင်းမာပင်မြို့နယ်မှာတော့ ရွေးကောက်ပွဲလုပ်နိုင်ခဲ့တာ မရှိခဲ့ဘူးလို့ ဒေသခံကပြောပါတယ်။

ကနီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပျူစောထီးဆိုသူတွေ အများဆုံးရှိတဲ့ အလည်ကျွန်းရွာလို နေရာမှာပဲ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့တာရှိတယ်လို့ပြောပါတယ်။

ကနီမြို့ပေါ်မှာတော့ ပြည်သူတွေကို အတင်းအကြပ် မဲထည့်ခိုင်းတာမျိုးတွေ ရှိခဲ့တယ်လို့ မျက်မှောက်ခေတ်က စုံစမ်းသိရှိရပါတယ်။
မကြာသေးတဲ့ အချိန်ကာလတခုကို နောက်ကြောင်းပြန် ကြည့်လိုက်ရင် စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်းတွေမှားတာ၊မဲလိမ်၊မဲခိုးတာပါလို့ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲတုန်းက ကျမတို့ မဲရုံမှူးတွေ လုပ်ခဲ့ရတယ်။ မဲဆို ရပ်ရွာလူကြီးတွေရှေ့မှာ မဲကိုတစ်ရွက်ချင်းရေရတာ။ မဲခိုးဖို့မပြောနဲ့။ ဘယ်လိုထည့်ရမယ်ဆိုတာ မသိတဲ့သူကိုတောင် မဲရုံထဲမှာ လမ်းညွှန်လို့မရဘူး။ အမူအရာ၊ စကား ပြောလို့မရဘူး။ အခု စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဆိုတာက မဲပေးဖို့ ဖိအားပေးတယ်၊ ခြိမ်းခြောက်တယ်။အလိုတူ နန်းစီဒီအမ်(Non- CDM) ဆရာ၊ဆရာမတွေကို အသုံးချပြီး ပြည်သူတွေဆီကနေ မဲဓားပြတိုက်တာပါပဲ” လို့ မကွေးတိုင်း ယောဒသက CDM ဆရာမတဦးက သူ့အ တွေ့အကြုံကို ပြောပြပါတယ်။

မကွေးတိုင်း၊ ယောဒေသမှာတော့ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်ဆိုပြီး မြို့နယ်သုံးခု ရှိတဲ့နေရာမှာ ဂန့်ဂေါမြို့နယ်က ဂန့်ဂေါမြို့ပေါ်မှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“မဲထည့်တယ်ဆိုတာလည်း ကြောက်လို့။ စစ်မှုထမ်းများ လွတ်မလားလို့။ ပေါ်တာဆွဲခံရမှာစိုးလို့ ထည့်ကြတဲ့သဘော။ ကျမကတော့ မကြိုက်ဘူးဆိုတော့ ထည့်ကိုမထည်ဘူး”လို့ ဂန့်ဂေါမြို့က ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကော်မရှင်ဟာ ပြည်သူလူထုအနေနဲ့ “ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူး”လို့ ပြောရင် ရွေးကောက်ပွဲကို နှောက်ယှက်မှုနဲ့ ဖမ်းဆီးဖို့အတွက် ကြိုတင်ဆောင်ရွက်ထားတာရှိနေတယ်လို့ ဥပဒေပညာရှင်တချို့က သုံးသပ်ထားပါတယ်။

“သူ့အာဏာတည်မြဲဖို့ လုပ်နေတာတွေ။ ဘာမှ အဓိပ္ပါယ်မရှိဘူး။ စိတ်လည်းမဝင်စားဘူး။ လူသတ်ပြီး မဲတွေတောင်းနေတော့ စော်ကားတာများလွန်းတယ်။ နာကျင်ရတာမျိုးတော့ ရှိတယ်။ မဲထည့်လာတဲ့သူတွေကို မျက်နှာပြောင်တိုက်နှုတ်ဆက်စကားပြောနေတဲ့ မင်းအောင်လှိုင်ကိုမြင်တော့ ရွံရှာမှုက ပိုပြင်းထန်လာတယ်”လို့ ယောဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ ၅နှစ်ကာလမှာ ဖမ်းဆီးခံရတဲ့ သူ‌တွေထဲ နာမည်ကြီး အနုပညာရှင်တွေ အပါအ၀င် ပြည်သူအများစု ဖမ်းဆီးခဲ့ရတာ ရှိခဲ့ပါတယ်။
အဖမ်းခံရသူတချို့က ညပိုင်းအချိန်တွေမှာ ဝင်ဖမ်းပြီး မနက်မိုးလင်းတော့ ရုပ်အလောင်း လာယူခိုင်းတာတွေ ရှိခဲ့တာဖြစ်ပါတယ်။ တချို့မိသားစုဝင်တွေက ရုပ်အလောင်းတောင် ပြန်တောင်းယူလို့မရတော့တာတွေ ဒုနဲ့ဒေးရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ စစ်ကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာ ကျင်းပသွားတဲ့ ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုတ်ချတဲ့အကြောင်း ဥရောပသမဂ္ဂ (EU)က ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်ခဲ့တာရှိပြီး လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ပုံတွေအရ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး လွတ်လပ်၊ တရားမျှတ၊ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူးလို့ EU ကထောက်ပြထားပါတယ်။

ကြောက်ရွံ့မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြောက်များစွာ‌ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ကျင်းပခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မုံရွာမှာက မြို့ပေါ်ရပ်ကွက်တွေပဲ ရွေးကောက်ပွဲလုပ်နိုင်တာ၊ ရွာတွေဘက်မှာ မလုပ်နိုင်ဘူး။ မြို့ပေါ်မှာတောင် အစောပိုင်းက စိတ်မ၀င်စားကြဘူး။ရွေးကောက်ပွဲရက်နီးမှ မဲစာရင်းကြည့်ပြီးပြီလား၊မဲနံပါတ်ဘယ်လောက်လဲဆိုတာ စစ်သားတွေကမေးတယ်။ မပြောနိုင်ရင် ရိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာလို့ မဲစာရင်း သွားကြည့်ကြတာ။ မဲစာရင်းတွေက အမှားတွေများတယ်။ ပြည်သူတွေကကြောက်လို့သာ မဲပေးကြတာပါ”လို့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

မုံရွာမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၃၁ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၄ အုပ်စုရှိပြီး ၅၂ အုပ်စုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
အခုတော့ စစ်ခေါင်းဆောင်လုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲက “တရားမျှတမှု မရှိဘူး”လို့ သတင်းမီဒီယာတွေက ဖော်ပြတဲ့အခါ “ပြည်ဖျက်မီဒီယာ၊ပြည်ပြေးသတင်းသမားတွေက မလိုမုန်းတီးလို့ အဖျက်အမှောက်လုပ်တာပါ”လို့လည်း ဝါဒဖြန့်ရေး ရန္တရားကနေ ဖြန့်ပါသေးတယ်။

“စစ်ခေါင်းဆောင်လုပ်တဲ့ ရွေးကောက်ပွဲဟာ ကိုယ့်စိတ်နဲ့ကိုယ်၊ ကိုယ့်ဆန္ဒနဲ့ကိုယ်ပျော်ပျော်ရွှင်ရွှင်၊ လုံလုံခြုံခြုံ မဲသွားထည့်ရတဲ့သူက ရှားတယ်။ အရင်ရွေးကောက်ပွဲတုန်းက မဲထည့်ချင်လို့ကို သွားထည့်ကြတာ။ အခုက ဖိအားနဲ့ အကြောက်တရားနဲ့ မဲထည့်ကြရတာ ဖြစ်တယ်”လို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့် သတင်းတင်ဆက်သူ Mizzima သတင်းဌာနက သတင်းထောက် မဂျူချန်းက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို မွန်ပြည်နယ်၊ ကသာ၊ ဖားကန့်နဲ့ လားရှိူးမြို့တွေကိုစောင့် သတင်းထုတ်ခဲ့တာလို့ပြောပါတယ်။
ဖားကန့်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း (၃)ပြုလုပ်တဲ့ နေရာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲပေးရတဲ့နေ့က ဖားကန့်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကသာနယ်မှာဆိုလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း(၁)မှာ ပါခဲ့ပါတယ်။ ကသာနယ်ဟာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကော်မရှင်ရဲ့တပ်တွေကြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ‌စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလမှာ တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပါတယ်။ဒီလို‌တိုက်ပွဲတွေကြားမှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာ အောင်မြင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်နဲ့ လွန်စွာမှ ကွဲလွဲနေတာဖြစ်တယ်လို့ သူကမှတ်ချက်ပြုပါတယ်။
မွန်ပြည်နယ်၊ ဘီလူးကျွန်းမှာလည်း ရွေးကောက်ပွဲ မဲပေးတဲ့ ညသန်းခေါင်း မတိုင်ခင်အထိ မွန်ညီညွတ်ရေးပါတီက မဲအသာစီးရတဲ့ အနေအထားမှာရှိနေပြီး ညသန်းခေါင်းအချိန်မှာတော့ ကြိုတင်မဲထုတ်တွေ ရောက်လာပြီး ရောက်လာတဲ့မဲတွေကို ရေတွက်လိုက်ချိန်မှာတော့ ကြံ့ခိုင်ရေးပါတီကပဲ မဲအသာရသွားတဲ့ အခြေအနေတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမဲရုံတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပါတီအင်္ကျီတွေဝတ်၊ ဦးထုတ်တွေဆောင်းပြီး ဝင်ထွက်သွားလာတာတွေရှိတဲ့အပေါ် တခြားပါတီတွေက ကန့်ကွက်တာတွေ မလုပ်ခဲ့တာကို သူကမေးခွန်းထုတ်ခဲ့ပါတယ်။

“ကန့်ကွက်ချင်တယ်ဆိုရင် မေးမြန်း၊ စုံစမ်းပြီးတော့ ဘယ်မဲရုံမှာဘာတွေဖြစ်ခဲ့လဲဆိုတာမျိုး အထောက်အထားနဲ့ ကန့်ကွက်လို့ရနိုင်တယ်။ အထောက်အထားလည်း ခိုင်လုံရဲ့သားနဲ့ ကန့်ကွက်ဖို့ အားထုတ်ကြတာ မတွေ့ရဘူး။ ပြည်သူ့ပါတီက တယောက်ကိုမေးတော့ “ကန့်ကွက်လဲ ထူးမှာမဟုတ်ဘူး”လို့ပြန်ပြောတယ်။ နဂိုကတည်းက လက်လျှော့ထားကြတဲ့သဘောမျိုး တွေ့ရတယ်”လို့ မဂျူချန်းက မျက်မှောက်ခေတ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ မဲပေးတဲ့အရေအတွက် ၅၀ ရာခိုင်နှုန်းကျော်ရင် ရွေးကောက်ပွဲ အောင်မြင်တယ်လို့ ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပချိန်ကပြောထားပါတယ်။ ဒီအချက်မှာလည်း နေပြည်တော်လို နေရာမှာ ၅၀၊ ၆၀ ရာခိုင်နှုန်းလောက် ရှိတာကလွဲရင် တခြားစောင့်ကြည့် သတင်းထုတ်ဖြစ်တဲ့ မြို့နယ်တွေမှာတော့ ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းအထိပဲ ရှိတာကိုတွေ့ခဲ့ရတယ်လို့ သူကပြောပါတယ်။

အာဆီယံနိုင်ငံ အဖွဲ့အစည်း အပါအ၀င် ဒီမိုကရေစီ ကျင့်သုံးတဲ့ ကမ္ဘာ့နိုင်ငံတွေကလည်း အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ ထောက်ပြတာ‌တွေလည်း ရှိပါတယ်။ စစ်အုပ်စုကတော့ “ပြည်တွင်းရေးကိစ္စပါ” လို့ ပြောနေကြစကားကိုပဲ ပြောနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်း ထားသူအားလုံး ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဂျပန်နဲ့ နိုင်ငံတကာက တိုက်တွန်းတောင်းဆိုထားတဲ့ကြားက စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အပေါ် စိုးရိမ်ဝမ်းနည်းကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၃၀ ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းယူမှုနောက်ပိုင်း ဂျပန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လည်လွှတ်ပေးဖို့၊ သက်ဆိုင်သူတွေအကြား အလေးအနက်ထား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခြင်းကစတင်ပြီး နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုတွေ ဆောင်ရွက်ဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့ပေမဲ့ အကောင်အထည် မဖော်ဘဲ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်လို့ ဆိုပါထားတယ်။
ဂျပန်နိုင်ငံအနေနဲ့ နောင်မှာလည်း နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုအရွေ့နဲ့ ဒီမိုကရေစီစနစ် ပြန်လည်သက်ဝင် လှုပ်ရှားလာစေရေး လုပ်ငန်းစဉ်တွေကို စောင့်ကြည့်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး စတဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့လည်း ဆက်လက်အားဖြည့် တိုက်တွန်းဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲနောက်ဆုံးအပိုင်း ကျင်းပတဲ့နေ့က လူမြင်ကွင်းကို ထွက်လာခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်း လူမြင်ကွင်းပေါ်မှာ ပြောက်နေတယ်လို့လည်း စောင့်ကြည့်သူတချို့က ပြောပါတယ်။ သူရောက်နေတဲ့ နေရာအဆောက်အဦတခုမှာ ပစ်ခတ်တိုက်ခိုက်တာခံရလို့ အခုလိုလူမြင်ကွင်းကနေ ပြောက်နေတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

#မျက်မှောက်ခေတ်
#သတင်းဆောင်းပါး
#မျက်မှောက်ခေတ်သတင်းအဖွဲ့

error: Content is protected !!