Home > သတင်း > တရားဉပဒေစိုးမိုးရေး > ရန်ကုန်၊ မန္တလေးမှာ ကျားဖြန့် ပြောင်းရွေ့လုပ်ကိုင်လာ၊ ၁၀၂၇ နောက်ပိုင်း ကျားဖြန့် ၇၅ ခုအသစ်တိုးလာ

ရန်ကုန်၊ မန္တလေးမှာ ကျားဖြန့် ပြောင်းရွေ့လုပ်ကိုင်လာ၊ ၁၀၂၇ နောက်ပိုင်း ကျားဖြန့် ၇၅ ခုအသစ်တိုးလာ

ရန်ကုန်၊ မန္တလေးမြို့တွေမှာ ကျားဖြန့် နေရာသစ် တိုးချဲ့ပြောင်း‌ရွှေ့ လုပ်ကိုင်လာကြတာ ရှိနေတယ်လို့ မြန်မာ့အခြေပြုစစ်တမ်း State of Myanmar – ISP- Myanmar ရဲ့မဟာဗျူဟာဆန်းစစ်ချက်နဲ့ ဦးတည်လမ်းကြောင်းလားရာများ (၂၀၂၅ – ၂၀၂၆) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း ၇၅ ခုထက်မနည်း အသစ်တိုးလာတာရှိတဲ့အပြင် စစ်ဆင်ရေးကာလအတွင်းမှာပဲ မြန်မာ-တရုတ်နယ်စပ်ဒေကနေ ကျားဖြန့်လုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်အလယ်ပိုင်း ဒေသတွေဆီကို ‌ရွှေ့ပြောင်းလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်း‌တွေဟာ ဖြိုခွဲခံရပြီးတဲ့နောက်ပိုင်းမှာ မြဝတီမြို့နယ်အတွင်းက နေရာအသစ်တွေနဲ့ ရန်ကုန်၊ မန္တလေးမြို့တွေကိုပါ ရွှေ့ပြောင်းလုပ်ကိုင်လာကြတာရှိတယ်လို့ ဇန်နဝါရီလ ၁၇ ရက် ရက်စွဲနဲ့ ISP – Myanmar ကထုတ်ပြန်ပါတယ်။

ပဋိပက္ခရဲ့ ဦးတည်ရာလမ်းကြောင်းက ယတိပြတ်အဖြေမထွက်ပေမဲ့ ပဋိပက္ခက ပိုကြမ်းကြုတ် (intensity) ပြင်းထန်လာလို့ လူသားဘ၀လုံခြုံရေး ကျဆင်းရသလို၊ ပဋိပက္ခစီးပွားရေးကလည်း လူသားဘ၀လုံခြုံရေး ထိုးစိုက်ဆင်းနေတာကို ဖော်ပြနေတယ်လို့ ဖော်ပြပါတယ်။

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုပါမြောက်တဲ့ စီးပွားရေးမှာ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ကူးသန်းမှု၊ ကျားဖြန့်အွန်လိုင်းငွေလိမ်မှုနဲ့ လူကုန်ကူးမှုတွေအပြင်
မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှုမှာ ကမ္ဘာ့အဆင့်တစ် ဖြစ်လာပြီး ကျားဖြန့်နဲ့ လူကုန်ကူးကျွန်ပြုမှုတွေမှာလည်း ကမ္ဘာ့သတင်းခေါင်းစဉ်နိုင်ငံ ဖြစ်လာနေတယ်လို့ ဆိုထားပါတယ်။
ဒီပြဿနာတွေဟာ ချည့်နဲ့နိုင်ငံဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးနဲ့ လုံခြုံရေးအရင်းခံအကြောင်းတွေကြောင့် ဖြစ်နေရတာမို့ တရားဥပဒေစိုးမိုးမှု ရှုထောင့်တခုတည်းကနေ ချေမှုန်းဖမ်းဆီးလုပ်ရုံနဲ့ ပြေလည်မသွားနိုင်ဘူးလို့လည်း ISP- Myanmar ရဲ့စစ်တမ်းသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

error: Content is protected !!