မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့လယ်က စစ်တပ်အဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီကနေ သိရပါတယ်။
“အသံအကျယ်ကြီးကို ပေါက်ကွဲသွားတာ။ စခန်းထဲမှာ ဗုံးပေါက်ကွဲပြီးတော့ စစ်တပ်ကလည်း အနီးကရွာတွေကိုတောက်လျှောက်ပြန်ပစ်တာ”လို့ ဂန့်ဂေါမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲရာမှာ ထိခိုက်မှုတွေရှိခဲ့ပြီး ထိခိုက်တဲ့ အရေအတွက်နဲ့ အသေးစိတ် အခြေအနေကို သိရှိရခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချခံရပြီးနောက် စစ်တပ်ဟာ ညနေကနေ ညဦးပိုင်းအထိ ဂန့်ဂေါမြို့အနောက်ဘက်က ကျေးရွာတွေဆီကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားတွေထိခိုက်မှုရှိမရှိ မျက်မှောက်ခေတ်က စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ ၊ ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ တိတ်ဆိတ်ခြင်းသပိတ်မှာပါဝင်တဲ့ ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ယောဒေသ၊ ဂန့်ဂေါမြို့ကို စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ စီစဥ်နေပြီး တော်လှန်ရေး တပ်ဖွဲ့တွေကလည်း မြို့တွင်းအထိ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်၊သီတင်းကျွတ်ညကလည်း ဂန့်ဂေါမြို့ပေါ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ဂန့်ဂေါမြို့မ ရဲစခန်းဝင်းထဲကို ကျရောက်ပေါက်ကွဲမှုရှိခဲ့တယ်လို့ သိရပါတယ်။






