အပူမီးကြားက အာဂလူသားများ
လွှားအောင်(စစ်ကိုင်း)
(မျက်မှောက်ခေတ် ကဗျာခံစားခြင်း)
နေ၀င်စ ချိုးမရယ်ကူ
တောသူမလေး အဝေး။
ရေကိုသာ ရေကိုငတ်လို့
ကူရှာသလော ကူသလော
စာကိုသာ စာကိုငတ်လို့
ကူရှာသလော ကူသလော
နွားကျောင်းသားငယ်
ကျော့ကွင်းရယ်တည်
ဘယ်ဘယ်ကိုမိ ခြေကိုမိလို့
ဘယ်ဘယ်ကိုနှက် လည်ပင်းအထက်
ခေါင်းကိုနှက်လို့
ဘယ်ဘယ်ကိုခွဲ ရင်ကိုခွဲလို့
ရှားမီးခဲတွင် ရဲရဲငယ်ကင်
အကျွန် မမြင်ဝံ့ပါပြီကလား
ရွေချိုးဖိုရယ်လေ မယ့်လင်သား။
ချိုးကူသံကြားရတော့ အထက်ပါ ကဗျာလေး ရင်ထဲရောက်လာသည်။ ထိုမှတဆင့် ကူမြည်နေသော အသံများဆီသို့ အတွေးလွင့်ပါးသွားမိသည်။
ထိုနေ့က စစ်ကောင်စီတပ်များ ရွာထဲသို့ လက်နက် ကြီးနှင့်ပစ်ကာ ၀င်လာခဲ့သည် သတင်းကြိုရနှင့်သည်မို့ ရွာသူရွာသားများ အထုပ်ပြင်ကာ ကိုယ်စီ ပုန်း ရှောင်ခဲ့ကြပြီးဖြစ်သည်။
သို့ပေမဲ့ တချို့တ၀က်မပြေးကြ။ ရွာထဲမှာကျန်နေတဲ့ အမျိုးသမီးတဦးနှင့် နွားတကောင် လက်နက်ကြီးထိပြီး အမျိုးသမီးဒဏ်ရာရကာ နွားကတော့ သေသွားသည်။
ထိုနေ့မနက်တွင် မပြေးဘဲ သူတို့အပိုင်းက ချောင်ကျတယ် မလာလောက်ပါဘူးလို့ လျှော့တွက်မိသော အမျိုးသားတစု အဖမ်းခံလိုက်ရသည်။ ကံဆိုးချင်တော့ အဖမ်းခံရစဉ်က အဖမ်းခံရသောအိမ်မှလက်လုပ်သေနတ်များ စစ်ကောင်စီတပ်သားများက သိမ်းမိခြင်းပင်။
အဖမ်းခံရသောအိမ်မှ အမျိုးသားသည် လက်သမားဆရာတယောက်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး စဖြစ်တော့ ရွာက Local PDF ကလေးတွေအတွက် လက်လုပ်သေနတ်များ ထုတ်လုပ်ပေးသူပင်ဖြစ်သည်။ ထိုသတင်းကို ဘယ်သူက လက်ထောက်ချထားသည်မသိ ရွာကိုစ၀င်ကတည်းက သူ့အိမ်နောက်နားက၀င်ပြီး သူ့ကိုအရင်ဖမ်းခြင်းပင်ဖြစ်သည်။
အမျိုးသားတစု စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ ရက်အတော်ကြာအောင် ပါသွားခဲ့သည်။ ဘာသတင်းမှလည်းမကြားရတော့။ လချီပြီး ကြာသွားခဲ့သည်။
လအနည်းငယ်အကြာ ရွာသားတချို့ ပြန်ရောက်လာသည်။ သူတို့ကို အလုပ်ခိုင်းဖို့ခေါ်သွားသည်တဲ့။ လက်သမားဆရာနှင့် သူ့ယောက်ဖကလွဲ ကျန်သူအားလုံးကို စစ်ကောင်စီတပ်ဖွဲ့က လွှတ်ပေးလိုက်သည်။ ကျန်တဲ့နှစ်ယောက် ဘာဖြစ်ကျန်ခဲ့သည် သူတို့လည်းမသိတော့။
သည်လိုနှင့် ရက်အနည်းငယ်အကြာ တခြားရွာထိပ်မှာ လူအရိုးစုနဲ့ အ၀တ်စားတချို့တွေ့ရသည်။ ရုပ်အလောင်းပင် မပီတော့။ ပုဆိုးလေးတထည်နှင့် အ၀တ်တထည်သာ အရိုးများနှင့်ကျန်သည်။
ရွာမှပျောက်သွားသော သူတို့နှစ်ယောက်ပင်ဖြစ်သည်။ တအိမ်တည်းမှ သမီးယောက်ဖနှစ်ယောက် တပြိုင်နက် အသတ်ခံလိုက်ရခြင်းပင်ဖြစ်သည်။ ကျန်ခဲ့သော မိသားစု ဘယ်ခံစားချက်နှင့် အသက်ရှင်ပါ့မည်လဲ။
ရွာ၏ပကဖ တာ၀န်ခံနှင့်သူ့သား လယ်တောကအပြန်မှာ အဖမ်းခံလိုက်ရသည်။ ဖမ်းခံရသည့်တောထဲမှာပင် သတ်ပစ်လိုက်ကြသည်။ ရက်အတော်ကြာမှ အရိုးသာကျန်တော့မှ မိသားစုက သိကြရသည်။ ထိုမိသားစုရဲ့ အမျိုးသမီးကရော ဘယ်ရင်နှင့် ထိုအခြေနေကို ရင်ဆိုင်ခဲ့ပါသနည်း။
တကူးကူးမည်နေသော ချိုးကူသံနှင့်အတူ ထိုမိသားစုများအား သတိရနေမိသည်။ တော်လှန်ရေးကာလ အမျိုးသမီးထုကြီးရဲ့ ခံနိုင်ရည်စွမ်းအားနှင့် စိတ်ဒဏ်ရာများကို တွေးနေမိသည်။ချိုးငှက်သည် ငြိမ်းရေး၏ သရုပ်ငှက်ဟု ပုံဖော်ခဲ့ကြပါသည်။ ချိုးကူသံမှာ လွမ်းစရာပင်။တောနေအမျိုးသမီးတို့ရော အသံထွက်ကာ လွမ်းခွင့်ရပါ့မည်လား။ ရှိနေသည့် အသက်လေးပင် နွားကျောင်းသား လေးခွနှင့်ပစ်သလို လာလို့ယူသွားနိုင်သည်။
ဘယ်ဘယ်ကိုခွဲ ရင်ကိုခွဲလို့
ရှားမီးခဲတွင် ရဲရဲငယ်ကင်
အကျွန် မမြင်ဝံ့ပါပြီကလား
ရွေချိုးဖိုရယ်လေ မယ့်လင်သား။
အရိုးစုတခုသာ နောက်ဆုံးလက်ခံလိုက်ရသော ကျေးတောနေ အမျိုးသမီးများသို့ အလေးပြုလိုက်ရပါသည်။
#လွှားအောင်(စစ်ကိုင်း)