Home > Uncategorized > ကိုယ့်အိမ်၊ကိုယ့်တဲကိုဖျက်ပြီး ထင်းမလုပ်နဲ့

ကိုယ့်အိမ်၊ကိုယ့်တဲကိုဖျက်ပြီး ထင်းမလုပ်နဲ့

ကိုယ့်အိမ်၊ကိုယ့်တဲကိုဖျက်ပြီး ထင်းမလုပ်နဲ့

မောင်ချမ်းမြ
(မျက်မှောက်ခေတ် သဘာဝလူမှုဝန်းကျင်ဆောင်းပါး)

လူတစ်ယောက်ဟာ ထင်းသုံးစရာမရှိ လို့ဆိုပြီး ကိုယ့်အိမ်ကိုယ့်တဲကို တတိတိဖျက်ပြီး ထင်းလုပ်နေရင် ဘယ်လိုနေမလဲ။ အကာတွေကလွယ်တော့ အကာတွေကို အရင်သုံး၊ နောက်အမိုး၊ နောက်ကြမ်းခင်း။ ဒီလိုသာသုံးနေရင် ကျွန်တော်တို့ နေအိမ်တွေပျက်စီးပြီး နေစရာမရှိဖြစ်ပေလိမ့်မည်။

စစ်ကောင်စီက ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတော့ ပြည်သူတွေတော တောင်ထဲရောက်နေကြရသည်။ တောရိပ်ကိုခိုကြရသည်။ တောကစမ်းချောင်းရေကိုသောက်ကြရသည်။ တောမှာပေါက်သည့် မှို၊မျှစ်ကအစ စားစရာတွေရှာစားကြရသည်။ ဒီလိုရှာဖွေစားသောက်ရာမှာ ကျွန်တော်တို့အတွက် အားထားရသည်မှာ သီးစားပင်ကြီးစားတွေဖြစ်သည်။ သီးစားပင်အကြီးစားဆိုသည်မှာ သရက်၊ မန်ကျည်း၊ ဆီးဖြူ၊ ဖန်းခါး စသည့်အပင်မျိုးကို ဆိုလိုပါသည်။

လက်ရှိအချိန်သည် ဆီးဖြူ၊ဖန်းခါးသီးတွေ ကြီးသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် တောတောင်ထဲတွင် ပေါက်ရောက်နေသော ဆီးဖြူပင်က ဆီးဖြူသီးကို သွားကောက်ကြသည်။ သွားကောက်ကြသည့်ထဲတွင် ကိုယ်တိုင်စားဖို့ကောက်သူရော၊ ရောင်းချဖို့ ဝမ်းရေးအတွက် ကောက်သူရောပါသည်။

“ဆီးဖြူသီးကောက်တာကို ချွေမကောက်ဘူး။ ကိုင်းတွေကိုချိုင်ပြီးမှ ကောက်သွားတော့ လာမယ့်နှစ်ဘယ်သီးတော့မှာလဲ” လို့ မကွေးတိုင်းထဲရှိ စစ်ရှောင်စခန်းတစ်ခုက အမျိုးသမီးတစ်ဦးက ရက်ပိုင်းအတွင်းအဖြစ်အပျက်ကိုပြောပြသည်။ ဤကဲ့သို့ ကိုင်းကိုချိုင်ပြီး ဆီးဖြူသီးတွေကောက်ကာ အနီးအနားရှိ ရွာကို သွားရောင်းကြသည်။

ဝမ်းရေးအတွက် ဆီးဖြူသီးကောက်ရသူမှသာ အကိုင်းတွေကိုချိုင်ကောက်ပြီး တစ်နပ်စားကြံသည်မဟုတ်။ ကိုယ်တိုင်စားဖို့ကောက်သူတချို့လည်း တနပ်စားကြံကြသည်ကိုတွေ့ရသည်။

“ဆီးဖြူသီးကြီးတွေက အကြီးကြီးတွေ။ ငါ့မှာတော့ ဝါးလုံးနဲ့ချွေပြီး လိုသလောက်ကောက်တာ။ နောက်သွားကြည့်တော့ ကိုင်းတွေကို အကုန်ချိုင်ကောက်သွားပြီးပြီ” ဟု မကွေးတိုင်း၊ ကျေးရွာတရွာက တောင်သူလုပ်ကိုင်သူ ဦးလေးကြီးတစ်ယောက်က ပြောပါသည်။

ကျွန်တော်တို့နှောင်းလူတွေသည် Forest Trees ဆိုသည့် စားလို့ရသည့် အပင်ကြီးတွေကို စိုက်ပျိုးခြင်းမရှိကြသည့်အပြင် ရှေးလူတွေစိုက်ခဲ့သော၊ သဘာဝပေါက်သော အပင်တွေကိုသာ အဆင်သင့်စားသုံးနေကြသည်မှာ ကြာပါပြီ။

ခုတော့စားရုံတင်မက အလွယ်နီးလမ်းလိုက်မှုကြောင့် ပုံမှန်စားသောက်ဖို့ပင် မလွယ်ကူတော့။ ကိုယ့်အိမ်၊ကိုယ့်တဲကို ဖျက်ပြီး ထင်းအဖြစ်သုံးနေသည်နဲ့ တူနေပါသည်။

အခြားကိစ္စများနည်းတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည်လည်း အရေးကြီးပါသည်။ သဘာဝပတ်ဝန်းကျင်အပေါ် ကျနော်တို့ အားလုံးမှီတည်နေရပါသည်။

သက်ဆိုင်ရာ ဒေသမှာ တာဝန်ရှိသူတွေက ဒီလိုကိစ္စရပ်မျိုးတွေကို ပညာပေးတာကအစ ၊ အရေးယူမှုအဆုံးပြုလုပ်ပြီး သီးစားပင်ကြီးတွေကို ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

#မောင်ချမ်းမြ

error: Content is protected !!