Home > Uncategorized > မျော်လင့်ချက် ရောင်နီ

မျော်လင့်ချက် ရောင်နီ

မျော်လင့်ချက် ရောင်နီ

ဝေလင်းလက်
(ကဗျာခံစားမှု ဆောင်းပါး)

နောက်တစ်လွှားသို့
ဝင်သွားလေပြီ ၊ နေနီနီအား
ဇော်ဂျီမျှော်တ၊ ဝမ်းနည်းရလည်း
အလှသစ်ဖန်၊ မနက်ဖြန်ဝယ်
ရောင်လျှံရွှေခဲ၊ နီလာပွဲနဲ့
သူပဲပေါ်လာဦးမည်တကား။

အထက်ပါကဗျာသည် ဆရာဇော်ဂျီ၏ “မျော်လင့်ချက်” ဆိုသော ကဗျာဖြစ်ပါသည်။ သဘာဝနိယာမအရ နေဝင်ချိန်ညပြီးလျှင်၊ အရုဏ်ဦးရောင်နီဆိုတာ ရောက်လာရမည်ဖြစ်သည်။

သို့သော် ညကိုတော့ဖြတ်သန်းရပေလိမ့်မည်။ လက်ရှိအချိန် ကျွန်တော်တို့သည် ညကိုဖြတ်သန်းနေရသည်နဲ့တူနေသည်။

ကျွန်တော်တို့သည် စစ်ဘေး၊ သဘာဝဘေး တွေကို ဖြတ်သန်းနေရသည်။ အိပ်မက်ဆိုးများနဲ့ ညပေါင်းများစွာကို ဖြတ်သန်းနေရသည်။ အိပ်မက်ဆိုးမက်သည့်ည၊ ညတာရှည်တတ်သလို ကျွန်နော်တို့ဒုက္ခခံစားမှုကာလသည်လည်း တာရှည်နေပါသည်။ အိပ်မက်ဆိုးဆိုသည်က တစ်ယောက်ထဲမက်သည်။ ခုက ကျွန်တော်တို့မှာ တစ်ယောက်ထဲမဟုတ်။

ဤမှာမြေပြင်
မြစိမ်းဆင်လျက်
ကောင်းမိုးဝယ်၊ နီလာခြယ်နှင့်
အိုဘယ်လူသား၊ နှစ်ရောင်ကြားဝယ်
ခန့်ညားပေစွ၊ ခန့်ပေစွ။

ဤကဗျာသည် လူသား၏အလှကို ဖွဲ့ဆိုသော ဆရာဇော်ဂျီ၏ “မြက်ရိတ်သမား” ဆိုသည့် ကဗျာဖြစ်သည်။ ကျွန်တော်တို့လူသားတွေ လူစိတ်ရှိလို့ လှပသည်ဟု ရိုးရိုးဆိုချင်သည်။

လူသားချင်းစာနာမှု ပျက်လျှင် လူသားအလှပျက်မည်။ ကျွန်တော်တို့ လူသားအလှကို တတ်နိုင်သလောက်ထိန်းသိမ်းရမည်သာ။ လူသားအလှကို ထိန်းသိမ်းရင်း အောင်ပွဲဆီကို တရွေ့ရွေ့သွားရမည်သာ။ ရောင်နီလာချိန်သည် မဝေးတော့။

ဆောင်းရာသီကိုရောက်တော့မည်။ မြူနှင်းတွေဝေတော့မည်။ ထို့အတူ တော်လှန်ရေးတိုက်ပွဲသံတွေလည်း ပြင်းထန်လာပေလိမ့်မည်။

လင်းခါနီးအမှောင်သည် ပို၍မှောင်တတ်သည်ဟုဆိုသည်။ သတိမီးကို ထွန်းထားဖို့လိုသည်။ ဥာဏ်မျက်စိနဲ့ ကြည့်တတ်ဖို့အရေးကြီးသည်။

ကဗျာဆရာကြီးအောင်ချိမ့်ကတော့ အရုဏ်နီဟာ အမှောင်ကို ဘယ်တုန်းကမှ နောက်ဆုတ်မပေးခဲ့ဟုဆိုသည်။ မှန်သည်။ အမှန်တရားသည် အမှားကို ဘယ်တုန်းကမှ နောက်ဆုတ်မပေးခဲ့ကြောင်း သမိုင်းသက်သေများစွာရှိပါသည်။

#ဝေလင်းလက်

error: Content is protected !!