နိုင်ငံသားဖြစ်နေတာကိုက အပြစ်လိုဖြစ်လာတယ်
လွှားအောင်(စစ်ကိုင်း)
(မျက်မှောက်ခေတ် အတွေးအမြင်)
ဘာပြောပြော ယုံရသော ကာလများကိုကျွန်တော်တို့ ဖြတ်သန်းကြရတော့မယ်။
ဘာလုပ်လုပ် အပြစ်ရှိသော ကာလကိုကျွန်တော်တို့ဖြတ်သန်းကြရတော့မယ်။
ဘာတွေးတွေး တွေးလို့မရနိုင်သော အမှောင်ကာလများကို ပါးစပ်ပိတ်ကာ ဖြတ်သန်းကြရတော့မယ်။
ထိုခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းနေကြရပါတယ်။ ကိုယ့်အိမ်ကိုယ့်အိပ်ရာမှာ အိပ်တာတောင် စိတ်ဖြောင့်ဖြောင့် မအိပ်ရဲတဲ့ခေတ်ကို ရောက်လာပါတယ်။
လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက ပေါ်တာဆွဲပြီး ရှေ့တန်းပို့တယ်။ ရှင်းရှင်းပြောရရင် အသေခံခိုင်းတာပါပဲ။ နိုင်ငံသားဖြစ်နေတာကိုက အပြစ်လိုဖြစ်လာပါတယ်။ သည်နိုင်ငံနဲ့ ဝေးရာသွားမယ်ဆိုတော့လည်း ပြည်ပထွက် အလုပ်လုပ်ခွင့်ကို အသက်အကန့်သတ်နဲ့ ပိတ်ချထားပြီး လူ့အခွင့်ရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေပါတော့တယ်။
၅/ဆိုတာနဲ့ ဘာမှလုပ်မထားလည်း အပြစ်သားလိုဆက်ဆံလာကြတယ်။ ဧည့်စာရင်းမပေးတာတို့စစ်တပ်ဂိတ်တွေမှာ မေးခွန်းပေါင်းများစွာ အမေးခံရတာတို့ ကြုံလာကြရတယ်။
ခရီးသွားရင် ၅/ဆို အုပ်ကြီးထောက်ခံစာ ရဲစခန်းထောက်ခံစာ အစုံတောင်းလာတော့တယ်။ ဘာလုပ်လုပ် အပြစ်ဖြစ်နေသော ကာလများ။
ပန်းပန်ရင်တာင် ထောင်ချနေသောကလ။ နှင်းဆီပန်းပန်ခြင်းက သူတို့ကိုတော်လှန်ပုန်ကန်တာပဲတဲ့။ ဆရာမောင်ဒေးဘာသာပြန်သော စာတပုဒ်ကိုသွားပြီး အမှတ်ရမိတယ်။ တော်လှန်ပုန်ကန်သူလို့ ရဲက အမည်တပ်ထားတဲ့သူဟာ လသားအရွယ်ကလေးလေးပဲ ရှိသေးသတဲ့လေ။ ဖြစ်ရကြုံရ သည်ကာလကြီးထဲမှာပေါ့။
ရန်ကုန်မှာ အိမ်ငှားနေမယ်ဆို ၅/ဆိုတာနဲ့ ဧည့်စာရင်းတိုင်ဖို့ခက်ပါတယ်။ အိမ်ရှင်တွေကအစ အိမ်မငှားချင်တာမျိုး ပေါ်တင်ပြောလာပါတယ်။
၅/ဖြစ်ရုံနဲ့ ခင်ဗျားဟာ တော်လှန်ပုန်ကန်သူပဲ၊ အပြစ်ရှိသူပဲ။ စိတ်တွေဘ၀တွေကို ချိုးနှိမ်ပစ်လိုက်ကြတာ။ ၁၁/ဆို ခရီးသွားဖို့မလွယ်တော့။ကားဂိတ်တွေကအစ မတင်တော့တာတွေ ကြားလာရတယ်။ ရခိုင်မှာ သူတို့စစ်ရှုံးနေတာကိုး။ ရှုံးမဲ မဲနေပြီပေါ့။
ကိုယ့်မြေကိုယ့်ရေမှာနေရင်း တခြားကမ္ဘာသို့ ရောက်သွားတဲ့ခံစားချက်မျိုး။ အရင်က တိုင်းရင်းသားတွေ ခံစားရသလို အညာက ၅/တွေ ခံစားလာကြရတယ်။ သို့ပေမယ့် အညာသားတွေ သည်တပွဲမှာတော့ နောက်မကျခဲ့ကြပါဘူး။
စစ်ကောင်စီက စာအုပ်တိုက်နှစ်ခုကို ပိတ်သိမ်းလိုက်တယ်။လွင်ဦးစာပေနဲ့ တိုးမြစ်စာပေတိုက်တို့ဖြစ်ပါတယ်။ နိုင်ငံရေးစာအုပ်တွေ ထုတ်ဝေလို့တဲ့။ လူထူနိုင်ငံရေးအသိပညာတိုးပွားလာရင် သူတို့သည်ထက်ပုန်ကန်မှာ ကြောက်နေတာမျိုးထင်ပါရဲ့။
ယောနယ်က ရဲဘော်ကလေးတွေ တောထဲမှာစာကြည့်တိုက်လုပ်ဖို့ စာအုပ်တွေ အကူညီတောင်းလို့ တခါပို့ပေးဖူးပါတယ်။ နိုင်ငံရေးစာအုပ်တွေပါလို့ ကားဂိတ်က မသယ်ရဲဘူးတဲ့။ ကားဂိတ်မှာ သောင်တင်နေခဲ့တယ်။
လူထုအသိပညာနုံနဲနေသရွေ့ စစ်အာဏာရှင်စနစ်ဟာ အမြစ်တွယ်နေမှာ ကျိန်းသေသလောက်ပါ။ပညာအသိနည်းတော့ ပျူစောထီးဆိုတဲ့ တပ်ထောက်ခံလူတွေ ပေါ်လာတယ်။ စစ်တပ်က သူတို့အစားသေခိုင်းတာကို အဟုတ်ထင်ပြီး ဓားပြတိုက် သောင်းကျန်းလာကြတယ်။ ပြည်သူအချင်းချင်းတိုက်ပေးတဲ့ စစ်ကောင်စီရဲ့ဉာဉ်တွေပေါ့။
သူတို့ပြောတာယုံ။ သူတို့ခိုင်းသလိုလုပ်။ ဘာပြောပြောပြန်မပြောနဲ့ဆိုတဲ့ စိတ်အခံရှိသူတွေက တပ်ထောက်ခံအားပေးသူတွေ ဖြစ်လာကြပါတယ်။
အကယ်၍များ မြန်မာပြည်အုပ်ချုပ်သူလူတန်းစားဟာ စစ်တပ်ကပဲ ဖြစ်နေသရွေ့တော့ ပြောတာယုံ၊ ပေးတာယူ၊ ခိုင်းသလိုလုပ်ကာ အမှောင်ကာလမှာ ပါးစပ်ပိတ်ကာ ဖြတ်သန်းကြရတော့မှာပါ။ အဲ့သည်လိုမဖြစ်ဖို့တာတော့ တရားတဲ့ဘက်မှာ လူထုဟာ ညီညွတ်နေဖို့လိုပါတယ်။
#လွှားအောင်(စစ်ကိုင်း)