လက်နက်ကိုင် တော်လှန်ရေးမှ လူမှုတော်လှန်ရေး ဆီသို့
တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်ဆောင်းပါး)
လက်ရှိအချိန်မှာ ကျနော်တို့ပြည်သူတွေ၊တော်လှန် ရေးတပ်ဖွဲ့တွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ ပြတ်ပြတ်သားသားတော်လှန်နေကြတာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးက ရှေ့ကသွားရင် ကျနော်တို့ရဲ့ လူမှုတော်လှန်ရေးကလည်း နောက်ကလိုက်ရမှာဖြစ်ပါတယ်။
လူမှုတော်လှန်ရေးဆိုတာ
စစ်အာဏာသိမ်းပြီးခါစက Non – CDM ဝန်ထမ်းတွေ၊ စစ်အာဏာရှင်နဲ့ ပူးပေါင်းသူတွေကို လူမှုဆက်ဆံရေး ဖြတ်တောက်ပြီး လူမှုပြစ်ဒဏ်ခတ်ခဲ့ကြပါတယ်။ ခုကျနော်တော်ပြောတဲ့ လူမှုတော်လှန်ရေးက ဒီအဓိပ္ပါယ်သဘော မဟုတ်ပါဘူး။
ကျနော်တို့ ပြည်သူတွေကို ကိုယ့်ကိုယ်ကိုရော၊စိတ်ရော ပိုမိုကြံ့ခိုင် ကောင်းမွန်အောင် မလိုလားအပ်တဲ့ အကျင့်တွေကို ပယ်ဖျောက်ပြီး ကောင်းတဲ့ အကျင့်တွေကို မွေးမြူတဲ့ လူမှု တော်လှန်ရေးဖြစ်ပါတယ်။
ဗလငါးတန်ပြည့်စုံဖို့
လူဆိုတာ ဗလငါးတန်နဲ့ ထိုက်သင့်သလောက်ပြည့်စုံကြရပါတယ်။ ကာယ ဗလ ဆိုတဲ့ကျန်းမာရေးကောင်းရမှာ ဖြစ်သလို ဉာဏဗလဆိုတဲ့ အသိ၊အတတ်ပညာတွေလည်း တတ်မြောက်ရမှာဖြစ်ပါတယ်။ စာရိတ္တဗလ ဆိုတဲ့ ကိုယ်ကျင့်တရားလည်း ကောင်းရမှာဖြစ်ပါတယ်။ အထက်က ဗလသုံးတန်ရှိမှလည်း ဘောဂဗလ ဆိုတဲ့ ပစ္စည်းဥစ္စာ၊ မိတ္တဗလဆိုတဲ့ မိတ်ဆွေကောင်းတွေ ရှိလာမှာပါ။
ကျနော်တို့ မြန်မာတွေဟာ ကျမ်းမာရေးနဲ့ညီညွတ်အောင် စားသောက်တဲ့နေရာမှာ တော်တော်အားနည်းတဲ့ လူမျိုးလို့ ဆိုရမှာပါ။ သမျှတအောင်စားတာထက် ကိုယ်ကြိုက်တဲ့ဟာကို အဟာရဖြစ်ဖြစ်မဖြစ်ဖြစ် တဝတပြဲစားလေ့ရှိကြပါတယ်။ ကျနော်တို့ဟာ ကိုယ့်ရေကိုယ့်မြေကထွက်တဲ့ သဘာဝအစားအစာတွေကို မျှတအောင်စားပြီး ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကျန်းမာရေးကို ဂရုစိုက်ကြစေချင်ပါတယ်။ ကျန်းမာရေးဆိုတာ ဖျားနာတဲ့အခါမှသာ ဂရုစိုက်ရတာမျိုး မဟုတ်ပါဘူး။
ဉာဏဗလ ဖွံ့ဖြိုးဖို့ အလွယ်ဆုံးနည်းကတော့ စာဖတ်တာဖြစ်ပါတယ်။ နောက်ဆုံး ဖတ်စရာစာအုပ်မရှိရင် တစ်ခုခုကို အာရုံစိုက်လုပ်ဆောင်ခြင်းကနေ ဉာဏဗလ ဖွံ့ဖြိုးနိုင်ပါတယ်။
အရေးကြီးဆုံးအချက်ကတော့ အားရင် အားသလို အကျိုးမရှိ အချိန်ဖြုန်းတတ်တဲ့အကျင့်ကို ပယ်ဖျောက်တတ်ဖို့ပါ။ ပေါ့တိပေါ့ပျက်၊ အီးပေါလော နေထိုင်အချိန်ဖြုန်းလေ့ရှိသူတွေဟာ ဘယ်တော့မှ ဉာဏဗလမဖွံ့ဖြိုးနိုင်ပါဘူး။
စာရိတ္တဗလ ဆိုတာ ဘယ်လောက်အရေးကြီးကြောင်း ပြောစရာမလိုပါဘူး။ ကိုယ်ကျင့်တရားပျက်ရင် လူဟာ သူကိုယ်တိုင်ရော၊ သူ့ပတ်ဝန်းကျင်ရော အကုန်ပျက်တတ်ပါတယ်။ စာရိတ္တဗလ ဖွံ့ဖြိုးဖို့အတွက် လူတိုင်းဟာ သူကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားတွေရဲ့ သင်ကြားမှုကို ခံခဲ့ကြရပြီးသားပါ။ ဗုဒ္ဓဘာသာဝင်တွေအဖို့ ငါးပါးသီလဟာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
အထက်ပါ ဗလသုံးတန်ပြည့်စုံရင် ဘောဂဗလနဲ့ မိတ္တဗလဟာ အလိုလိုပြည့်စုံလာမှာပါ။ တစ်ချက်ပြေစရာရှိတာက အကျင့်ပျက်တဲ့သူတွေတချို့ ချမ်းသာနေကြပါတယ်။
ဒီချမ်းသာမျိုးဟာ ဂုဏ်သိက္ခာရှိတဲ့ ချမ်းသာနည်းမျိုးမဟုတ်သလို ရေရှည်လည်း မတည်တံ့ပါ။ ကျနော်တို့ပြည်သူတွေထဲမှာ ဗလငါးတန်နဲ့ ပြည့်စုံသူတွေ များလာတာနဲ့အမျှ အကျင့်ပျက်တဲ့သူတွေ နေရာမရှိဖြစ်လာမှာပါ။
ကိုယ့်မှာဘယ်လိုအခက်အခဲတွေပဲ ရင်ဆိုင်နေရသည်ဖြစ်စေ တတ်နိုင်သမျှ ဗလငါးတန်ဖွံ့ဖြိုးအောင် ကြိုးစားကြစေချင်ပါတယ်။ လွတ်မြောက်နယ်မှာနေထိုင်ပြီး အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ခွင့်ရတဲ့ လူတွေအနေနဲ့ ပိုကြိုးစားသင့်ကြပါတယ်။ ဒါမှကျနော်တို့ ဒုက္ခတွေ့နေတဲ့သူတွေကို မျှဝေနိုင်မှာပါ။
လက်နက်ကိုင်တော်လှန်ရေးနောက်က လူမှု တော်လှန်ရေးဟာ အားကောင်းကောင်းနဲ့ လိုက်ပါဖို့ သိပ်အရေးကြီးပါတယ်။
လုံလောက်တဲ့ ဗလငါးတန်ပြည့်စုံအောင် မတည် ဆောက်နိုင်တဲ့ လူ့အဖွဲ့အစည်းဟာ ရေရှည်မကောင်းစားနိုင်ဘဲ အချိန်မရွေး ပျက်သွားနိုင်တယ်ဆိုတာကို လေးလေးနက်နက် သတိထားကြဖို့ တိုက်တွန်းပါရစေ..။
#တက်နေထွန်း
Credit photo.