Home > Uncategorized > ကြေကွဲမိုးစက်များ

ကြေကွဲမိုးစက်များ

ကြေကွဲမိုးစက်များ

ဝေလင်းလက်
(မျက်မှောက်ခေတ် ရသစာတမ်း)

မိုးရာသီ
အုံပြပြ
စေးပြစ်ပြစ်
ခေတ်ရဲ့မျက်နှာစာ
ဒဏ်ရာတွေနဲ့ တဖွဲဖွဲရွာ။

လက်ရှိရက်ပိုင်းအတွင်း ကျွန်တော်တို့ နိုင်ငံမှာ မိုးကြီးရေလျှံနေသည့် သတင်းတွေကိုဖတ်ရတော့ ကဗျာဆရာမောင်စိမ်းနီး၏ မိုးရာသီကဗျာတစ်ပုဒ်ကို စိတ်ထဲတွင်ပေါ်လာပါသည်။

ယခုစက်တင်ဘာလအတွင်း ကျွန်တော်တို့နိုင်ငံနေရာအနှံအပြားမှာ မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့သည်။ တမိုးတွင်းလုံး ကောင်းကောင်းမရွာခဲ့သောမိုးသည် အငြိုးကြီးစွာရွာခဲ့သည်။ ရေငတ်နေတဲ့ လယ်ကွင်းတွေဆီကို၊ အစားအစာနှင့်ငြိမ်းချမ်းရေးငတ်နေတဲ့ ပြည်သူတွေဆီကို မိုးသည် ရွာခဲ့ပြီ။ သစ်ပင်မရှိတဲ့ တောင်ကုန်းတွေပေါ် မိုးသည် သည်းသည်းမဲမဲ ရွာခဲ့ပြီ။

“ရေကြီးရေလျှံတဲ့သတင်းတွေကြီး မြင်တွေ့နေရတော့ စိတ်ထဲမှာ လုံးဝနေလို့မကောင်းဘူး” လို့ ပြည်ပရောက်နေသည့် ကျွန်တော့်သူငယ်ချင်း အယ်ဒီတာတစ်ဦးက လှမ်းပြောပါသည်။

သူပြောလိုက်မှာ ကျွန်တော်သည်လည်း ကိုယ့်စိတ်ထဲမှာ တအုံနွေးနွေးဖြစ်နေသည်ကို သတိထားမိတော့သည်။ မိုးသည် ကြေကွဲနေသူတွေကို ပိုဆွေးစေတတ်သော သဘောရှိပါသည်။

ကရင်နီပြည်နယ်က လူ့အသက်တွေကို ကယ်ဖို့ ဆေးသင်တန်းတက်နေသော ဆေးတပ်သား ဆယ့်ရှစ်ဦး ရေထဲမျောပါ သေဆုံးခဲ့ရသည့်သတင်း၊ မန္တလေးတိုင်း၊ ရမည်းသင်း ၊သပြေပင်ရွာက ပြည်သူသုံးဆယ် သေဆုံးခဲ့ရသည့် သတင်းတွေက ရင်ကိုထိခိုက်စေခဲ့သည်။

ခုရေကြီးမှုမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်းခြောက်ဆယ်ဝန်းကျင်သေဆုံးပြီး သိန်းနဲ့ချီဒုက္ခ ရောက်ကြပါသည်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားသည့်နယ်မြေက သေဆုံးဒုက္ခရောက်သူတွေအတွက်ဖြစ်စေ၊ စစ်ကောင်စီလက်အောက်မှာနေရသည့် ပြည်သူတွေ ဒုက္ခရောက်သည်ဖြစ်စေ ကြေကွဲစိတ်မကောင်းဖြစ်ရပါသည်။

ကျွန်တော်တို့နိုင်ငံသည် ငြိမ်းချမ်းရေးကောင်းကင်ကိုမရခဲ့သည်မှာ ရာစုနှစ်တစ်ခုပင်ရှိတော့မည်။ မငြိမ်းချမ်းတဲ့ ကောင်းကင်အောက်မှာ သစ္စာတရား၊ မေတ္တာတရားတို့ မထွန်းကားနိုင်။ စိမ်းလန်းသော သစ်တောတို့ မတည်မြဲနိုင်။ မြစ်တို့ ဖြောင့်ဖြောင့်မစီးနိုင်ဖြစ်ခဲ့ရသည်။

ဒုက္ခအပူလှိုင်းတွေတစ်လှိုင်းပြီးတစ်လှိုင်း။မြေယာတွေကွဲအက် ခြောက်သွေ့။ခုတော့ မိုးဟာရွာခဲ့ပြီ။ ပူပင်သောကမီးကို ဒုက္ခမိုးစက်တွေနဲ့ ငြိမ်းသတ်လို့မရ။ ကျွန်တော်တို့ သစ္စာ၊ မေတ္တာ ကို ရင်ထဲမှာ ရှင်သန်အောင် ကြိုးစားစိုက်ပျိုးထားကြဖို့ လိုလေပြီ။

#ဝေလင်းလက်

error: Content is protected !!