အညာဒေသရဲ့ အရပ်ဇာတ် (၁)
မောင်ဧက
(မျက်မှောက်ခေတ်)
“အရပ်ဇာတ်ဆိုတဲ့အတိုင်း ရွာခံတွေကိုယ်တိုင် ဖျော်ဖြေတဲ့ဇာတ်ပွဲဖြစ်လို့ ရပ်၊ရွာပြည်သူတွေရဲ့ကူညီထောက်ပံ့ပေးမှုအားကောင်းသလောက် အရပ်ဇာတ်အဖွဲ့သားတွေလည်း ကြိုးစားပြီးဖျော်ဖြေတင်ဆက်ပေးကြပါတယ်”
အခုလို နည်းပညာဖွံ့ဖြိုးတိုတက်မှုမရှိသေးတဲ့တချိန်တုန်းက အညာဒေသ ဘုရားပွဲ၊ကျောင်းပွဲတွေမှာ ရပ်၊ရွာထဲက အနုပညာဝါသနာပိုးပါကြတဲ့ လူကြီး၊လူငယ် စုပေါင်းပြီး အရပ်ဇာတ် ကပြ ဖျော်ဖြေကြလေ့ရှိပါတယ်။
စီးပွားရေးကြပ်တည်းလှတဲ့ အညာဒေသက ပြည်သူတွေဟာ တနှစ်တာကာလပတ်လုံး လယ်ထဲ၊ယာထဲမှာ ပင်ပန်း ခက်ခဲစွာနဲ့ အလုပ်လုပ်ရပေမယ့် တစ်နှစ်မှ တစ်ကြိမ်သာကြုံရတဲ့ ရွာဘုရားပွဲစည်ကားစေချင်တာရော၊ပျော်ရွှင်ချင်ကြတာရောကြောင့် ရွာသူ၊ရွာသားတွေစုပေါင်းပြီး အရပ်ဇာတ်ကို ထည့်သွင်းကျင်းကြတာပါ။
အရပ်ဇာတ်ဆိုတာကို နည်းပညာဖွံ့ဖြိုးတိုးတက်လာတဲ့ ဒီနေ့ခေတ်က လူငယ်တွေ တွေ့ဖူး၊ကြုံဖူး၊မြင်ဖူးကြမယ် မထင်ပါဘူး။ဒီနေ့ခေတ်လူငယ်တွေအပြင် မြို့ပြမှာနေကြတဲ့သက်ကြီးပိုင်းတချို့လည်း အရပ်ဇာတ်ဆိုတာကို ကြုံဖူးမယ် မထင်ပါဘူး။
အရပ်ဇာတ် ဆိုတာကို ဒီနေ့ခေတ်လူငယ်တွေနားလည်အောင်ပြောရရင် ရပ်ထဲ၊ရွာထဲက အနုပညာဝါသနာပိုးပါကြသူတွေက ကိုယ့်ရပ်ရွာထဲက လူတွေ စိတ်ပျော်ရွှင်ကြည်နူးစေဖို့အတွက် ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင် ကပြဖျော်ဖြေတာဖြစ်ပါတယ်။
အရပ်ဇာတ်ကဖို့လိုအပ်တဲ့ ဇာတ်စင်၊တီးဝိုင်း၊မီးစက် စတဲ့ ကုန်ကျစရိတ်အတွက် ရပ်၊ရွာထဲလှည့်လည်အလှူခံသလို အရပ်ဇာတ်မှာ ပါ၀င်ကြသူတိုင်းကလည်း အချိုးကျ ထည့်ကြရပါတယ်။
ရပ်ရွာပြည်သူတွေက အရပ်ဇာတ်အတွက် အလှူခံထည့်ငွေ များလေလေ ကပြဖျော်ဖြေကြမယ့်အရပ်ဇာတ်အဖွဲ့တွေကလည်း အစွမ်းကုန်ကြိုးစားပြီး ဖျော်ဖြေတင်ဆက်လေလေဖြစ်ပါတယ်။
အကောင်းစား စလိုက်မီးတွေနဲ့ အကောင်းဆုံးစတိတ်ရှိုးတီးဝိုင်းတွေ၊ကောင်းပေ့ဆိုတဲ့ လိုက်ကာတွေနဲ့ မြို့ပေါ် ဇာတ်အဖွဲ့ကဇာတ်လမ်းရေးတဲ့ဆရာတွေငှားပြီး အမိုက်စားဇာတ်လမ်း၊ဇာတ်ကွက်တွေနဲ့ရပ်ရွာပြည်သူတွေက ကပြဖျော်ဖြေကြတာပါ။
အညာကျေးလက်က အရပ်သားပြည်သူတွေကိုယ် တိုင် ပါ၀င်ကပြ ဖျော်ဖြေကြတာမို့ အရပ်ဇာတ်မှာ လိုအပ်ချက်တွေလည်း ရှိပါတယ်။
ဒါပေမယ့် အရပ်ဇာတ်ဆိုတဲ့အတိုင်း ရွာခံတွေကိုယ် တိုင် ဖျော်ဖြေတဲ့ဇာတ်ပွဲဖြစ်လို့ ရပ်၊ရွာပြည်သူတွေရဲ့ကူညီထောက်ပံ့ပေးမှုအားကောင်းသ လောက် အရပ်ဇာတ်အဖွဲ့သားတွေလည်း ကြိုးစားပြီးဖျော်ဖြေတင်ဆက်ပေးကြပါတယ်။
#မောင်ဧက