အညာဒေသရဲ့ အရပ်ဇာတ် (၂)
မောင်ဧက
(မျက်မှောက်ခေတ်)
“အရပ်ဇာတ်မှာ အမှားတွေ၊ ဒုက္ခအခက်အခဲတွေ၊အငြင်းပွားဖွယ်ရာတွေရှိနေပေမယ့် အညာဒေသရဲ့ အရပ်ဇာတ်ကပွဲ ကိုတော့ ဇာတ်အဖွဲ့၀င်တွေရော၊ရွာခံပြည်သူတွေကပါ အပျက်စီးမခံဘဲ ပွဲပြီးတဲ့အထိ ကပြဖျော်ဖြေကြပါတယ်”
အညာကျေးလက်ဘုရားပွဲမှာ အရပ်ဇာတ်ကဖို့အတွက် ဘုရားပွဲမတိုင်ခင် တစ်လ လောက် အလိုမှာကတည်းက အရပ်ဇာတ်ကမယ့်အဖွဲ့တွေနဲ့ ရွာသူ၊ရွာသားတွေက ကြိုတင် ပြင်ဆင်နေကြလေ့ ရှိပါတယ်။
ရွာသူကြီးကအစ ၊အရပ်ဇာတ်အဖွဲ့မှာ ပါမယ့်သူတွေအလယ်၊ပွဲခင်းထဲဈေးရောင်းမယ့်သူအဆုံးအားလုံးက အရပ်ဇာတ်ပွဲအတွက် ကြိုတင်ပြင်ဆင်၊စဉ်းစားနေတတ်ကြတာပါ။
စပါးရိတ်ရင်းဖြစ်ဖြစ်၊မြေပဲနုတ်ရင်းဖြစ်ဖြစ် လာမယ့်ဘုရားပွဲမှာ ဘယ်လိုပုံစံနဲ့ ပွဲကမယ့်အကြောင်း၊ဘယ်သူတွေ ပါကြလိမ့်မယ်ဆိုတာအပြင် ဘယ်တီးဝိုင်းနဲ့ဖျော်ဖြေမယ်ဆိုတာတွေကို ရပ်သူ၊ရွာသားအချင်း ချင်းပြောတတ်ကြပါတယ်။
အရပ်ဇာတ်ပွဲအတွက်ရပ်ရွာထဲကိုအလှူခံလှည့်ကြပြီး ရလာတဲ့ငွေနဲ့ တီးဝိုင်းငှားဖို့၊ဇာတ်စင်ဆောက်ဖို့ စတဲ့ကုန်ကျမယ့် အသုံးစရိတ်ကိုတွက်ချက်ကာ အရပ်ဇာတ်မှာ ပါ၀င်ကပြကြမယ့်သူတွေကလည်း သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ထည့်၀င်ကြပါတယ်။
ပြဇာတ်ရေးသူကလည်း ပွဲမတိုင်ခင်မှာ လူသိမခံဘဲ ကပြမယ့်ဇာတ်လမ်းကိုရေးနေသလို၊မင်း သားလုပ်မယ့်သူ၊သီချင်းဆိုမယ့်သူစသဖြင့် ပါ၀င်ဖျော်ဖြေကြမယ့်သူတွေကလည်း ပွဲမ၀င်ခင် အပြင်မှာ လေ့ကျင့်နေကြတာပါ။
အညာဒေသအရပ်ဇာတ်ဖြစ်လို့ ရွာသူ၊ ရွာသားတွေရဲ့အလှူငွေထည့်၀င်မှုကောင်းသလောက် အစွမ်းကုန် ကြိုးစား ဖျော်ဖြေတတ်ကြပေမယ့် ဇာတ်သဘင်လောက ကမဟုတ်တဲ့ အရပ်သားပြည်သူတွေဖြစ်တာမို့ လိုအပ်ချက်၊အမှားတွေနဲ့ရယ်စရာ၊ဒေါသဖြစ်စရာတွေကလည်း အမှန်တကယ် ရသမျိုးစုံ ပေးစွမ်းပါတယ်။
အရပ်ဇာတ်ပွဲမစခင် အချိန်ကနေ ပွဲကပြီးတဲ့အထိ အပြန်အလှန်ပြစ်တင်ဝေဖန်တာတွေ၊ ပွဲနဲ့ပတ်သက်ပြီး ကုန်ကျစရိတ် စာရင်း ရှင်းမပြနိုင်တာတွေ၊ပွဲကနေရင်း မှားသွားတဲ့ အမှားတွေ စတဲ့ အခြေအနေမျိုးစုံ ကိုလည်း အညာဒေသရဲ့အရပ်ဇာတ်ကပွဲတွေမှာ ကြုံတွေ့ရပါတယ်။
ပွဲကချိန်မှာလည်း အရပ်ဇာတ်အဖွဲ့၀င် တစ်ဦးက ကိုယ်ပါရမယ့်အခန်းမှာ အမူးလွန်ပြီး စင်ပေါ်မတက်နိုင်တာ၊မင်းသမီး လက်မကိုင်ရလို့ ဇာတ်စင်ပေါ်မှာတင် အချင်းချင်းရန်ထဖြစ်ကြတာ၊ ပိတ်ကားဆွဲတဲ့ကြိုးကို ခိုးခံလိုက်ရလို့ ပိတ်ကား မချနိုင်ဘဲဖြစ်နေတာစတဲ့ အလွဲပေါင်းစုံတွေဟာလည်း အရပ်ဇာတ်ပွဲရဲ့ မတူညီတဲ့ ခံစားမှု ရသ တွေဖြစ်ပါတယ်။
အရပ်ဇာတ်မှာ အမှားတွေ၊ ဒုက္ခအခက်အခဲတွေ၊အငြင်းပွားဖွယ်ရာတွေရှိနေပေမယ့် အညာဒေသရဲ့ အရပ်ဇာတ်ကပွဲ ကိုတော့ ဇာတ်အဖွဲ့၀င်တွေရော၊ရွာခံပြည်သူတွေကပါ အပျက်စီးမခံဘဲ ပွဲပြီးတဲ့အထိ ကပြဖျော်ဖြေကြပါတယ်။
#မောင်ဧက