Home > Uncategorized > အိမ်ပေါက်ဝက မျှော်နေသူတွေ

အိမ်ပေါက်ဝက မျှော်နေသူတွေ

အိမ်ပေါက်ဝက မျှော်နေသူတွေ

လွှားအောင်(စစ်ကိုင်း)

(မျက်မှောက်ခေတ် ဆောင်းပါး)

အိမ်အပြန်

အိမ်ရှေ့ရောက်တော့
တံခါးက ဖွင့်မရ။

အမေလို့ အော်ခေါ်တော့
တုံ့ပြန်ထူးသံ မကြားရ။

မထူးဘူးဆိုပြီး
ခဲနဲ့ အိမ်ခေါင်မိုးကို ပေါက်လိုက်တော့
ဓာတ်မီးတဝင်းဝင်းနဲ့ အမေထွက်လာတယ်။

ကျနော့်ကိုကြည့်ပြီးတော့
“ငါ့သားရေ အမျှ အမျှ အမျှ” တဲ့ … ။

သရက်သီး(ရေနံချောင်း)

ရင်ကိုထိခတ်စေသော ကဗျာတပုဒ်။ အိမ်မပြန်နိုင်သော သားသမီးတွေကို မျှော်နေမဲ့ အမေအို။ စူးနစ်စွာ နာကျင်ကွဲရှဖွယ် ငါ့သားရေ အမျှအမျှတဲ့။ အိမ်ပြန်ရောက်ပေမဲ့ ဘ၀ခြင်းခြားခဲ့ရသော သားတယောက်ရဲ့ ကြမ်းတမ်းလှတဲ့ အိမ်ပြန်ခရီး။ ကဗျာဖတ်ကြည့်ရုံနဲ့ ခေတ်ကိုထင်ဟပ်နေခဲ့သော ကဗျာ။

ကျွန်တော်တို့ အိမ်ပြန်နိုင်ပါ့မလား။ ပြန်ရောက်ခဲ့ရင်ရော နောက်မှာ မတွေးရဲစရာတွေနဲ့အတူ။ မျက်ရည်လမ်းများသည် စာကဗျာထဲမှာထက်ပင် ကြမ်းတမ်းပါလိမ့်မည်။ ပို၍ပူလောင်နိုင်လွန်းလှပါလိမ့်မည်။

ယုံကြည်ရာအတွက် သော်လည်းကောင်း နေမြဲအရပ်မှာ မလုံခြုံတော့ကြောင့်သော်လည်းကောင် အိမ်က ပြေးခဲ့ကြသော ဂျန်ဇီ လူငယ်များ ။ အသက်တွေ သွေးတွေ ခန္ဓာကိုယ်တွေ စွန့်လွှတ်ကာ အိမ်ပြန်မရောက်ကြသူတွေ။

သူတို့အိမ်ပြန်ရောက်ဖို့ အိမ်မှာကျန်ခဲ့သော သူများမှာလည်း တာ၀န်ရှိသည်။ သူတို့လုပ်ဆောင်ခဲ့သော လျှောက်ခဲ့သောလမ်းမှာ အကူညီအထောက်ပံ့ဖြစ်စေဖို့ တတ်နိုင်သမျှ ကူညီဖို့လိုပါသည်။ မကြောက်ရွံ့ဖို့လိုပါသည်။ အိမ်မှာနေရင်း ကြောက်နေရတာ မကောင်းလှဘူး ထင်ပါသည်။

သူတို့သည် အိမ်မှာကျန်ခဲ့သော ကျွန်တော်တို့အရှေ့က ရပ်ပေးနေကြသည်။ မြို့ပြမှာ ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးက ကာကွယ်ခဲ့ကြသည်။ ခုခံကာကွယ်စစ်မှာ ရှေ့တန်းကရပ်ခဲ့ကြသည်။  သူတို့အိမ်ပြန်ရောက်ဖို့ ကျွန်တော်တို့မှာ တာ၀န်ကိုယ်စီရှိကြသည်။

ကိုယ်နိုင်ရာတာ၀န် ကိုယ်စီထမ်းကြလျှင် ရှေ့ရောက်မည်ဖြစ်ပါသည်။ နိုင်ရာကိုယ်စီ မထမ်းကြတော့ အားလုံး ဒုက္ခရောက်ကြရသည်။ တောနေပြည်သူလူထုက ပိုခံရသည်။ရွာလုံးကျွတ်ပြောင်သလင်းခါသွားသည်။ ဘ၀တွေ စုတ်ပြတ်သွားသည် ။

နှိပ်စက်ကလူပြုနေသူနှင့် နောက်လိုက် စစ်တပ်နှင့် ၀န်ထမ်းများ ၊ စီဒီအမ်မှာ မပါ၀င်သာ ၀န်ထမ်းအများစုမှာ ကိုယ်ကျိုးမတန်မရာ ရှာချင်သောသူများသာ ယန္တရားမှာကျန်ခဲ့သည်။

ရနိုင်သလောက်အပေါက်က ရနိုင်သလောက် စုပ်ယူကြမည်။ ငတေမာရင်ပြီးရောဆိုသူများပင်ဖြစ်သည်။ခေတ်ပျက်မှာ တပ်နှင့်ပေါင်းကာ စီးပွားလုပ်စားသူများ တပုံတပင်။ မသိမသာအနေချောင်သလိုနေပြီး ဆက်ရှင်သန်နေမည်ဆိုပါက အိမ်မပြန်နိုင်တဲ့ လူငယ်တွေကို အားနာဖို့ကောင်းလှသည် မိဘချင်း မောင်နှမချင်း ကိုယ်ချင်းစာစိတ်ဖြင့် တတ်စွမ်းသမျှ ကူညီပါ၀င်ဖို့ လိုပါကြောင်း။

#လွှားအောင်(စစ်ကိုင်း)

error: Content is protected !!