ဖတ်ရှုခံစားခြင်း
“တက္ကသိုလ်ဘုန်းနိုင်စာအုပ်များနှင့် ကျွန်တော်”
လွှားအောင်(စစ်ကိုင်း)
ဆရာကြီးရဲ့စာအုပ်တွေကို စဖတ်ဖူးတဲ့အချိန်က တက္ကသိုလ်ဒုတိယနှစ် တက်နေတဲ့အချိန် “တစ်လွှာကြွေခဲ့ပြီမင့် တစ်ရွက်မမည်လေတော့သော အထီးကျန်ဘ၀ယ်” ဆိုတဲ့ ကဗျာစာသားလေးနဲ့အတူ ဆရာရဲ့ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင် ကို စစွဲခဲ့မိသည်။
ထို့နောက် နွေကန္တာဦး ၊မိုးညအိမ်မက်မြူ ၊၀သာန်လေချိန်မှန်ကူ၊ နှင်းငွေတစ်ထောင့်မိုးတစ်မှောင့်၊ တစ်ပြည်သူမရွှေထား၊လွမ်း ထိုစာအုပ်တွေ ဖတ်တုန်းကအတွေးတစ်ခုတွေးမိသည် ဆရာ့ဇာတ်ကောင်တွေက အချစ်ကိုဦးစားပေးလွန်းသည်။ အနစ်နာခံလွန်းသည်။ အချစ်သူရဲကောင်းကြီးများလို့ စိတ်ကိုလည်းပျော့ညံ့စေသည် ဟုထင်မိသည်။ ဘ၀ကိုသိပ်ဦးစားမပေး အချစ်ကိုဦးထိပ်တင်လွန်းသည်ဟု။
တကယ်တော့ အချစ်ကိုဦးစားပေးနေချင်သော သည်အရွယ်မှာ သည်လောက်ပဲ မြင်ခဲ့သည် ။
ဆရာ့စာအုပ်တွေက ပိုလို့အချစ်ကို ဦးစားပေးလိုစိတ်ဖြစ်စေတယ်ဆိုပြီး ဆရာစာအုပ်တွေဖတ်ဖို့ ရှောင်ခဲ့သည်။
စာအုပ်တစ်အုပ်ကိုမြင်တဲ့အမြင် အဲ့သည်စာအုပ် ဖတ်လို့ရလိုက်သော ခံစားချက်တို့သည် အသက်ရွယ် အသိညာဏ်နှင့် အချိန်ကိုလိုက်ပြီး ပြောင်းလဲစေနိုင်သည်။ ဟိုအရင်ဖတ်ချိန်က မမြင်တာ မတွေးဘူးတာတွေ လက်ရှိအချိန်ဖတ်တော့ တွေးမိသည်။
ထိုသို့တွေးမိချိန်က ဆရာရဲ့ ကမ္ဘာကုန်ကျယ်သရွေ့၀ယ်၊ စိမ်းနေအုံးမည့် ကျွန်တော့်မြေ၊ သာ၍ဝေးရာဆီကိုပါ၊မောင့်ဘ၀ ညလားကွယ် စသည့် စာအုပ်များကို ဖတ်ပြီးချိန် ဆရာ့ဇာတ်ကောင်တွေက အချစ်ကိုဦးစားပေးပေမဲ့ အချစ်ကြောင့် ဘ၀မှာမကျရှုံး။ အချစ်ကြောင့် ပိုလို့အောင်မြင်လာကြသည်။ပိုလို့စိတ်ဓာတ်တွေ ရှင်သန်ခိုင်မာလာကြသည်။အလှဆိုတဲ့အရာကို ပိုလို့ခံစားတက်လာသည်။ ရာသီဥတု၊တောတောင်ရေမြေနှင့် သဘာ၀တို့၏ အလှတရားကိုပိုမြင်လာမိသည်။
စာပေ၏သဘောတရားကို သိမြင်လာခဲ့သည်။ စာကောင်းတို့မည်သည် ဖတ်လေကောင်းလေ၊ ဘယ်တော့ပြန်ဖတ်ဖတ် မတွေးမိသော အတွေးများကို တွေးမိစေသည်။ သို့အတွက် ကျွန်တော် ထိုစာအုပ်တွေကို တစ်ခေါက်ပြန် ဖတ်ရအုံးတော့မည်။
#လွှားအောင်(စစ်ကိုင်း)