ပညာရေးဆိုတာ စာတစ်ခုတည်းတတ်အောင်သင်တာမဟုတ်ဘူး
ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေးဆောင်းပါး)
ပညာရေးဆိုတာ စာတစ်ခုတည်းတတ် အောင်သင်တာမဟုတ်ဘူး ဆိုတဲ့အဆိုကို ပညာတတ်မြောက်သူတွေ၊ စာဖတ်အားကောင်းသူတွေ သိကြပြီးသားဖြစ်ပါတယ်။
ကျောင်းသားမိဘ အများစုကတော့ ကိုယ့်သားသမီးကို စာတတ်တာ၊ မတတ်တာ၊ စာရတာ၊မရတာ တစ်ခုတည်းနဲ့ တိုင်းတာကြတာများပါတယ်။ ဒါပေမယ့် ဆရာ၊ဆရာမတွေအနေနဲ့ စာတစ်ခုတည်းရတာဟာ ပညာရေးမှာ အရေးကြီးတဲ့အရာတစ်ခုသာ တော်တတတ်သေးတာဆိုတာကို နားလည်ကြမှာပါ။
စည်းကမ်းက နံပါတ်တစ်
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုတဲ့ ဆောင်ပုဒ်ကို ကြားဖူးကြပြီးသားဖြစ်မှာပါ။ ပညာရေးမှာ စည်းကမ်းက နံပတ်တစ်ပါပဲ။ ကျောင်းသူကျောင်းသားတွေ ကျောင်းချိန်မှန်မှန်လာမှ၊ စာသင်ခန်းထဲမှာ စည်းကမ်းရှိမှသာ ပညာကိုစဥ်ဆက်မပြတ်သင်ကြားနိုင်မှာဖြစ်ပါတယ်။
ကျောင်းစည်းကမ်းကို အတိအကျလိုက်နာစေတာဟာ ကျောင်းသူကျောင်းသားတွေရဲ့ ဘဝအခြေခံအုတ်မြစ်ကို ချပေးတာလည်းဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေ ကြီးပြင်းလို့ သူတို့ဘယ်နေရာအနေအထားကိုပဲရောက်ရောက် စည်းကမ်းလိုက်နာတတ်တဲ့သူတွေ၊ အချိန်ကိုလေးစားတဲ့သူတွေဖြစ်ရင် သူတို့ဘဝအဆင်ပြေချောမွေ့နိုင်မှာပါ။
အရေးကြီးတဲ့ လူမူကျင့်ဝတ်
“မင်းကလေးတွေကို စာမတတ်ချင်နေပါကွာ ပြည်သူ့နီတိနဲ့ စာရိတ္တကိုတော့ မဖြစ်မနေသင်ဟ” လို့ စာရေးသူက အစ်ကိုလိုသဘောထားသူတစ်ဦးက ဆိုပါတယ်။ သူဟာ ကျောင်းသားပေါင်းရှစ်ရာလောက်ရှိတဲ့ ကျောင်းကို အောင်အောင်မြင်မြင် ဦးစီးဦးဆောင်လုပ်နေသူဖြစ်တဲ့အတွက် သူ့စကားကို အလေးထားရပါတယ်။
တကယ်တော့ လူ့လောကမှာ လူမှုကျင့်ဝတ်နဲ့ စာရိတ္တက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ လူမှုကျင့်ဝတ်ဆိုတာ သိတတ်စအရွယ်ကနေ သေတဲ့အထိ နေ့စဥ်ကျင့်ကြံနေရတဲ့ အရာဖြစ်လေတော့ ငယ်စဥ်ဘဝမှာကတည်းက လူမှုကျင့်ဝတ်ကောင်းတွေကို စွဲမြဲသွားဖို့ဟာ သိပ်အရေးကြီးပါတယ်။
အဲ့ဒီလူမှုအကျင့်ကောင်းတွေ စွဲမြဲကျင့်ကြံရှိမရှိကပဲ လူတစ်ယောက်ရဲ့တန်ဖိုးကို (အများအားဖြင့်) အဆုံးဖြတ်ပေးသွားကြတာဖြစ်ပါတယ်။ လူမှုကျင့်ဝတ်နဲ့ စာရိတ္တ ကောင်းမွန်တာဟာ ဘဝကို တည်ငြိမ်လုံခြုံစေပါတယ်။
စာကိုတောင်တတ်အောင်မသင်ပေးနိုင်တဲ့အခြေအနေ
ပွင့်ပွင့်လင်းလင်းပြောရရင် လွတ်မြောက်နယ်မြေက ကျောင်းတချို့ဟာ စာတစ်ခုတည်းတောင်တတ်အောင်သင်နိုင်တဲ့ အခြေအနေမရှိသေးပါဘူး။
ဆရာနဲ့ကျောင်းသူကျောင်းသား အင်အားမမျှတတာ၊ ဆရာ၊ဆရာမတွေကို ထိုက်သင့်တဲ့လစာမပေးနိုင်တာ၊ စာသင်ခန်းကောင်းကောင်းမရှိတာတွေဟာ အဓိကပြသနာဖြစ်နေပါတယ်။
ဒီလိုအခက်အခဲတွေကြားမှာ စီမံခန့်ခွဲမှု မတတ်ရင် ကျောင်းဆရာ၊ဆရာမနဲ့ ကျောင်သားမိဘ၊ ရပ်ရွာအဖွဲ့အစည်းတွေကြား ပြသနာတွေတောင် တက်လာနိုင်ပါသေးတယ်။
လက်ရှိအချိန်မှာ ကျနော်တို့ဟာ ကလေးတွေကို စာတစ်ခုတည်းတတ်အောင်သင်ဖို့တောင် ခက်ခဲနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ စာတတ်ဖို့အရေးကြီးတာမှန်ပေမယ့် ပညာရေးရဲ့ သဘောက စာတစ်ခုတည်းတတ်အောင်သင်တာမျိုးမဟုတ်ဘူး။ စာတတ်ဖို့ထက် ပိုအခြေခံကျတဲ့ အရာတွေရှိတယ်။ အဲ့ဒါတွေကို ကျောင်းသူ၊ကျောင်းသားတွေနဲ့ မိဘတွေကို နားလည်သဘောက်ပေါက်အောင် လုပ်ဆောင်နိုင်လာရင် စာဆိုတာ ကျောင်းသူကျောင်းသားတွေအနေနဲ့ သူ့အလိုလိုကြိုးစားတတ်မြောက်နိုင်လိမ့်မယ်လို့ ဆိုပါရစေ…။
(သောကြာနေ့တိုင်း ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးကို တင်ပြပေးမှာဖြစ်ပါတယ်)