Home > Uncategorized > ဖတ်ရှုခံစားခြင်း

ဖတ်ရှုခံစားခြင်း

ဖတ်ရှုခံစားခြင်း

ရေကြီးချိန်နဲ့ ဆက်စပ်မိသောအတွေးစ

မအိ(ရေကြည်)

တခါတလေ စာဖတ်ရတာ အထူးသဖြင့်ဝတ္ထုတွေဖတ်တဲ့အခါမှာ ကိုယ်ရောက်ဖူးတဲ့ဒေသအကြောင်းရေးထားတာမျိုးဆို ပိုဖတ်လို့ကောင်းသလို ခံစားရတယ်။ဝတ္ထုထဲကနေရာတွေကို ပုံဖော်ပြီး ဒါကဘယ်နေရာ ဒါကတော့ ဘယ်အိမ်နားက ဒါကတော့ ဘယ်လမ်း စသဖြင့် နေရာတွေကိုစိတ်ထဲပေါ်လာပြီး ဖတ်ရတာသိပ်အရသာရှိတယ်။

နောက်တခုက ထပ်တူကျနေသလိုမျိုး ခံစားရတာ။စာထဲပါတဲ့နေရာတွေ ဖြစ်နေတာတွေက ကိုယ်သိဖူး မြင်ဖူး ရောက်ဖူးတာတွေနဲ့ ထပ်တူကျနေသလို ဒါမှမဟုတ် ကိုယ့်ဒေသရဲ့ အဖြစ်အပျက်‌တွေနဲ့ ပုံဖော်ကြည့်လို့ရနေတာမျိုး။အဲဒါမျိုးတွေက စာကိုပိုဖတ်ချင် ပိုသိချင်အောင် စိတ်အားထက်သန်လာပြီး စာတွေဆက်ဖတ်ဖို့အတွက် တွန်းအားတွေ ဖြစ်လာတယ်။

အခုဖတ်လိုက်တဲ့ ဝတ္ထုတိုလေးက “ရေကြီးချိန်” ဆိုတဲ့ ထိုင်းဝတ္ထုတိုကလေး။ဆရာမကြီး လူထုဒေါ်အမာက ဘာသာပြန်ထားတာ။စ‌ကားပြောနဲ့ ဘာသာပြန်ရေးထားတာမို့ ဖတ်ရတာ သွက်တယ်။စကား‌ပြောဖတ်ရတာက စကား‌ပြေလို ဘာပြောတာပါလိမ့်လို့ ဆက်တွေးစရာမလိုဘဲ ပြောချင်တာကို ချက်ချင်း ကွက်ကွက်ကွင်းကွင်း သိရတယ်။ဒါက စကားပြောနဲ့ရေးတာကို ဖတ်ရတာကြိုက်တဲ့အချက်။

မြစ်ရေကြီးချိန် ရေပြင်ကျယ်ကြီးကို လှေသေးသေးလေးနဲ့ ကောင်လေးတယောက် ဟိုဘက်ကမ်းကို ကူးတယ်။ရေစီးသန်တဲ့မြစ်‌တနေရာရောက်တော့ မျောလာတဲ့ဝါးခြုံနဲ့တိုးပြီး လှေက ဝါးခြုံမှာငြိပြီး ပါသွားတယ်။ ကောင်လေးက ဝါးခြုံကို တက်နဲ့ထိုးထုတ်ပြီး ‌ဝါးခြုံအောက်ကလှေကို ပြန်ဆွဲကာ ဟိုဘက်ကမ်းရောက်အောင်ဆက်လှော်သွားတယ်။ ဒါကို တဖက်ကမ်းကနေ မြင်တဲ့ စာရေးသူလင်မယားနဲ့ လှေ‌လှော်တဲ့ အဖိုးကြီးနိုင်ချွန်းက သူတို့အမြင်တွေပြောရင်း ဒီမြစ်ကြီးနဲ့ပတ်သက်ပြီး တခါက အဖြစ်အပျက်တခုရှိခဲ့တာကို စကားဆက်ကြတယ်။

တခါက ဒီမြစ်ကြီးထဲမှာ အသက် ၁၆နှစ်အရွယ်ရှိတဲ့ အပျိုမလေးတယောက် လကွယ်ည အမှောင်ထဲမှာ မြစ်ကိုဖြတ်ကူးရင်း ရေနစ်သေခဲ့ဖူးတယ်။အကြောင်းက ကောင်မလေးက သူ့ထက်အသက် ၂၄နှစ်ကြီးတဲ့ ရဟန်းတပါးကို နှစ်သက်ပြီး ဒီရဟန်းကို မတွေ့ရမနေနိုင်တာကစတယ်။ကောင်မလေး‌က နေ့တိုင်းရဟန်းရှိတဲ့ကျောင်းကိုသွားတယ်။ဆွမ်းပို့တယ်။သူချစ်ခင်နှစ်သက်ကြောင်းတွေပြတယ်။ဒါကိုမြင်တဲ့ပတ်ဝန်းကျင်က အမျိုးမျိုးသောစကားတွေပြောတယ်။ဒါကြောင့် ရဟန်းကကောင်မလေးကို ဒီ ကျောင်းတော်ကို မလာဖို့တားတယ်။ပြောရရင် ရဟန်းက ကောင်မလေးကို နှမကလေးလို သမီးကလေးလိုပဲ စိတ်ထဲရှိတာ။ပြီးတော့ သူပြောတဲ့ပုံအရဆို ရဟန်းကလဲ ကောင်မလေးသဘောကျရလောက်အောင် ရုပ်ရည်က ချောမောတဲ့အထဲမပါဘူး။ မချောမောရုံမက ရုပ်ဆိုးတယ်လို့ပြောထားတယ်။ကောင်မလေးက ဆရာတော်ဟောတဲ့တရားသံကိုကြားပြီး စွဲလမ်းစိတ်ဖြစ်တာလို့ဆိုတယ်။ဆရာတော်ပြောတော့ ကောင်မလေးက ဆရာတော်ကိုမှ မတွေ့ရရင် ဆရာတော်မရှိတဲ့ဘဝမှာ သူမနေဘူးတဲ့။ဒါကြောင့် ဆရာတော် လူဝတ်လဲပြီး သူနဲ့ယူပါလို့ပြောတယ်။

အဲဒိနောက် ကောင်မလေးက ဆရာတော်နဲ့ လာမတွေ့ဘဲ ရက်အနည်းငယ် နေလိုက်တယ်။နောက်တော့ ကျောင်းကို ကောင်မလေး ထပ်လာချိန်မှာ  ကောင်မလေးက အရင်ကနဲ့မတူဘဲ ပိန်လှီ အရိုးပေါ်အရည်တင်နေတယ်။ဒါကိုမြင်တော့ ဆရာတော်က နေမကောင်းတဲ့နှမကလေးတယောက်လို သနားပြီး နှစ်သိမ့်ပေးတယ်။ဒါပေမယ့် ကျောင်းကို မလာဖို့ပဲထပ်ပြောတယ်။ကောင်မလေးကလဲ မရပါဘူး။ ဆရာတော်မရှိရင် အသက်မရှင်ဘူးလို့ပဲပြန်ပြောတယ်။ဒီမှာ ဆရာတော်က ကောင်မလေးကို လကွယ်နေ့ညမှာ ဒီကျောင်းကို လာခဲ့ပါ။အဲဒိအခါ သူဘာလုပ်မလဲ ဆုံးဖြတ်မယ်။အကယ်၍ သူကောင်မလေးကို ယူမယ်ဆိုရင် ကောင်မလေးနဲ့ တခါတည်းလိုက်ခဲ့မယ်။မယူဘူးဆိုလဲ အဲဒါနောက်ဆုံးအကြိမ်တွေ့တာပဲပေါ့။ဆရာတော်ကတော့ မလာလောက်ဘူးထင်ပြီး ပြောလိုက်တာ။လက်တွေ့မှာ အချစ်ရူး ရူးနေတဲ့ကောင်မလေးက လကွယ်ညမှာ လှေနဲ့ မြစ်ကိုဖြတ်ပြီး ဟိုဘက်ကမ်းကကျောင်းကိုသွားခဲ့တယ်။ ကျောင်းမရောက်ဖြစ်လိုက်ဘဲ ရေစီးသန်တဲ့ ဒီမြစ်ပြင်ကျယ်ကြီးထဲမှာ ကောင်မလေး အသက်ဆုံးရှုံးသွားတယ်။

ဒါကိုဖတ်နေရင်း တခါက ကျမတို့ဟိုဘက်ရွာက အဖြစ်အပျက်တခုကို သွားမြင်ယောင်တယ်။ကျမတို့ဧရာဝတီတိုင်းမှာက များသောအားဖြင့် တနှစ်ကို နှစ်သီးစား လယ်လုပ်ကြတယ်။ပထမတသီးကတော့ စပါး။နောက်တသီးကတော့ ကိုယ်အဆင်ပြေရာ စိုက်ကြတယ်။တချို့က နွေစပါး၊တချို့က မတ်ပဲ၊ပဲတီစိမ်း၊ပြောင်း၊ဖရဲ၊မေမြို့ပန်း၊ဂန္ဓမာ၊ပဲငပိ စသဖြင့် ကိုယ်စိုက်ချင်တာ ကိုယ်အဆင်ပြေမယ်ထင်တာကို စိုက်ကြတယ်။မြစ်တဖက်ကမ်းက ကိုင်းမှာတော့ ပဲစိုက်ကြတာများတယ်။ကျမတို့ဘက်မှာ စပါးစိုက်တဲ့နေရာကို လယ်လို့ခေါ်ပြီး ရေကျချိန်မှ ပဲစိုက်တဲ့နေရာကို ကိုင်းလို့ခေါ်ကြတယ်။

အဲဒိနှစ်က ကျမတို့ ဦးလေးတွေအိမ်က မတ်ပဲစိုက်တယ်။ထုံးစံအတိုင်း မတ်ပဲရိတ်ချိန်က ဆောင်းတွင်းဘက်။ကျမတို့ရွာဘက်မှာ ပဲရိတ်ချိန်ဆို အလုပ်သမားမလောက်ငှတဲ့ပြဿနာရှိတယ်။အဲဒါကြောင့် နှစ်တိုင်း ရွာနဲ့ဝေးတဲ့ တခြားရွာက ပဲရိတ်သားတွေကို ခေါ်ကြရတယ်။တချို့ကနေ့စား၊တချို့က ပုတ်ပြတ်နဲ့။ တဧက ဘယ်လောက်ဆိုတာမျိုးနဲ့ ကျင်းကျလဲ ခေါ်ကြတယ်။နှစ်တိုင်း တခြားရွာကနေ ခေါ်ထားတဲ့ ပဲရိတ်သားတွေ လာကြတယ်ပေါ့။

ပြီးတော့ ကျမတို့ဘက်မှာ အယူတခုရှိတယ်။မြစ်လယ်မှာသောင်ပေါ်ရင် လူစားတယ်‌ပေါ့။လူစားတယ်ဆိုတာ အဲဒိ‌နေရာက ရေထဲမှာ လူသေတာပါ။ဒီသောင်ပေါ်တဲ့နေရာမှာကို အကြောင်းအမျိုးမျိုးနဲ့ ရေနစ်သေကြတာမျိုးပါ။

အဲဒိ‌နေ့က မနက်ခင်းမှာ နှင်းတွေတအားကျတယ်။ဟိုဘက်ကမ်းဒီဘက်ကမ်း မမြင်ရအောင် ဖြူဖွေးနေတဲ့နှင်းတွေနဲ့ ပြည့်နေတာပါ။ မနက် ၅နာရီကျော်လောက်မှာ ကျမတို့ဦးလေးတွေ ပဲရိတ်ဖို့ခေါ်ထားတဲ့ မိသားစု ရောက်လာပါတယ်။မိသားစုမှာ အဖေအမေနဲ့ သမီးလေးသုံးယောက်ပါ။အဖေနဲ့အမေက ‌လေးဆယ်ကျော် ငါးဆယ်မပြည့်တတ်သေး။သမီးသုံးယောက်မှာ တယောက်က ၁၆နှစ်ကျော်လောက် ကျန်ကလေးတွေက ဆယ်နှစ်ကျော် လေးတွေပါ။ပဲရိတ်သူတို့ထုံးစံအတိုင်း အမျိုးသမီးလေးယောက်က သနပ်ခါးတွေ ပိတ်ကြပ်နေအောင်လိမ်းထားတာ မျက်လုံးပေါက်ကလေးပဲ မြင်ရတယ်။နှင်းတွေကကျ အေးကလဲအေးနဲ့ဆိုတော့ အင်္ကျီထူလက်ရှည်နဲ့ ခေါင်းမှာလဲ ပုဆိုးကို သုံးထောင့်ချိုးအုပ်ပေါင်းနဲ့ပေါ့။

ကျမတို့က မြစ်ကမ်းနံဘေးမှာ နေကြတာဆိုတော့ ဆောင်းမနက်ခင်းဆို နှင်းတွေက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းမမြင်ရအောင် ပိတ်ပြီးကျတယ်။မနက် ၈နာရီကျော်လောက်မှ နှင်းကွဲတယ်။နှင်းကွဲတဲ့အထိစောင့်ပြီးမှ ကမ်းကူးရရင် အလုပ်လုပ်ချိန်မရှိတော့ဘူးဆိုတော့ မနက်ဝေလီဝေလင်းလဲ လှေနဲ့မြစ်ကိုဖြတ်ကူးကြရတယ်။

မနက် ၅နာရီခွဲလောက်မှာ လှေနဲ့ ဟိုဘက်ကမ်းကို ဖြတ်ကူးကြတယ်။သူတို့က နှစ်တိုင်းပဲရိတ်လာနေကျဆိုတော့ လှေလှော်တတ်နေပြီ။အဲဒါကြောင့် သူတို့ဘာသာ လှေလှော်သွားကြတယ်။မိသားစုငါးယောက်၊ ချက်ဖို့ပြုတ်ဖို့ အိုးခွက်တွေ ၊ အဝတ်အစားတွေနဲ့ ပဲရိတ်ဖို့ တံစဉ်တွေပါတယ်။လှေကလဲ ရေပေါ်အပေါ်ကြီးပါပဲ။ ဒါပေမယ့် ဟိုဘက်ကမ်းမ‌ရောက်ခင်မှာ လှေမှောက်ပြီး မိသားစုငါးယောက်စလုံး ပျောက်သွားပါတယ်။

တိုတိုပြောရရင် အဲဒီမိသားစု ငါးယောက်စလုံး ရေလယ်က ပေါ်နေတဲ့‌သောင်အနားမှာ သေလျက်နဲ့ ပြန်တွေ့ရပါတယ်။

ကျမတို့တွေဟာ ကိုယ်ဘာနဲ့သေမယ် ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘာအကြောင်းတရားနဲ့ ဆိုတာတွေကို မသိကြရတော့ ဖြိုးကနဲ ဖျတ်ခနဲလဲ သေသွားနိုင်တယ်။သွားရမယ့်နေရာ မရောက်ခင်လဲ သေသွားနိုင်တယ်။အသက်ဉာဏ်စောင့်တယ်ဆိုပေမယ့် ဉာဏ်မကူနိုင်အောင် အမှောင်ဖုံးနေရင်လဲ သေတတ်တာပါပဲ။အရာရာဟာ ပြုခဲ့ဖူးသမျှအတိုင်းပဲ ဖြစ်ပျက်ကြရတာဆိုတော့လေ။

error: Content is protected !!